ARSA အကြမ်းဖက်မှုကြောင့် ကွယ်လွန်ခဲ့သည့် ပုဂ္ဂိုလ်များအတွက် ဝမ်းနည်းခြင်းအထိမ်းအမှတ် တစ်နှစ်ပြည့်အခမ်းအနား ပြုလုပ်မည်

ARSA အကြမ်းဖက်မှုကြောင့် ကွယ်လွန်ခဲ့သည့် ပုဂ္ဂိုလ်များအတွက် ဝမ်းနည်းခြင်းအထိမ်းအမှတ် တစ်နှစ်ပြည့်အခမ်းအနား ပြုလုပ်မည်
Published 23 August 2018

၂၀၁၇ ခုနှစ် သြဂုတ် ၂၅ ရက်က ဖြစ်ပွားခဲ့သော ARSA အကြမ်းဖက်မှုကြောင့် ကွယ်လွန်ခဲ့သည့် ပုဂ္ဂိုလ်များအတွက် ဝမ်းနည်းခြင်းအထိမ်းအမှတ်  တစ်နှစ်ပြည့်အခမ်းအနား ပြုလုပ်မည်ဖြစ်ကြောင်း ရခိုင်အမျိုးသားပါတီ (ANP) အထွေထွေအတွင်းရေးမှူး ဦးထွန်းအောင်ကျော်က သြဂုတ် ၂၁ ရက်တွင် ပြောကြားသည်။

အဆိုပါအခမ်းအနားကို ရခိုင်အမျိုးသားပါတီက ဦးဆောင်ကျင်းပမည်ဖြစ်ပြီး ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ အတုလမာရဇိန် ပြည်လုံးချမ်းသားဘုရားကြီးသိမ်တော်၌ ပြုလုပ်မည်ဖြစ်ကြောင်း  ဦးထွန်းအောင်ကျော်က ဆိုသည်။

‘‘စစ်တွေမြို့နယ် အတုလမာရဇိန် ပြည်လုံးချမ်းသာဘုရားကြီးသိမ်တော်မှာ ထေရ်ကြီးဝါကြီးရဟန်းတွေ ပင့်ပြီးတော့ ကျွန်တော်တို့ အလှူဒါန ဆွမ်းကျွေးတွေ ကျွန်တော်တို့လုပ်မယ်။ အမျှအတန်းဝေမယ် သေဆုံးသွား တဲ့လူတွေအတွက်။ နောက်တစ်ခါ ဒီလိုအဖြစ်အပျက်တွေ မဖြစ်ဖို့အတွက် သက်ဆိုင်ရာတာဝန်ရှိတဲ့ ဌာနတွေနဲ့ အစိုးရပိုင်းကိုလည်း ကျွန်တော်တို့အနေနဲ့ ပြောဆိုမှုတွေနဲ့ တိုက်တွန်းမယ်။ အကြံပြုချက်တွေ ဟောပြောကြမယ်ဆိုပြီး ကျွန်တော်တို့ အစီအစဉ်လုပ်ထားပါတယ်။ ၂၅ ရက်နေ့ အတုလမာရဇိန်ဘုရားမှာပါ။ နောက်တစ်ခုက ရခိုင်အမျိုးသားပါတီအနေနဲ့ မြို့နယ်တိုင်းမှာလည်း ကျွန်တော်တို့က အတတ်နိုင်ဆုံး ကုသိုလ်ကောင်းမှုပြုပြီးတော့ အမျှအတန်းဝေကြဖို့အတွက် ကျွန်တော်တို့ အစီအစဉ်လုပ်ထားပါတယ်’’ဟု ဦးထွန်းအောင်ကျော်က ပြောကြားသည်။

မူလက မောင်တောခရိုင်တွင် ပြုလုပ်ရန် စီစဉ်ထားသော်လည်း လုံခြုံရေးအခြေအနေအရ မကျင်းပတော့ကြောင်း ဦးထွန်းအောင်ကျော်က ဆိုသည်။ လက်ရှိတွင်  ဘူးသီးတောင်၊  မောင်တောနှင့်စစ်တွေမြို့တို့တွင် ARSA အကြမ်းဖက်မှု တစ်ကျော့ပြန် ပြန်လာမည်ဆိုသည့် သတင်းများကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ကင်းလှည့်နေရသည်။

