ဒဂုံမြို့သစ် (အရှေ့ပိုင်း) မူလတန်းလွန်ကျောင်း တစ်ကျောင်းရှိ မုန့်ဈေးတန်းသို့ စစ်ဆေးရာ စားသုံးရန်မသင့် မုန့်များ တွေ့ရှိ

ဒဂုံမြို့သစ် (အရှေ့ပိုင်း) မူလတန်းလွန်ကျောင်း တစ်ကျောင်းရှိ မုန့်ဈေးတန်းသို့ စစ်ဆေးရာ စားသုံးရန်မသင့် မုန့်များ တွေ့ရှိ
Published 23 August 2018

စားသုံးသူ ကာကွယ်ရေးအသင်းမှ ကျောင်းသားကျောင်းသူများကို အစားအစာနှင့် ပတ်သက်ပြီး အသိပညာပေးစဉ်

ဒဂုံမြို့သစ် (အရှေ့ပိုင်း) ရှိ မူလတန်းလွန်ကျောင်းအား သြဂုတ်၂၁ တွင် သွားရောက် စစ်ဆေးရာ စားသုံးရန် မသင့်သောမုန့်များ တွေ့ရှိရကြောင်း မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးအသင်းမှ သိရသည်။

ကျောင်းသားမိဘများ၏ တိုင်ကြားချက်အရ အ.မ.က (၅) ဒဂုံမြို့သစ် (အရှေ့ပိုင်း) ရှိ ကျောင်းသို့ သွားရောက် စစ်ဆေးခဲ့ြ့ခင်းဖြစ်ပြီး စားသုံးရန် မသင့်တော်သော အာဖြန်းအချိုဗူး၊ လျှာနီအချိုဗူး၊ နို့မှုန့်များနှင့် သွေးပီကေ အစရှိသည့် တရုတ်မုန့် ၁၅ မျိုး တွေ့ရှိရကြောင်း သိရသည်။

အန္တရာယ်ရှိ အစားသောက်များ ရောင်းချမှုကို တွေ့ရှိရပါက ပထမအကြိမ်အနေဖြင့် ပစ္စည်းများ သိမ်းကာ ခံဝန်ကတိ ထိုးခိုင်းခြင်း၊ ဒုတိယအကြိမ် တွေ့ရှိပါက ဈေးရောင်းချမှုအား ပိတ်သိမ်းခြင်းနှင့် တတိယအကြိမ် ရောင်းချမှုအား တွေ့ရှိရပါက အမျိုးသား စားသောက်ဥပဒေဖြင့်သော် လည်းကောင်း၊ စားသုံးသူ ကာကွယ်ရေး ဥပဒေဖြင့်သော် လည်းကောင်း အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

“ကျောင်းသား မိဘတွေရဲ့ တိုင်ကြားစာတွေရလို့အစ်ကိုတို့က လိုက်စစ်တာပါ။ စစ်တဲ့အပိုင်းလည်း ရှိသလို အရေးယူတဲ့အပိုင်းလည်း ရှိတယ်။ အဓိက ရည်ရွယ်ချက်ကတော့ ပြည်သူလူထုကို အစားအသောက် ဘေးအန္တရာယ် ကင်းရှင်းစေရန် အဓိက ရည်ရွယ်ချက်ပေါ့။ အရေးယူတဲ့ နေရာမှာ သူတို့က ဒီလို အန္တရာယ်ဖြစ်စေတဲ့ အစားအသောက်တွေ ရောင်းချတာတွေ့ရင် ပထမဦးဆုံးအနေနဲ့ပစ္စည်းသိမ်းပြီးတော့ ခံဝန် လက်မှတ် ထိုးခိုင်းတယ်။ ဒုတိယအကြိမ် ရောင်းချနေတာ တွေ့ရင် ကျောင်းက ကျောင်းအုပ်ဆရာမကြီးနဲ့ ပေါင်းပြီး ဈေးရောင်းချမှုကို ပိတ်သိမ်းခိုင်းမယ်။ အသိပညာပေးမှု အနေနဲ့ကတော့ ဟောပြောပွဲတွေ အစ်ကိုတို့လုပ်လေ့ရှိတယ်။ အခု ဒီကျောင်းမှာ တွေ့ရှိတာကတော့ အန္တရာယ်ဖြစ်စေတဲ့ အစားသောက် ၁၄/၁၅ မျိုးလောက် တွေ့တယ်”ဟု မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးအသင်း အတွင်းရေးမှူး ဦးအောင်ကျော်က ဆိုသည်။

