ပေါက်မြို့နယ်အတွင်း ရေနံထွက်ရှိရာ ဒေသများတွင် တရားဝင် ရေနံချက်စက်ရုံများ လုပ်ဆောင်မည်ဖြစ်၍ တရားမဝင် ရေနံချက်ဖိုများကို ဆက်လက် အရေးယူမည်

ပေါက်မြို့နယ်အတွင်း ရေနံထွက်ရှိရာ ဒေသများတွင် တရားဝင် ရေနံချက်စက်ရုံများ လုပ်ဆောင်မည်ဖြစ်၍ တရားမဝင် ရေနံချက်ဖိုများကို ဆက်လက် အရေးယူမည်
Published 23 August 2018

ပေါက်မြို့နယ်အတွင်း လက်ယက်တွင်းများမှ ရေနံထွက်ရှိရာ ဒေသများတွင် တရားဝင် ရေနံချက်စက်ရုံများ လုပ်ဆောင်မည်ဖြစ်၍ တရားမဝင် ရေနံချက်ဖိုများကို ဆက်လက် အရေးယူမည် ဖြစ်ကြောင်း မကွေးတိုင်းဒေသကြီး သဘာ၀ သယံဇာတ၊ သစ်တော၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဦးမြင့်ဇော်က ပြောကြားသည်။

သြဂုတ် တတိယပတ်အတွင်း ပေါက်မြို့နယ် လယ်အို၊ သရက်ကန်နှင့် လက်ပံတိုကျေးရွာ နယ်မြေများတွင် တရားမဝင် ရေနံချက်ဖိုများ ဖမ်းဆီးမှုနှင့် ပတ်သက်၍ မေးမြန်းစဉ် မကွေးတိုင်းဒေသကြီး သဘာဝသယံဇာတ၊ သစ်တော၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဦးမြင့်ဇော်က ယခုလို ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

“မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ အနေနဲ့ကတော့ တရားဥပဒေစိုးမိုးရေး အဓိကဖြစ်ချင်တဲ့အတွက် ဒီရေနံချက်ဖိုတွေ တရားမဝင်တဲ့ လုပ်ငန်းတွေကို အားမပေးပါဘူး။ အားလုံးကို တရားဝင်အောင် ဘောင်အတွင်းကပဲ လုပ်နိုင်အောင် မကြာခင်မှာပဲ ကျွန်တော်တို့ တရားဝင်ခွင့်ပြုတဲ့ ရေနံချက်စက်ရုံ အသေးစားလေးတွေ ရှိပါတယ်။ တစ်ရက် နှစ်ရက်အတွင်းမှာကို နိုင်ငံပိုင် သတင်းစာတွေကနေ ကြေညာပြီးတော့မှ လုပ်ရမှာပါ။ အဲဒီလို တစ်ဖက်က တရားဝင်လုပ်ငန်းတွေ လုပ်မှာဖြစ်တဲ့အတွက် တစ်ဖက်ကလည်း တရားမဝင် လုပ်ငန်းတွေကို ဥပဒေနဲ့ ထိထိရောက်ရောက် နှိမ်နင်းသွားမှာ ဖြစ်ပါတယ်” ဟု မကွေးတိုင်းဒေသကြီး သဘာ၀ သယံဇာတ၊ သစ်တော၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဦးမြင့်ဇော်က ပြောကြားသည်။

သြဂုတ် ၁၈ ရက်မှ ၂၀ ရက်အထိ တရားမဝင် ရေနံချက်ဖိုများကို ဝင်ရောက်ရှာဖွေ ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ပေါက်မြို့နယ်အတွင်း သရက်ကန်၊ လက်ပံတို၊ လယ်အိုကျေးရွာနယ်မြေများမှ ရေနံချက်ဖို ၇၈ ဖိုနှင့် ရေနံထွက်ပစ္စည်းများ ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

“ပထမအကြိမ် တောတိုးတာပါ။ ဒုတိယအကြိမ်ဆိုရင်တော့ ရဲတပ်ရင်းကို သုံးပြီးတော့မှ အချောပေါ့ဗျာ။ ပိုက်စိပ်တိုက် တရားမဝင် လုပ်ငန်းတွေကို နှိမ်နင်းသွားမှာပါ။ တရားဥပဒေ စိုးမိုးအောင် တရားဥပဒေရဲ့ အောက်က ဘောင်အတွင်းကနေ လုပ်နိုင်အောင်လည်း တစ်ဖက်က ပြည်သူကို ကာကွယ်မယ်။ ပြည်သူကို အစွမ်းကုန် ကူညီဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ အခါအားလျော်စွာ သုံးလတန်သည် နှစ်လတန်သည် တစ်လတန်သည် အဲဒီဒေသကို မပြတ်တမ်း ဆောင်ရွက်မှာ ဖြစ်ပါတယ်။ ထိုနည်းတူစွာပဲ တရားမဝင်တဲ့ ရေနံ သယ်ဆောင်မှုတွေကိုလည်း စောင့်ကြည့်ပြီးတော့မှ စစ်ဆေး ဖမ်းဆီး အရေးယူသွားမှာ ဖြစ်ပါတယ်”ဟု မကွေးတိုင်းဒေသကြီး သဘာ၀ သယံဇာတ၊ သစ်တော၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဦးမြင့်ဇော် ဆက်လက် ပြောကြားသည်။

Most Read

Most Recent