လယ်ယာမြေများကို ခြံခတ်ထား၍ အိမ်ခြံမြေအဖြစ် ပြောင်းလဲရန် အသင့်ဖြစ်နေသည့် လယ်ယာခြံမြေ အမျိုးအစားတစ်မျိုး ရှိနေပြီလားဟု လွှတ်တော်ကိုယ်စားလှယ် မေးခွန်းထုတ်

လယ်ယာမြေများကို ခြံခတ်ထား၍ အိမ်ခြံမြေအဖြစ် ပြောင်းလဲရန် အသင့်ဖြစ်နေသည့် လယ်ယာခြံမြေ အမျိုးအစားတစ်မျိုး ရှိနေပြီလားဟု လွှတ်တော်ကိုယ်စားလှယ် မေးခွန်းထုတ်
Published 23 August 2018

လယ်ယာမြေများကို ခြံခတ်ထားပြီး အိမ်ခြံမြေအဖြစ်ပြောင်းလဲရန် အဆင်သင့်ဖြစ်နေသည့် လယ်ယာခြံမြေ အမျိုးအစား တစ်မျိုး ရှိနေပြီလားဟု မေးခွန်းထုတ်စရာဖြစ်နေကြောင်း ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် (၆) အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမင်းဦးက ပြောကြားသည်။

နေပြည်တော်၌ သြဂုတ် ၂၁ ရက်က ပြုလုပ်သည့် အမျိုးသားလွှတ်တော်အစည်းအဝေးတွင် မွန်ပြည်နယ် မဲဆန္ဒနယ် အမှတ် (၈) မှ ဦးမျိုးဝင်း တင်သွင်းထားသည့် မြန်မာနိုင်ငံတွင် လယ်ယာဥယျာဉ်ခြံမြေများကို စည်း ကမ်းမဲ့စွာ အကွက်ဖော်ရောင်းစားနေခြင်းတို့ကြောင့် စိုက်ပျိုးမြေများ အလျင်အမြန်လျော့နည်းလာခြင်း၊ မြို့ပေါ်နှင့်ကျေးရွာများတွင် နောင်တစ်ချိန်လိုအပ်ပါက အသုံးချနိုင်ရန် ချန်လှပ်ထားသော မြေကွက်များ ပျောက်ဆုံးကုန်ခြင်း စသည်တို့နှင့် သက်ဆိုင်သော စီမံခန့်ခွဲမှုကော်မတီ၊ စည်ပင်သာယာရေးကော်မတီနှင့် လယ်ယာမြေစီမံခန့်ခွဲမှု ကော်မတီ အဆင့်ဆင့် (ကော်သုံးကော်) တို့၏ အဂတိတရား မကင်းသည့် လုပ်ဆောင်ချက်များကို ထိရောက်စွာ ထိန်းညှိပေးနိုင်မည့် အစီအမံတစ်ခုကို အလျင်အမြန် ရေးဆွဲပြဋ္ဌာန်း အ ကောင်အထည်ဖော်ပေးပါရန် ပြည်ထောင်စု အစိုးရအား တိုက်တွန်းကြောင်း အဆိုနှင့်စပ်လျဉ်းပြီး ဆွေးနွေးစဉ် ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

‘‘၂၀၁၂ လယ်ယာမြေဥပဒေမှာ လယ်မြေ၊ ယာမြေ၊ ကိုင်းကျွန်းမြေ၊ တောင်ယာမြေ နဲ့ နှစ်ရှည်ပင်စိုက်ပျိုးသောမြေ၊ ဓနိမြေ၊ ဥယျာဉ်မြေ၊ ဟင်းသီးဟင်းရွက်၊ ပန်းမန် စိုက်ပျိုးတဲ့ ခြံမြေ၊ မြေနုကျွန်းအားလုံးပါဝင်တယ်လို့  ဖော်ပြထားသော်လည်း လယ်ယာမြေတွေကို ခြံခတ်ထားပြီး အိမ်ခြံမြေပြောင်းလဲဖို့ အဆင်သင့်ဖြစ်နေတဲ့ လယ်ယာခြံမြေ အမျိုးအစားတစ်မျိုး ရှိနေသလားလို့ မေးခွန်းထုတ်ရမလို ဖြစ်နေပါတယ်’’ဟု ဦးမင်းဦးက ဆွေးနွေးသည်။

