<

နှစ်နှစ်နီးပါးကြာ စစ်ဘေးရှောင်နေရသည့် မြိုင်ကြီးငူစစ်ရှောင်စခန်းတွင် ရေကြီးနှစ်မြှုပ်နေပြီး စားနပ်ရိက္ခာပြတ်လပ်မှုကြုံတွေ့နေရ

မြိုင်ကြီးငူစစ်ဘေးရှောင်စခန်းတွင်ရေကြီးနစ်မြှပ်နေသည်ကိုသြဂုတ် ၂၂ရက်နေ့ ကမြင်တွေ့ရစဉ်

နှစ်နှစ်နီးပါးကြာ စစ်ဘေးရှောင်နေရသည့် ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်၊ မြိုင်ကြီးငူ စစ်ရှောင်စခန်းတွင် လက်ရှိအချိန် ရေကြီးနစ်မြှုပ်မူခံစားနေရပြီး စားနပ်ရိက္ခာအခက်အခဲ ကြုံတွေ့နေရကြောင်း သိရသည်။

လွန်ခဲ့သည့်၂၀၁၆ ခုနှစ် စက်တင်ဘာမှစတင်၍ ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်၊ မဲသဝေါဒေသအတွင်း DKBA(ခွဲထွက်)အဖွဲ့ နှင့်နယ်ခြားစောင့်တပ် (BGF)၊ တပ်မတော် ပူးပေါင်းတပ်ဖွဲ့တို့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် ဒေသတွင်းရှိရွာပေါင်း ၃၀ ကျော်မှ စစ်ရှောင် ၅၂၀၀ ကျော်မှာ မြိုင်ကြီးငူရှိ စစ်ရှောင်စခန်းများတွင် ခိုလှုံနေရကြောင်း သိရသည်။

“စစ်ဘေးရှောင်တိမ်းနေတာ စက်တင်ဘာလဆိုရင် နှစ်နှစ်ပြည့်တော့မှာဖြစ်ပါတယ်။ ကာလကလည်းရှည်ကြာလာသလို ရိက္ခာပြတ်လပ်မှုကလည်း အကြိမ်ကြိမ်အခါခါ ကြုံတွေ့နေရတာလေ။ လှူဒါန်းမည့်သူ

ပုံမှန်မရှိတော့ဒီမှာ နေထိုင်သူအားလုံး အဆင်မပြေ ဖြစ်နေတဲ့ကြားမှာ ရေကလာပြီးနစ်မြှုပ်နေတော့ပိုပြီး စိတ်ထိခိုက်ရပါတယ်။ လက်ရှိအချိန်မှာ မြိုင်ကြီးငူဘက်မှာ လှူဒါန်းသူတွေ နည်းပါးတော့ စားရေးသောက်ရေး အခက်အခဲရှိနေပါပြီ” ဟု မြိုင်ကြီးငူစစ်ရှောင်စခန်းမှ စစ်ဘေးဒုက္ခသည်တစ်ဦးကပြောကြားသည်။

မြိုင်ကြီးငူ စစ်ရှောင်စခန်းတွင် လူဦးရေ ၅၂၀၀ ကျော်အတွက် နေ့စဉ်ဆန်အိတ်ပေါင်း ၂၀ ကျော်ချက်ပြုတ်နေရပြီး အသက်သတ်လွတ် ဘေးမဲ့နယ်မြေဖြစ်ခြင်းကြောင့် လှူဒါန်းပစ္စည်းများတွင် ကန့်သတ်မှုရှိကာ အရေးတကြီး လိုအပ်မှုမှာဆန်ဖြစ်ကြောင်း မြိုင်ကြီးငူ စစ်ရှောင်စခန်းမှ စားနပ်ရိက္ခာဆိုင်ရာတာဝန်ရှိသူတစ်ဦးက ဆိုသည်။

“ဆန်က အဓိကလိုတာပေါ့။ ပြီးခဲ့တဲ့ မတ်လအတွင်းမှာ ကရင်ပြည်နယ်အစိုးရအဖွဲ့က ဆန်အိတ်တစ်ထောင်ကျော်လာပြီး လှူသွားတယ်။ ဇူလိုင်လအတွင်းကလည်း ဘားအံမြို့နယ်၊ ရသေ့ပျံကျေးရွာကသံဃာ တော်တွေစုစည်းပြီး ဆန်အိတ်တစ်ရာကျော် လာလှုသွားသေးတယ်။ အဲဒီလိုကြိုကြားကြို ကြားလာလှုနေလို့ တော်သေးတယ်ဆိုပေမဲ့ လူဦးရေငါးထောင်ကျော် နေ့ စဉ် ည မနက် စားသုံးနှုန်းနဲ့ဆန်းပြတ်လပ်မှုက မကြာခဏ ကြုံတွေ့နေရဦးမှာပါ” ဟု ၎င်းမှ ဆက်လက် ပြောကြားသည်။

 

 

August 23, 2018














Copy Protected by Chetan's WP-Copyprotect.