အောင်ဝင်းခိုင်၊ ဇေယျာဖြိုးနှင့် မိုင်းဖြတ်ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးလင်းဇော်ထွန်းတို့ ဟောင်ကောင်တွင် ဆုံတွေ့မှုနှင့် ပတ်သက်၍ ကွာဟနေသည့် ထွက်ဆိုချက်အချို့ကို ဦးကိုနီ၏ရှေ့နေ ဇေယျာဖြိုးအား မေးမြန်း

အောင်ဝင်းခိုင်၊ ဇေယျာဖြိုးနှင့် မိုင်းဖြတ်ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးလင်းဇော်ထွန်းတို့ ဟောင်ကောင်တွင် ဆုံတွေ့မှုနှင့် ပတ်သက်၍ ကွာဟနေသည့် ထွက်ဆိုချက်အချို့ကို ဦးကိုနီ၏ရှေ့နေ ဇေယျာဖြိုးအား မေးမြန်း
Published 24 August 2018

ဦးကိုနီအမှုမှ စွပ်စွဲခံရသူများကို သြဂုတ် ၂၃ ရက်က ရုံးထုတ်လာစဉ် (ဓာတ်ပုံ- နေမျိုးဝင်း)

အောင်ဝင်းခိုင်၊ ဇေယျာဖြိုးနှင့် မိုင်းဖြတ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးလင်းဇော်ထွန်းတို့ ဟောင်ကောင်တွင် ဆုံတွေ့ခဲ့သည့် ကိစ္စနှင့် ပတ်သက်၍ ကွာဟနေသည့် ထွက်ဆိုချက်အချို့ကို ဦးကိုနီ၏ ရှေ့နေက ဇေယျာဖြိုးအား မေးမြန်းခဲ့သည်။

သြဂုတ် ၂၃ ရက်တွင် ဇေယျာဖြိုးကို စတုတ္ထအကြိမ်မြောက်အဖြစ် ရန်ကုန်မြောက်ပိုင်းခရိုင် တရားရုံးတွင် ရုံးထုတ်စစ်ဆေးစဉ် ထိုသို့မေးမြန်း ခဲ့ခြင်းဖြစ်သည်။

မိုင်းဖြတ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးလင်းဇော်ထွန်းက ၎င်းဟောင်ကောင် သို့သွားသည်မှာ ၂၀၁၆ ခုနှစ် သြဂုတ်လအတွင်းက ဖြစ်ကြောင်း ထွက်ဆိုထားပြီး ဇေယျာဖြိုးက ၎င်းဟောင်ကောင်သို့ သွားသည့်ကာလ မှာ ၂၀၁၆ ခုနှစ် ဇူလိုင်လ အတွင်းက သွားခဲ့ခြင်းဖြစ်ကြောင်း၊ ယင်းလအတွင်းပင် ပြန်လာခဲ့ကြောင်း ထွက်ဆိုထားသဖြင့် အဆိုပါ ထွက်ဆိုချက်များအရ ဇေယျာဖြိုး အနေဖြင့် ဟောင်ကောင်တွင် တစ်လနီးပါး နေထိုင်ခဲ့သလားဟု မေးမြန်းရာ ဇေယျာဖြိုးက ရုံးတော်တွင် သက်သေခံအဖြစ် တင်ပြထားသော နိုင်ငံကူး လက်မှတ်အရ မဟုတ်ပါဟု ပြန်လည်ဖြေကြားခဲ့သည်။

ဦးကိုနီ လုပ်ကြံခံရပြီးနောက်တွင် ဟောင်ကောင်လေဆိပ်၌ အောင်ဝင်းခိုင်၊ ဇေယျာဖြိုး၊ မိုင်းဖြတ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးလင်းဇော်ထွန်းတို့ အတူပါဝင်သော ဓာတ်ပုံမှာ လူမှုကွန်ယက် Facebook စာမျက်နှာတွင် ပျံ့နှံ့ခဲ့သည်။

“သူတို့က ဇူလိုင်လမှာ ထွက်သွားတယ်။ သူ့ဆီက သိမ်းထားတဲ့ ပတ်စ်ပို့က နှစ်အုပ် သုံးအုပ် သိမ်းထားတယ်။ မလုံလောက်ပါဘူး။ ဦးလင်းဇော်ထွန်း ထွက်ဆိုစဉ်က သူတို့ ဘာလို့ မချေပခဲ့လဲ၊ မချေခဲ့ဘဲနဲ့ ခုမှ ဟိုအကြောင်းပြ ဒီအကြောင်းပြပြီးတော့ ပြောနေတာ။ ဟောင်ကောင်မှာ တွေ့ဆုံခဲ့တယ်။ ဒါတွေက အထောက်အထားတွေက ခိုင်ခိုင်မာမာ ရှိနေခဲ့ပြီပဲ။ ဦးလင်းဇော်ထွန်း ထွက်ဆိုစဉ်က သူတို့က ဒါကိုမပြောထားဘူးဗျ” ဟု တရားလိုဘက်မှ ရှေ့နေတစ်ဦးဖြစ်သူ ဦးရောဘတ်စန်းအောင်က မီဒီယာများအား ပြောကြားသည်။