‘‘လုပ်မယ့်နေရာကတော့ အစတုန်းကတော့ မောင်တောခရိုင်မှာလုပ်မယ်လို့ ကျွန်တော်တို့ ပါတီက ပထမတော့ စဉ်းစားကြတာပေါ့။ ဒါပေမဲ့ အခြေအနေက လုံခြုံရေး ကောလာဟလတွေလည်း အများကြီးပြန့်နေတယ်။ ဘယ်နေ့မှာဝင်ပြီးတော့ ဟိုဟာဖြစ်တော့ မလိုလို၊ တိုက်ခိုက်တော့မလိုလို၊ ဒီလိုပဲ ဝင်ပြီးတော့ သဘောတစ်ခုက အန္တရာယ်ပြုတော့မလိုလို ကျွန်တော်တို့ ရခိုင်နဲ့ရခိုင်မျိုးနွယ်စုတွေ ဟိုမှာက အဓိက,က လူဦးရေအားဖြင့် ဘင်္ဂါလီတွေက ၉၅ ရာခိုင်နှုန်းရှိနေတယ်။ ကျွန်တော်တို့ ရခိုင်နဲ့ ရခိုင်မျိုးနွယ်စုတွေ တခြားဝန်ထမ်းတွေအပါအဝင် လူဦးရေက ငါးရာခိုင်နှုန်းပဲရှိနေတယ်။ သူတို့ကြောက်မယ်ဆိုလည်း ကြောက်စရာပဲပေါ့ဗျာ။ အပြစ်ဆိုလို့လည်း မရဘူး။ နေ့စဉ်နဲ့အမျှ သူတို့က စိုးရိမ်ပူပင်မှုတွေနဲ့ ကြောက်လန့်မှုတွေ ဖြစ်နေတယ်။ အခုလည်း အဲဒီဒေသမှာ လုံခြုံရေးတွေ အရမ်းတင်းကျပ်ထားတဲ့အတွက် ကျွန်တော်တို့က အဲဒီနေရာမှာ သွားပြီးတော့ လုပ်မယ်ဆိုရင် အန္တရာယ်တစ်ခုခု အမှားအယွင်း တွေဖြစ်နိုင်တယ်’’ဟု ဦးထွန်းအောင်ကျော်က ပြောကြားသည်။

ထို့အတူ အကြမ်းဖက်မှုတစ်နှစ်ပြည့်မြောက်သည့်ကာလတွင် နယ်စပ်ဖြတ်ကျော်ပြီး အကြမ်းဖက်တိုက်ခိုက်မှုထပ်မံမဖြစ်လာရေးအတွက် နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များက နယ်စပ်ခြံစည်းရိုးတစ်လျှောက်တွင် လုံခြုံရေးစခန်းပေါင်း ၁၆၀ ကျော်ဖြင့် ဖြန့်ကြက်နေရာယူထားကြောင်း ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးအောင်မြတ်မိုးက ပြောကြားထားသည်။

ပြီးခဲ့သည့်နှစ် သြဂုတ် ၂၅ ရက်က ရခိုင်ပြည်နယ်အတွင်း ARSA အကြမ်းဖက်မှုဖြစ်စဉ်၌ မောင်တောမြို့နယ် ကျေးရွာအသီးသီးမှ အသက်သေဆုံးသွားကြသည့် ဟိန္ဒူဘာသာဝင် ၁၁၃ ဦးအတွက် ဘာသာရေး ထုံးတမ်းအ စဉ်အလာအရ နှစ်ပတ်လည်ဆုတောင်းပွဲကို သြဂုတ် ၁၅ ရက်တွင် မောင်တောမြို့ရှိ ဟိန္ဒူ ယာယီစခန်း၌  ပြုလုပ်ခဲ့သည်။

Most Read

Most Recent