တံတားများ၏ အရည်အသွေး၊ စံချိန်စံညွှန်းလျော့နည်း၍ တည်ဆောက်ခြင်း၊ ပြုပြင်ခြင်း၊ အရည်အသွေးစစ်ဆေးရာတွင် သိလျက်နှင့် တမင်ထိမ်ချန်ဆောင်ရွက်ပါက ထောင်ဒဏ်ခုနစ်နှစ်နှင့်အထက် ချမှတ်နိုင်သည့် တံတားကြီးများဥပဒေကြမ်း အမျိုးသားလွှတ်တော်သို့ တင်သွင်း

တံတားများ၏ အရည်အသွေး၊ စံချိန်စံညွှန်းလျော့နည်း၍ တည်ဆောက်ခြင်း၊ ပြုပြင်ခြင်း၊ အရည်အသွေးစစ်ဆေးရာတွင် သိလျက်နှင့် တမင်ထိမ်ချန်ဆောင်ရွက်ပါက ထောင်ဒဏ်ခုနစ်နှစ်နှင့်အထက် ချမှတ်နိုင်သည့် တံတားကြီးများဥပဒေကြမ်း အမျိုးသားလွှတ်တော်သို့ တင်သွင်း
Published 23 August 2018

နေပြည်တော်၌ သြဂုတ် ၂၁ ရက်က ကျင်းပသည့် အမျိုးသားလွှတ်တော်အစည်းအဝေးသို့ တက်ရောက်လာသော ကိုယ်စားလှယ်များ(ဓာတ်ပုံ-စိုးမင်းထိုက်)

တံတားများ၏ အရည်အသွေး၊ စံချိန်စံညွှန်း လျော့နည်း၍ တည်ဆောက်ခြင်း၊ ပြုပြင်ခြင်း၊ အရည်အသွေးစစ်ဆေးရာတွင် သိလျက်နှင့် တမင်ထိမ်ချန်ဆောင်ရွက်ပါက ထောင်ဒဏ်ခုနစ်နှစ်နှင့်အထက် ချမှတ်နိုင်သည့် တံတားကြီးများဥပဒေကြမ်းအား အမျိုးသားလွှတ်တော်သို့ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းက သြဂုတ် ၂၁ ရက်ကပြုလုပ်သည့် အမျိုးသားလွှတ်တော်အစည်းအဝေးတွင် တင်သွင်းခဲ့သည်။

တံတားကြီးများ ဥပဒေကြမ်း၏ အခန်း (၇)တားမြစ်ချက်များ အခန်းပုဒ်မ(၁၀)တွင် တံတားကြီးများ အဆင့်မြှင့်တင်တည်ဆောက်ခြင်း၊ တိုးချဲ့တည်ဆောက်ခြင်း၊ ထိန်းသိမ်းခြင်း၊ ပြုပြင်ခြင်း စသည့် လုပ်ငန်းဆောင်ရွက်နေသော တံတားကြီးများပေါ်တွင် မည်သည့်မော်တော်ယာဉ်၊ စက်ယန္တရား၊ ရထား သို့ မဟုတ် အနှေးယာဉ်မျှ ခွင့်ပြုချက်မရှိဘဲ ရပ်နားခြင်း သို့မဟုတ် ရပ်ဆိုင်းခြင်းမပြုရ။ ပုဒ်မ -၁၁(က) တံတားကြီးအင်္ဂါရပ်ကို ရည်ရွယ်ချက်ဖြင့် တမင်ဖျက်ဆီးခြင်း၊ ပျက်စီးစေခြင်း၊ ပေါ့လျော့မှုကြောင့် ပျက်စီးစေခြင်း၊ တံတားရေရှည်တည်တံ့ခိုင်မြဲမှုကို ထိခိုက်စေမည့် အပြုအမူများပြုလုပ်ခြင်း။ (ခ)သဘာဝဘေး အန္တရာယ်နှင့် လူပုဂ္ဂိုလ်တို့၏ ဖျက်ဆီးမှုများမှအပ ဖြစ်သည့် တံတားကြီး၏အရည်အသွေး၊ စံချိန်စံညွှန်း လျော့နည်း၍ တည်ဆောက်ခြင်း၊ ပြုပြင်ခြင်း၊ အရည်အသွေးစစ်ဆေးရာတွင် သိလျက်နှင့် တမင်ထိမ်ချန်ဆောင် ရွက်ခြင်းဟု အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီက ပြင်ဆင်ထားကြောင်း သိရသည်။

