တောင်ပြုန်းပွဲတော်သို့ ရထားဖြင့် လာရောက်သူများရှိရာ ချိုးရေတော်သုံးနေ့ တစ်ရက်တည်းတွင် တောင်ပြုန်းဘူတာမှ လက်မှတ် ၇၀၀၀ ကျော် ရောင်းချခဲ့ရ

တောင်ပြုန်းပွဲတော်သို့ ရထားဖြင့် လာရောက်သူများရှိရာ ချိုးရေတော်သုံးနေ့ တစ်ရက်တည်းတွင် တောင်ပြုန်းဘူတာမှ လက်မှတ် ၇၀၀၀ ကျော် ရောင်းချခဲ့ရ
Published 24 August 2018

တောင်ပြုန်းပွဲတော် ကျင်းပနေစဉ် ကာလအတွင်း မြန်မာ့မီးရထားမှ မန္တလေး-မတ္တရာ ရထားလမ်းပိုင်းတွင် ရထားခရီးစဉ်များကို တိုးချဲ့ပြေးဆွဲပေးမှုအား တွေ့ရစဉ်

မန္တလေး မတ္တရာမြို့နယ်ရှိ တောင်ပြုန်း ကြီးကျေးရွာ တောင်ပြုန်းပွဲတော်ကျင်းပနေ စဉ် ကာလအတွင်း မြန်မာ့မီးရထားမှ မန္တလေး -မတ္တရာရထားလမ်းပိုင်းတွင် ရထားခရီးစဉ် များကို တိုးချဲ့ပြေးဆွဲပေးလျက်ရှိရာ ပွဲတော် အတွင်း အစည်ကားဆုံး ရက်ဖြစ်သည့် ချိုးရေတော်သုံးပွဲ ကျင်းပသည့်နေ့တွင် ရထားခရီးစဉ်ဖြင့် လာရောက်သူ များပြားခဲ့ရာ တစ်ရက်တည်းတွင် တောင်ပြုန်းဘူတာမှ လက်မှတ် ၇၀၀၀ ကျော် ရောင်းချခဲ့ရကြောင်း သိရသည်။

တောင်ပြုန်းပွဲတော်ကာလ အထူးရထား ပြေးဆွဲမှုအဖြစ် ပွဲတော်စတင်ကျင်းပသည့် သြဂုတ် ၁၉ ရက်မှစ၍ မန္တလေး- မတ္တရာ အစုန်၊ အဆန်ရထားများကို ခေါက်ရေတိုး၍ ပြေးဆွဲပေးနေပြီး တောင်ပြုန်းဘူတာနှင့် သူရဲ ဈေးဘူတာများတွင် ပွဲတော်အတွင်း လက်မှတ် ရုံများ သီးသန့်ဆောင်ရွက်ရောင်းချလျက်ရှိရာတွင် တောင်ပြုန်းဘူတာမှ ပွဲတော်စရက် ဖြစ်သည့် သြဂုတ် ၁၉ ရက်တွင် လက်မှတ် ၄၀၀၀ ကျော်၊ သြဂုတ် ၂၀ ရက်တွင် လက်မှတ် ၂၀၀၀ ကျော်၊ သြဂုတ် ၂၁ ရက်တွင် လက်မှတ် ၂၃၀၀ ကျော်ရောင်းချခဲ့ရပြီး သြဂုတ် ၂၂ ရက် တွင် အများဆုံးအဖြစ် လက်မှတ် ၇၆၀၀ ကျော် ရောင်းချခဲ့ရကြောင်း တောင်ပြုန်းဘူတာမှ သိရသည်။

“ပွဲတော်အထူးရထားအနေနဲ့က နှစ် တိုင်းပြေးဆွဲတယ်။ ပွဲတော်ကာလဆိုရင် ရထား စီးနင်းမှုများတဲ့အတွက် ခရီးသည်တွေ အဆင် ပြေအောင် စီစဉ်ပေးတာဖြစ်တယ်။ အစုန်၊ အဆန်ရထားခေါက်ရေတိုးပြေးသလို လူစီး တွဲဆိုင်းလည်း ပုံမှန်ထက်ပိုချိတ်ပြီးပြေးရတယ်။ ဒီနှစ်စီးနင်းမှုလည်း များပါတယ်။ ချိုးရေတော် သုံးတဲ့ရက်မှာ တောင်ပြုန်းဘူတာက ရောင်းရ တဲ့လက်မှတ်က မန္တလေးနဲ့ မတ္တရာပေါင်းရင် တစ်ရက်တည်း ၇၀၀၀ ကျော်ရောင်းခဲ့ရတယ်။ ဒါကြောင့် အခုလို စီးနင်းမှုများတဲ့အချိန်မှာ ခရီးသည်တွေအဆင်ပြေပြီး အန္တရာယ်မဖြစ်အောင် ရထားဝန်ထမ်းတွေအနေနဲ့ ကြပ်မတ် ဆောင်ရွက်ပေးရတယ်။ လက်မှတ်ရုံဆိုရင် လည်း သီးသန့်ထားပြီး ဆောင်ရွက်ပေးတယ်” ဟု တောင်ပြုန်းဘူတာမှ မီးရထားလက်မှတ် အရောင်းတာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

တောင်ပြုန်းပွဲ ကျင်းပချိန်ကာလအတွင်း မန္တလေးသူရဲဈေးဘူတာ အခြေပြု၍ မန္တလေး-မတ္တရာ လမ်းပိုင်းတွင် ရထားနှစ်စင်းဖြင့် တစ်ရက်လျှင် မန္တလေးမှ တောင်ပြုန်းခရီးစဉ်ကို အစုန်ရထား ခြောက်ခေါက်၊ အဆန်ရထား ခုနစ်ခေါက် ပြေးဆွဲမှုကို ပွဲတော်စတင်သည့် ရက်ဖြစ်သည့် သြဂုတ် ၁၉ ရက်မှစ၍ သြဂုတ် ၂၆ ရက်အထိ ပြေးဆွဲသွားမည်ဖြစ်ကြောင်း သိရသည်။

မန္တလေး-မတ္တရာ လမ်းပိုင်းတွင် ပုံမှန် ရက်များ၌ ရထားစီးခရီးသည်ဦးရေ တစ်ရက်လျှင် ၂၀၀ ကျော်ခန့်သာရှိပြီး တောင်ပြုန်းပွဲတော် ကာလအတွင်း ရထားစီး၍ သွားလာသူ များပြားခြင်းကြောင့် အထူးရထားအဖြစ် စီစဉ်ပြေးဆွဲပေးခြင်း ဖြစ်ကြောင်း ပြီးခဲ့သည့် ၂၀၁၆ ခုနှစ် ပွဲတော်ကာလ ရထားစီးနင်းမှု စာရင်းများအရ တစ်ရက်လျှင် ရထားစီး ခရီးသည် ၂၀၀၀ ဝန်းကျင်ရှိပြီး စည်ကားသည့် ရက်များတွင် စီးနင်းသည့် ခရီးသည် ၄၀၀၀ ခန့်ရှိကြောင်း သိရသည်။

 

Most Read

Most Recent