ကလေးများအား သန့်ရှင်း လတ်ဆတ်သော ဗမာမုန့်များ စားရန်နှင့် ရယ်ဒီမိတ်မုန့်များ စားမည်ဆိုပါက ထုတ်လုပ်သည့် ရက်စွဲပါသည့် မုန့်များကိုသာ စားသုံးသင့်ပြီး ကျောင်းသား၊ ကျောင်းသူများသာမက မိဘများကိုပါ တိုက်တွန်း နှိုးဆော်သင့်ကြောင်း ၎င်းကပြောကြားသည်။

ဆိုးဆေးပါသော အစားအသောက်များ၊ ရက်လွန် အစားအသောက်များ၊ အအေးအချို့နှင့် တရုတ်နိုင်ငံထုတ် အသင့်စား မုန့်ထုတ်အချို့ကို ကျောင်းသား/ကျောင်းသူများ မစားမမိစေရန် ကျောင်းများတွင် လတ်ဆတ်သော မြန်မာမုန့် (အစားအစာ) ကို ရောင်းချရန် ညွှန်ကြားထားသော်လည်း မြန်မာမုန့်များကို ကျောင်းသား/ကျောင်းသူများက ပုံမှန်စားသုံးလေ့ မရှိသဖြင့် အစားအသောက် ရောင်းချသူများအနေနဲ့ ဝယ်လိုအား မရှိသောကြောင့် အမြတ်မရရှိဘဲ ထိုမြန်မာမုန့်များသည် ကြာရှည်မခံသဖြင့် အရှုံးပေါ်လျက် ရှိကြောင်း သိရသည်။

“ကျွန်မတို့ကလည်း ဒီလို ကလေးတွေ စားလို့မသင့်တဲ့ မုန့်တွေ မရောင်းခိုင်းပါဘူး။ မကြာခဏတော့ စစ်ဆေးတယ်။ ဒါပေမဲ့ အပြင်က ဝယ်လာတာတွေ ရှိတယ်။ ကျွန်မတို့ကလည်း ပညာပေးတွေ ဟောပြောပွဲတွေ လုပ်ပါတယ်။ ကလေးတွေက ဒီဇိုင်းအသစ်လေးတွေဆို သဘောကျကျတယ်။ ဆရာမတို့ကျောင်းကို ဒီလိုဝင်စစ်တာတော့ အခုက ပထမဦးဆုံးအကြိမ်ပါ။ ကျွန်မတို့ ကျောင်းဝန်းထဲမှာ ရောင်းချနေတဲ့ သူတွေကိုလည်း ဒါမျိုးတွေ မရောင်းချဖို့သတိပေးမယ်။ ပြီးတော့ကျောင်းဝန်းအပြင်မှာ ရှိတဲ့ဈေးသည်တွေလည်း ဒါမျိုးမရောင်းဖို့ လူကြီးတွေနဲ့ ပူးပေါင်းပြီး သတိပေးမယ်။ အခုရောင်းချနေတာ တွေ့ရှိတဲ့သူတွေကို နောက်နောင် ဒါမျိုး မရောင်းချဖို့ လက်မှတ် ထိုးခိုင်းပါမယ်”ဟု အ.မ.က (၅) ဒဂုံမြို့သစ်(အရှေ့ပိုင်း) မှ တာဝန်ခံ ဆရာမ ဒေါ်တင်လေးမော်က ပြောကြားသည်။

ရန်ကုန်တိုင်းအတွင်းရှိ အခြေခံကျောင်းများတွင် ကျောင်းသား/ကျောင်းသူ အများစုမှာ ကျန်းမာရေးနှင့် မညီညွတ်သော သန့်ရှင်းမှုမရှိသည့် အစားအသောက်များ စားသုံးနေရကြောင်း စားနပ်ရိက္ခာဖူလုံမှု ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့မှ ပြုလုပ်ခဲ့သော ကျောင်းမုန့်ဈေးတန်း သုတေသနစာတမ်းမှ သိရသည်။

Most Read

Most Recent