ပခုက္ကူဆေးရုံကြီးအတွင်း ရုံးခန်းဖွင့်လှစ်၍ သွေးနှင့်အောက်ဆီဂျင် ကူညီပေးနေသည့် အသင်းများအား အမြန်ဆုံးဖယ်ရှားရန် သက်ဆိုင်ရာက စာပေးပို့လာ၍ အသင်းအချို့ ရပ်နားရမည့် အခြေအနေ ကြုံတွေ့

ပခုက္ကူဆေးရုံကြီးအတွင်း ရုံးခန်းဖွင့်လှစ်၍ သွေးနှင့်အောက်ဆီဂျင် ကူညီပေးနေသည့် အသင်းများအား အမြန်ဆုံးဖယ်ရှားရန် သက်ဆိုင်ရာက စာပေးပို့လာ၍ အသင်းအချို့ ရပ်နားရမည့် အခြေအနေ ကြုံတွေ့
Published 24 August 2018

အာယုသုခ အောက်ဆီဂျင်အသင်းသို့ လူနာမိသားစုဝင်တစ်ဦး အောက်ဆီဂျင်အိုး လာရောက် ငှားရမ်းနေစဉ်

ပခုက္ကူဆေးရုံကြီးအတွင်း ရုံးခန်းဖွင့်လှစ်၍ သွေးနှင့် အောက်ဆီဂျင် ကူညီပေးနေသည့် အသင်းများအား အမြန်ဆုံးဖယ်ရှားရန် သက်ဆိုင်ရာမှ သြဂုတ် ၂၁ ရက်တွင် စာပေးပို့လာသည့်အတွက် အသင်းအချို့ ရပ်နားရမည့် အခြေအနေ ကြုံတွေ့နေကြောင်း အသင်းတာဝန်ရှိသူများထံမှ သိရသည်။

ဆေးရုံဝင်းအတွင်း မြေဧရိယာများ၌ လူမှုရေး အသင်းအဖွဲ့များမှ ရုံးခန်းဖွင့်လှစ်၍ ဆောင်ရွက်လျက် ရှိသည့်အတွက် ကျန်းမာရေးဌာနပိုင် ဧရိယာအတွင်း မလိုလားအပ်သော ပြဿနာများ လျှော့ချနိုင်ရန် အသင်းအဖွဲ့များမှ ဖွင့်လှစ်ထားသည့် လုပ်ငန်းများကို အမြန်ဆုံးဖယ်ရှာပေးပါရန် ပခုက္ကူဆေးရုံအတွင်း ဆေးရုံအုပ်ကြီး လက်မှတ်ရေးထိုး၍ သွေးနှင့် အောက်ဆီဂျင် ကူညီပေးနေသည့် အသင်းများထံ အကြောင်းကြားစာ ပေးပို့ခဲ့ခြင်းဖြစ်သည်။

ဆေးရုံဝင်းအတွင်းမှ အသင်းဖယ်ရှားပေးရန် စာပေးပို့ခံရသည့် အသင်းများမှ ရပ်ဝေးမှ လာရောက်ဆေးကုသမှု ခံယူနေသည့် လူနာများသွေးနှင့် အောက်ဆီဂျင် လိုအပ်ချက် မဖြစ်ပေါ်စေရေးအတွက် လုပ်ငန်းဆက်လက် လုပ်ကိုင်နိုင်ရေး မေတ္တာရပ်ခံစာ ပေးပို့မည်ဖြစ်ကြောင်း သိရသည်။

“ဦးဇင်းတို့ကတော့ ဒီမှာဆက်ပြီး လုပ်နိုင်ဖို့ မေတ္တာရပ်ခံစာပို့မယ်။ ဒါမှ ဖယ်ပေးရမယ်ဆိုလည်း ဖယ်ပေးလိုက်မယ်။ အောက်ဆီဂျင် အကူအညီ ပေးတာတော့ မရပ်ဘူး။ ခြောက်ဘီးကားထိုးပြီး ကူညီမယ်။ သို့ပေမဲ့ ရာသီဥတုဒဏ်ကြောင့် ဆက်မလုပ်နိုင်တော့ဘူးဆိုမှ ရပ်မယ်။ ဆောင်းတွင်းဆိုလည်း ဒီကအရမ်းအေးတယ်။ ညနက်ထိ ကားဘေးထိုင်နေနိုင်မလား။ နွေလည်းတအားပူတယ်။ ကားပေါ်လည်း ထိုင်မနေနိုင်ဘူး။ တတ်နိုင်သမျှ ဆက်လုပ်မယ်။ မနိုင်တော့ဘူးဆိုမှ ရပ်မယ်” ဟု အောက်ဆီဂျင် ကူညီပေးနေသည့် အာယုသုခ လူမှုရေးအသင်းမှ ဦးပညာဇောတက မိန့်ကြားသည်။

မေတ္တာမီးအိမ် အောက်ဆီဂျင် ကူညီရေးအသင်းမှာ ဆေးရုံအတွင်းမှ ဖယ်ရှားရမည် ဖြစ်သည့်အတွက် ၎င်းတို့ ငှားရမ်းထားသည့် အောက်ဆီဂျင်ဘူးများအား ပြန်လည်စုဆောင်းမှု ပြုလုပ်နေပြီး အောက်ဆီဂျင် ကူညီပေးမှုအား ယာယီရပ်နားလိုက်ကြောင်း သိရသည်။

လက်ရှိတွင် ပခုက္ကူမြို့ တမာမြေသွေး အလှူရှင်အသင်းမှာ သွေးရှာဖွေလှူဒါန်းမှုအား ရပ်နားလိုက်ပြီး သွေးလိုအပ်ချက်အား ကျန်သွေးလှူရှင် အသင်းများမှ ဆက်လက် လုပ်ဆောင်နေပြီး လစဉ်သွေးလိုအပ်မှု သွေးအလုံး ၅၀၀ ခန့်ရှိကြောင်း သိရသည်။

 

Most Read

Most Recent