လက်ရှိတွင် မြို့အနှံ့၊ နယ်အနှံ့တွင် လယ်ယာမြေများကို ခြံမြေများ အိမ်ကွက်များအဖြစ်သို့ အတောမသတ် ပြောင်းလဲနေကြခြင်းကို အချိန်မီထိန်းသိမ်းရန် လိုအပ်နေကြောင်း၊ ခြံခတ်ထားသော ခြံစည်းရိုးတိုင်ကာရံထားသော လယ်ယာမြေများ၊ အိမ်ယာခြံမြေ ပြောင်းလဲပြီးသော လယ်ယာမြေစာရင်းများကို ကောက်ယူသင့်ကြောင်း၊ လယ်ယာမြေ အရောင်းအဝယ်များ စိုက်ပျိုးမြေဆုံးရှုံးမှုများကို သက်ဆိုင်ရာ အဖွဲ့အစည်းအဆင့်ဆင့်က  စိစစ်ကြပ်မတ်ခြင်း၊ ဖော်ထုတ်အရေးယူခြင်းများ ဆောင်ရွက်ခြင်းနှင့်လယ်ယာမြေထိန်းသိမ်းနိုင်သော မြေယာနှင့်ပတ်သက်သည့် မူဝါဒတစ်ရပ်ကိုချမှတ်ပြီး အမျိုးသားရေး တာဝန်တစ်ရပ်အဖြစ် ဆောင်ရွက်သွားသင့်ကြောင်း ၎င်းက ဆွေးနွေးခဲ့သည်။

မြန်မာနိုင်ငံအနေဖြင့် တွင်းထွက်သယံဇာတ၊ သစ်တောသယံဇာတများကို ထုတ်ယူသုံးစွဲမှုများသောကြောင့် ကုန်လုနီးပါးအခြေအနေသို့ရောက်ရှိနေကြောင်း၊ အရေးကြီးဆုံးဖြစ်သည့် လယ်ယာမြေသယံဇာတ ဆုံးရှုံးသွား ပါက ရိက္ခာဖူလုံမှုကို ထိခိုက်လာပြီး နိုင်ငံတော်စီးပွားရေးကိုပါ ထိခိုက်လာမည်ဖြစ်ကြောင်း၊ ပြည်တွင်းရိက္ခာဖူလုံရန်အတွက် လယ်ယာမြေများတည်တံ့ရန် အထူးလိုအပ်ကြောင်း ဦးမင်းဦးက ဆက်လက်ဆွေးနွေးသည်။

မွန်ပြည်နယ်မဲဆန္ဒနယ် အမှတ် (၅) မှ ဒေါ်မြတ်သီတာထွန်းက ဆွေးနွေးရာတွင် မွန်ပြည်နယ်တွင်လည်း လယ်ယာဥယျာဉ် ခြံမြေများကို ဥပဒေနှင့်မညီဘဲ အခြားနည်း အသုံးပြုမှုများလာနေကြောင်း၊ အခြားနည်း အသုံးပြုလိုသည့် လယ်ယာဥယျာဉ်ခြံရှင်များသည် လုပ်ပိုင်ခွင့်ရှိသူများနောက်ကို ယခင်ခေတ်ကကဲ့သို့ အထုပ်ပိုက်ပြီး လိုက်နေကြဆဲဖြစ်ကြောင်း၊ နည်းလမ်းဟောင်းများအတိုင်း အပေးအယူတည့်ပြီး အဆင်ပြေနေကြဆဲဖြစ်ကြောင်း၊ ဥပမာ ရာဘာခြံ ၁ ဧကကို ရာဘာ နှင့် အခြားသီးနှံလည်း မစိုက်ဘဲ အိမ်ခြံမြေအကွက်ရိုက်ပြီး ရောင်းစားမည်ဆိုလျှင် လတ်တလော အကျိုးအမြတ်များသောကြောင့် ခြံရှင် များသည် ခြံကွက်ဖော်ချင်ကြကြောင်း၊ ထို့အတွက် ခွင့်ပြုချက်ပေးနိုင်သည့်သူများကို ချဉ်းကပ်ပြီး အရေးယူပိုင်ခွင့်ရှိသည့်သူများကိုလည်း နားလည်မှု ယူထားကြကြောင်း၊ အကွက်ဖော်ခွင့်ရပါက ဘယ်နှကွက်ပေးမည်၊ မည်မျှပေးပါမည်ဆိုသည့် အပေးအယူများဖြင့် အလျင်အမြန်လုပ်လာကြသည်ကို ကြားသိနေရကြောင်း ပြောကြားသည်။