ဥပဒေကြမ်း၏ ပြစ်မှုပြစ်ဒဏ်အခန်း ပုဒ်မ ၁၄(က)ပုဒ်မ-၁၁၊ ပုဒ်မခွဲ(က၊ခ) ပါ တားမြစ်ချက် တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို ခုနစ်နှစ်နှင့်အထက် ထောင်ဒဏ် ချမှတ်ရမည့်အပြင် တံတားကြီးဆိုင်ရာပျက်စီးဆုံးရှုံးမှုတန်ဖိုး၏ နှစ်ဆကို ပေးလျော်စေရမည်။

ထို့ပြင် ပုဒ်မ-၁၁ ပုဒ်မခွဲ (ဂ၊ ဃ၊ ဇ၊ ဈ၊ ဌ) တို့ပါ တားမြစ်ချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို သုံးနှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ အနည်းဆုံးကျပ်ငါးသိန်း မှ အများဆုံး ကျပ်သိန်း ၅၀ အထိ ငွေဒဏ် ဖြစ်စေ၊ ဒဏ်နှစ်ရပ်စလုံးဖြစ်စေ ချမှတ်ရမည့်အပြင် တံတားကြီးဆိုင်ရာ ပျက်စီးဆုံးရှုံး မှုတန်ဖိုး၏နှစ်ဆကို ပေးလျော်စေရမည်ဟု ဥပဒေကြမ်းကော်မတီက ပြင်ဆင်ထားသည်။

တံတားကြီးများဥပဒေကြမ်း ပြဋ္ဌာန်းရခြင်း၏ ရည်ရွယ်ချက်များအနေဖြင့် တံတားကြီး အသစ်တည်ဆောက်ခြင်း၊ အဆင့်မြှင့်တင် တည်ဆောက်ခြင်း၊ တိုးချဲ့တည်ဆောက်ခြင်း၊ တံတားကြီးကြံ့ခိုင်မှုကိုစစ်ဆေးခြင်း၊ ထိန်းသိမ်းခြင်း၊ ပြုပြင်ခြင်း၊ ဖျက်သိမ်းခြင်း၊ လူပုဂ္ဂိုလ်၊ မော်တော်ယာဉ်နှင့်ရထား စသည်တို့၏ တံတားပေါ်အသုံးပြုမှုအပေါ် စီမံခန့်ခွဲခြင်း၊ ကြီးကြပ်ကွပ်ကဲခြင်း၊ တံတားအသုံးပြုခ ကောက်ခံခြင်းတို့ကို စနစ်တကျဆောင်ရွက်နိုင်ရန်အတွက် ဥပဒေကြမ်းကော်မတီက ပြင်ဆင်ထားကြောင်း သိရသည်။

ဥပဒေကြမ်း၏ အခန်း (၃) ဝန်ကြီးဌာန၏ လုပ်ငန်းတာဝန်နှင့် လုပ်ပိုင်ခွင့်များအခန်းတွင် တံတားကြီး အသစ်တည်ဆောက်ခြင်း၊ အဆင့်မြှင့်တင်တည်ဆောက်ခြင်း၊ တိုးချဲ့တည်ဆောက်ခြင်း၊ တံတားကြီးကြံ့ခိုင်မှုကို စစ်ဆေးခြင်း၊ တည်ဆောက်ပြီးတံတားများပြုပြင်ခြင်း၊ ထိန်းသိမ်းခြင်း၊ ဖျက်သိမ်းခြင်း တု့ိအတွက် နှစ်တို၊ နှစ်ရှည်စီမံကိန်းများနှင့်အထူးစီမံကိန်းများ ရင်းနှီးမြှုပ်နှံမှုစီမံကိန်းများကို အစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် ချမှတ်ဆောင်ရွက်ခြင်းဟု ဥပဒေကြမ်းကော်မတီက ပြင်ဆင်ထားသည်။

ယင်းဥပဒေကြမ်းနှင့်ပတ်သက်ပြီးဆွေးနွေးမည့် ကိုယ်စားလှယ်များအနေဖြင့် အမည်စာရင်း တင်သွင်းနိုင်ကြောင်း အမျိုးသား လွှတ်တော်ဥက္ကဋ္ဌက ပြောကြားထားသည်။

Most Read

Most Recent