ဇေယျာဖြိုးကမူ ၎င်းတို့ ဟောင်ကောင်တွင် တွေ့ဆုံခဲ့ခြင်းမှာ ချိန်းဆိုထားခြင်း မဟုတ်ကြောင်း၊ လေဆိပ်ရောက်မှ တွေ့ခဲ့ကြခြင်းဖြစ်ကြောင်း၊ ၎င်းမှာ ၎င်း၏မိတ်ဆွေ ဖခင်နာရေးကို သွားခဲ့ခြင်းဖြစ်ကြောင်း ပြောကြားသည်။

ယင်းအပြင် ဦးကိုနီအား လုပ်ကြံသတ်ဖြတ်သည့်နေ့ မတိုင်မီ ၂၀၁၇ ခုနှစ် ဇန်နဝါရီ ၂၈ (မလုပ်ကြံမီ တစ်ရက်အလို) ညပိုင်းတွင် ဇေယျာဖြိုး၏ဖုန်းမှ အောင်ဝင်းခိုင်၏ ဖုန်းသို့ခေါ်ဆောင်ထားသည့် ခေါ်ဆိုမှုမှတ်တမ်း အပါအဝင် အခြားရက်များကပါ ဖုန်းခေါ်ဆိုမှု မှတ်တမ်းများအား ပြသ၍ ဦးနေလက ဇေယျာဖြိုးအား မေးမြန်းခဲ့သည်။

“ဒီနေ့အခြေအနေကတော့ ဇေယျာဖြိုးနဲ့ တရားခံပြေး အောင်ဝင်းခိုင်တို့က စဉ်ဆက်မပျက် တယ်လီဖုန်း ဆက်သွယ် ပြောကြားမှုတွေဟာ ဆက်တိုက်ပေါ်ပေါက်ပါတယ်။ ဒီဖုန်းမှတ်တမ်းတွေက စီအိုင်ဒီက ဥပဒေနဲ့အညီ တောင်းပြီးတော့ ယူထားတာပါ။ ဥပဒေမဲ့ မဟုတ်ပါဘူး။ အဲဒီလို မဟုတ်ပါဘူးဆိုရင် သူတို့ဘက်ကလည်း သက်ဆိုင်ရာမှာ တောင်းသွားပြီးတော့ ချေဖျက်လို့ရတယ်။ သူတို့မချေဖျက် နိုင်ခဲ့ပါဘူး” ဟု တရားလိုဘက်မှ ရှေ့နေတစ်ဦးဖြစ်သူ ဦးရောဘတ်စန်းအောင်က ပြောကြားသည်။

ဇေယျာဖြိုးကမူ အဆိုပါ ဖုန်းခေါ်ဆိုမှု မှတ်တမ်းများသည် တရားဝင် ရယူထားသည့် မှတ်တမ်းများမဟုတ်ဘဲ အတုများ ဖြစ်ကြောင်း မီဒီယာများအား ပြောကြားသည်။