‘‘အဲဒီလိုတွေလုပ်တာဟာ လတ်တလောမှာ လူနည်းစုအတွက် အဆင်ပြေနိုင်ပေမယ့် ဒီလိုပုံစံမျိုး တစ်နိုင်ငံလုံး အတိုင်းအတာ နဲ့စိုက်ပျိုးမြေတွေ လျော့နည်းလာမယ်ဆိုရင် အဆိုရှင် ဆွေးနွေးသလို နောင်တစ်ချိန်မှာ နိုင်ငံရဲ့ စိုက်ပျိုးရေးထွက်ကုန်တွေ လျော့နည်းကျဆင်းလာနိုင်ပါတယ်။ ကျွန်မတို့နိုင်ငံဟာ စက်မှုနိုင်ငံအဖြစ်ကို ထူထောင်နိုင်တဲ့ အခြေအနေမှာ မရှိသေးပါဘူး။ စိုက်ပျိုးရေး ထုတ်ကုန်တွေကိုသာ အားထားရဦးမှာ ဖြစ်ပါ တယ်။ အဲဒီအတွက် Productivity လိုပါတယ်။ ထုတ်ကုန်တင်ပို့နိုင်မှု အားနည်းရင် ကုန်သွယ်မှုလိုငွေလည်း အမြဲတမ်းပြနေမှာ ဖြစ်ပြီးတော့ အခုလတ်တလော ကြုံတွေ့နေရသလို အရင်ကလည်း ကြုံတွေ့ခံစားခဲ့ရသလို စီးပွားရေး အခက်ခဲတွေ၊ ငွေကြေးအကျပ်အတည်းတွေကို ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ ဒါကြောင့်မလို့ အခြားနည်းသုံးခွင့် ပေးသင့်မပေးသင့်ကို သေသေချာချာစိစစ်ပြီးတော့မှ ဥပဒေနဲ့အညီ ဆောင်ရွက်စေလိုပါတယ်။မြို့နယ်အဆင့် ကော်မတီတာဝန်ရှိသူတွေဟာ အထက်မှာ ကျွန်မဆွေးနွေးခဲ့တဲ့ကိစ္စတွေမှာ ကိုယ်တိုင်အဂတိလိုက်စားပြီးတော့ ပါဝင်ပတ်သက်တာတွေ ရှိသလို၊ သူတို့အထက်ကပုဂ္ဂိုလ်တွေ လုပ်တာကို မပြောရဲလို့၊အမုန်းမခံချင်လို့စတဲ့ အဂတိတရားအမျိုးမျိုးနဲ့ ကိုယ့်ရဲ့တာဝန်တွေ၊ တည်ဆဲဥပဒေတွေကို လျစ်လျူရှုခဲ့ကြပါတယ်။ ပိုဆိုးတာကတော့ ချောင်းမြေ၊ ကျွန်းမြေ၊ ကျွန်မတို့မြို့နယ်မှာဆိုရင် ပင်လယ်သဲသောင်မြေ၊ ဓနိတောမြေ၊ ဒီရေတောတွေကအစ စီးပွားရေးသမားတွေ ရယူသိမ်းပိုက်ထားခဲ့တဲ့ အဆင့်အထိ တာဝန်ရှိသူတွေ တာဝန်မဲ့ခဲ့ကြပါတယ်။ အခုအချိန်မှာ ဒီပြည်သူပိုင်မြေ တွေကို ကျွန်မတို့က ပြန်လည်ရရှိဖို့အတွက်ကို ကြိုးစားနေတဲ့အချိန်မှာ အခက်အခဲဖြစ်အောင်၊ အဟန့်အတားဖြစ်အောင် အလုပ်ဆုံးကလည်း အဲဒီတာဝန်ရှိသူတွေ ဖြစ်နေတာကို ကျွန်မတို့ စိတ်မကောင်းစွာ ကြုံတွေ့နေရပါတယ်။ ဥပဒေကို လိုက်နာဖော်ဆောင်ရမယ့်သူတွေကပဲ ဥပဒေကို ချိုးဖောက်နေကြတာ ဖြစ်ပါတယ်။ အဲဒီတော့ ဒီလို လုပ်ပိုင်ခွင့်ရှိသူတွေကို ဒီလုပ်ပိုင်ခွင့်တွေကို ဒီလိုပုဂ္ဂိုလ်တွေ လက်ထဲကို ဝကွက်အပ်ပြီးတော့ စီမံခန့်ခွဲစေတာမျိုးကို ဆက်ပြီးတော့ ခွင့်ပြုသင့်ပါသလား၊ ဒီလိုဆိုရင် မျှော်လင့်ထားတဲ့ အပြောင်းအလဲကို ကျွန်မတို့ ပြည်သူတွေမြင်တွေ့ရဖို့ မလွယ်ပါဘူး။ ဒါကြောင့် ဒီအဖွဲ့အစည်းတွေကို ပြင်ဆင်ပြောင်းလဲဖွဲ့စည်းဖို့အတွက်ကို အရေးတကြီး လိုအပ်နေပါပြီဆိုတာကို ဆွေးနွေးလိုပါတယ်’’ဟု ဒေါ်မြတ်သီတာထွန်းက ပြောကြားသည်။

ဆက်လက်၍ ၎င်းက ‘‘အဆိုရှင်ရဲ့ အဆိုမှာလည်း ပါပါတယ်၊ ဆွေးနွေးသွားကြတဲ့ ကိုယ်စားလှယ်များကလည်း တူညီစွာဆွေးနွေးသွားတဲ့အချက်ကတော့ ကျွန်မတို့ တာဝန်ရှိသူတွေရဲ့ ဥပဒေနဲ့မညီတဲ့ လုပ်ရပ်တွေ အပေါ်မှာ အရေးယူဖို့ လိုအပ်နေခြင်းပဲ ဖြစ်ပါတယ်။ အကျင့်ပျက်ခြစားမှု အမြင့်ဆုံး ထိပ်ပိုင်းနိုင်ငံတွေမှာ ပါဝင်နေတဲ့ ကျွန်မတို့နိုင်ငံဟာ အရေးယူမှု ကြပ်မတ်မှုတွေကကျတော့ အနိမ့်ဆုံးအဆင့်မှာ ရှိနေပါတယ်။ တရားဥပ ဒေစိုးမိုးမှု ယိုယွင်းလာခြင်းဟာ ပြည်သူတွေဆီက စတာမဟုတ်ပါဘူး။ တာဝန်ရှိသူတွေ၊ လုပ်ပိုင်ခွင့်ရှိသူတွေဆီက အစပြုတာ ဖြစ်ပါတယ်။ အခုအချိန်မှာ ကျွန်မတို့နိုင်ငံရဲ့ သက်ဆိုင်ရာ ဝန်ကြီးဌာနအသီးသီးကို တာဝန်ယူ တာဝန်ခံကြရတဲ့ပုဂ္ဂိုလ်တွေဟာ ဘက်ဂျက်တွေကို စီမံခန့်ခွဲခြင်းအားဖြင့် ပြည်သူတွေရဲ့ အခြေခံလိုအပ်ချက်၊ ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်ဖို့ တာဝန်ရှိသလို၊ ကိုယ်တာဝန်ယူ ထားကြရတဲ့ ဝန်ကြီးဌာနတွေအောက်မှာ ဌာနအသီးသီးမှာ နှစ်ပေါင်းများစွာ ခေါက်ရိုးကျိုးနေမှုတွေ၊ ဥပဒေ လက်တစ်လုံးခြား လုပ်မှုတွေ၊ အကျင့်ပျက်ခြစားမှုတွေကိုပါ ထိထိရောက်ရောက် ကြပ်မတ်ကိုင်တွယ် စီမံခြင်း အားဖြင့် ပြုပြင်ပြောင်းလဲမှုတွေကိုပါ တစ်ပြိုင်နက် တာဝန်ယူလုပ်ဆောင်ရမှာ ဖြစ်တယ်ဆို တာကို အကြံပြုလိုပါတယ်။ အခု ကျွန်မတို့ လွှတ်တော်မှာ ဆွေးနွေးနေတဲ့အဆိုကိုလည်း အစိုးရအဖွဲ့ ဝန်ကြီးတွေအနေနဲ့ခေါင်းစဉ်လောက်ကိုပဲ မကြည့်ဘဲနဲ့ကိုယ်စားလှယ်တွေ တစ်ဦးချင်း ဆွေးနွေးနေတဲ့ အကြောင်းအရာတွေကို သေချာလေ့လာပြီးတော့ ဘာကြောင့် ဒီလိုတွေ ဆွေးနွေးနေတယ် ဘာဖြစ်နေတယ် ဆိုတာကို လေးလေးနက်နက် သုံးသပ်ဆောင် ရွက်စေလိုပါတယ်’’ဟု ဆွေးနွေးသည်။

Most Read

Most Recent