ထို့ပြင် ဦးကိုနီ၏ရှေ့နေ ဦးနေလ၏ ပြန်လှန်မေးမြန်းမှုများကို ဇေယျာဖြိုးက ပြန်လည်ဖြေကြားရာတွင် ဇေယျာဖြိုးက ၎င်းသည် မုံရွာမြို့ရှိ အနောက်တောင်တိုင်း စစ်ဌာနချုပ်တွင် စစ်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့အား ဖွဲ့စည်းခြင်း၊ သင်တန်းပေးခြင်းများကို ၂၀၀၄ ခုနှစ် ဒီဇင်ဘာလကုန်မှ လလယ်အထိ ဆောင်ရွက်စဉ် မအားလပ်သည့်အတွက် အောင်ဝင်းခိုင်နှင့် တစ်ခါတစ်ရံမှသာ တွေ့ဆုံခြင်းဖြစ်ကြောင်း၊ အောင်ဝင်းခိုင်မှာ ၎င်းလေးစား ကြောက်ရွံ့ရသော စီနီယာဖြစ်ကြောင်း၊ ၎င်းမှာ ၂၀၀၄ ခုနှစ်တွင် တပ်မှထွက်ခဲ့ပြီး အောင်ဝင်းခိုင်မှာ ၂၀၁၅ ခုနှစ် ပတ်ဝန်းကျင်တွင် တပ်မှထွက်ခဲ့ခြင်း ဖြစ်ကြောင်း၊ အောင်ဝင်းခိုင် တပ်မှထွက်ပြီးနောက် ၂၀၁၅ ခုနှစ်ခန့်တွင် အခြားတစ်ဦးနှင့်အတူ ၎င်းထံသို့ လာရောက်၍ စီးပွားရေး လုပ်ကိုင်ရန် အကြံဉာဏ် လာတောင်းသည့်အတွက် တွေ့ဆုံခဲ့ကြောင်း၊ အောင်ဝင်းဇော်ကိုမူ တွေ့ဆုံခဲ့ဖူးခြင်း မရှိဘဲ ယခုအမှုနှင့်အတူ တရားရုံးရောက်မှ သိရှိခဲ့ခြင်းဖြစ်ကြောင်း၊ နေပြည်တော်သို့ ၂၀၁၆ ခုနှစ် နှစ်ဆန်းပိုင်းက အောင်ဝင်းခိုင်နှင့်အတူ စီးပွားရေး ကိစ္စအတွက် တစ်ကြိမ် အတူသွားခဲ့ဖူးကြောင်း၊ ၎င်းလုပ်ကိုင်နေသည့် လုပ်ငန်းများကို အောင်ဝင်းခိုင် လေ့လာနိုင်ရန်အတွက် ခေါ်ဆောင်သွားခဲ့ခြင်း ဖြစ်ကြောင်း၊ နေပြည်တော်သို့ သွားရာတွင် ရွှေကြာပင်ရပ်ကွက်ရှိ နေအိမ်သို့ သွားခဲ့ခြင်း ရှိ၊ မရှိကိုမူ မမှတ်မိတော့ကြောင်း (ယင်းနေအိမ်မှာ ဇေယျာဖြိုး၏ ကုမ္ပဏီဖြစ်ပြီး အောင်ဝင်းခိုင် ထွက်ပြေးစဉ်ကလည်း ဖုန်းနှင့်အတူ ယင်းနေအိမ်မှ စာရွက်စာတမ်းများကို ခြံဝင်းအတွင်း၌ပင် မီးရှို့ခဲ့ကြောင်း တရားလိုဘက်မှ စွပ်စွဲထားသည်)၊ ၎င်းမှာများသောအားဖြင့် ဟိုတယ်တွင် တည်းလေ့ရှိကြောင်း၊ အောင်ဝင်းခိုင်နှင့်အတူ စီးပွားရေး လုပ်ကိုင်ခဲ့ဖူးခြင်း မရှိကြောင်း၊ အောင်ဝင်းခိုင်က သိချင်သည့် ကိစ္စများနှင့် ပတ်သက်၍ ဖုန်းဆက်ကြောင်း၊ ၎င်းကလည်း သိချင်သော လူမှုရေးကိစ္စရပ်များရှိလျှင် အောင်ဝင်းခိုင်ထံသို့ ဖုန်းဆက်ကြောင်း၊ ၎င်းမှာ ၂၀၁၀ ၊၂၀၁၁ ခုနှစ်ခန့်မှစ၍ ခေါင်းမူးသည့် ရောဂါရှိကြောင်း၊ ၂၀၁၆ ခုနှစ် ၉ လပိုင်းတွင် ဆိုးဝါးလာသဖြင့် ရုံးမတက်နိုင်၍ အိမ်တွင် အနားယူနေရကြောင်း၊ ယင်းနောက်ပိုင်း အောင်ဝင်းခိုင်နှင့် လူချင်းတွေ့ဆုံခြင်း မရှိတော့ကြောင်း ထွက်ဆိုသည်။

ယင်းကြောင့် တရားလိုရှေ့နေ ဦးနေလက ဇေယျာဖြိုးအား “ဒါဆို ၂၀၁၆ ခုနှစ် ၉ လ ပိုင်းမှစ၍ အောင်ဝင်းခိုင်နဲ့ တွေ့ဆုံခြင်း မရှိပါလို့ ထွက်ဆိုတာလား” ဟု တရားခွင်တွင် မေးမြန်းခဲ့သည်။

အဆိုပါ မေးခွန်းနှင့် ပတ်သက်ပြီး အောင်ဝင်းခိုင်မှာ ကျန်းမာရေးကိစ္စ မေးမြန်းရန် ၉ လပိုင်း၊ ၁၀ လပိုင်းခန့်တွင် တစ်ကြိမ်၊ နှစ်ကြိမ်ခန့် လာရောက်ပြီးနောက်ပိုင်း မလာတော့ကြောင်း ထွက်ဆိုခဲ့သည်။

 

Most Read

Most Recent