၂၀၁၈ ခုနှစ် စက်တင်ဘာမှစ၍ ပြည်ပမှ စက်ဆီ၊ ချောဆီ တင်သွင်းမည်ဆိုပါက တင်သွင်းသည့်အကြိမ်တိုင်း နမူနာယူစစ်ဆေးမည်ဖြစ်ပြီး အရည်အသွေးမှန်ကန်မှသာ ပြည်တွင်း၌ ဖြန့်ဖြူးသုံးစွဲခွင့်ပြုမည်

၂၀၁၈ ခုနှစ် စက်တင်ဘာမှစ၍ ပြည်ပမှ စက်ဆီ၊ ချောဆီ တင်သွင်းမည်ဆိုပါက တင်သွင်းသည့်အကြိမ်တိုင်း နမူနာယူစစ်ဆေးမည်ဖြစ်ပြီး အရည်အသွေးမှန်ကန်မှသာ ပြည်တွင်း၌ ဖြန့်ဖြူးသုံးစွဲခွင့်ပြုမည်
Published 23 August 2018

ရန်ကုန်မြို့ရှိ စက်သုံးဆီ အရောင်းဆိုင်တစ်ဆိုင်ကို တွေ့ရစဉ်

၂၀၁၈ ခုနှစ် စက်တင်ဘာကစတင်၍  ပြည်ပမှစက်ဆီ၊ ချောဆီများ တင်သွင်းမည်ဆိုပါက တင်သွင်းသည့်အကြိမ်တိုင်း နမူနာရယူကာ အရည်အသွေးစစ်ဆေးသွားမည်ဖြစ်ပြီး အရည်အသွေးမှန်ကန်မှုရှိမှသာ ပြည်တွင်း၌ ဖြန့်ဖြူးသုံးစွဲခွင့်ပြုမည်ဖြစ်ကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာမှ သိရသည်။

ယခင်က လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ရေနံထွက်ပစ္စည်းရောင်းဝယ်ရေး လုပ်ငန်းအနေဖြင့် ပုဂ္ဂလိကလုပ်ငန်းရှင်၌ကုမ္ပဏီများ၏ ပြည်ပမှ စက်ဆီချော ဆီတင်သွင်းခြင်းနှင့် ပတ်သက်၍ စိစစ်ခွင့်ပြု ဆောင်ရွက်လျက်ရှိရာတွင် စက်ဆီချောဆီ New Brand ပထမအကြိမ် တင်သွင်းမှုကိုသာနမူနာရယူ၍ အရည်အသွေးဓာတ်ခွဲစမ်းသပ်စစ်ဆေးပြီး အရည်အသွေးမှန်ကန်ပါက ထုတ်ယူဖြန့်ဖြူး သုံးစွဲခွင့်ပြုခဲ့ခြင်းဖြစ်သည်။

၂၀၁၈ ခုနှစ် စက်တင်ဘာ ၁ ရက်မှ စတင်၍ တင်သွင်းသည့် အကြိမ်တိုင်းကို နမူနာရယူပြီး အရည်အသွေးဓာတ်ခွဲ စမ်းသပ် စစ်ဆေးသွားမည်ဖြစ်ပါကြောင်းနှင့် အရည်အသွေးမှန်ကန်မှုရှိမှသာ ထုတ်ယူ ဖြန့် ဖြူးသုံးစွဲခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။

ယခုကဲ့သို့ ဆောင်ရွက်ရခြင်းသည် ပြည်ပမှ တင်သွင်းသည့် စက်ဆီချောဆီတိုင်း အရည်အသွေး ကောင်းမွန်မှန်ကန်မှုရှိစေပြီး ပြည်တွင်းဈေးကွက်အတွင်း သုံးစွဲသူပြည်သူလူထု၏ ယုံကြည်မှုပိုမိုရရှိစေရေးအတွက် ဖြစ်ကြောင်း သိရသည်။

ဧပြီ ၁ ရက်မှ စက်တင်ဘာ ၃၀ ရက် အထိ ဘဏ္ဍာနှစ်ကြားကာလ ခြောက်လအဖြစ် သတ်မှတ်ထားရာ အဆိုပါကြားကာလ ဧပြီ ၁ ရက်မှ သြဂုတ် ၃ ရက် အထိ လေးလကျော်အတွင်း ပြည်ပမှ ရေနံထွက် ပစ္စည်းတင်သွင်းမှုသည် အမေရိကန် ဒေါ်လာ ၁,၃၀၆ သန်း အထိရှိကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

နိုင်ငံတကာ၌ စက်သုံးဆီဈေးနှုန်းမြင့်တက်မှုနှင့် ဒေါ်လာဈေးနှုန်းမြင့်တက်မှုများကြောင့် မေလအတွင်းက ပြည်တွင်း စက်သုံးဆီ ဈေးနှုန်းများမှာလည်း တစ်လီတာကို ကျပ်တစ်ရာခန့်အထိ မြင့်တက်ခဲ့ကြောင်း စက်သုံး ဆီအသင်းမှ သိရသည်။

ပြည်တွင်းစက်သုံးဆီဈေးနှုန်းသည် တစ်လအတွင်း တစ်လီတာကို ၁၀၀ ကျပ် အထိမြင့်တက်ခဲ့ပြီး ဆက်လက်ဖြစ်ပေါ်မည် ဈေးနှုန်းအတက်အကျကို မခန့်မှန်းနိုင်ကြောင်း မြန်မာနိုင်ငံ စက်သုံးဆီတင်သွင်း ဖြန့်ဖြူးရောင်းချသူများအသင်း အတွင်းရေးမှူး ဒေါက်တာဝင်းမြင့်က ပြီးခဲ့သည့်မေလအတွင်းက  ပြောကြားထားသည်။

သြဂုတ်လအတွင်း ကမ္ဘာ့ရေနံဈေးကျဆင်းသော်လည်း ဒေါ်လာဈေးမြင့်တက်ခြင်းကြောင့် ပြည်တွင်းစက်သုံးဆီဈေးနှုန်း တစ်လီတာ ကျပ် ၆၀-၇၀ ကြားဈေးတက်ခဲ့ပြီး မေ ၁၈ ရက်ဈေးနှုန်းနှင့်နှိုင်းယှဉ်ပါက ခုနစ်ရာခိုင်နှုန်းနီးပါးမှ ရှစ်ရာခိုင်နှုန်းကျော်အထိ မြင့်တက်ခဲ့ကြောင်း စက်သုံးဆီအရောင်းဆိုင်များထံမှ သိရသည်။

ပြည်တွင်းဈေးကွက်အတွင်းရောင်းချလျက်ရှိသော စက်သုံးဆီဈေးနှုန်းသည် ကမ္ဘာ့စက်သုံးဆီဈေးနှုန်း၊ နိုင်ငံခြားငွေလဲနှုန်းနှင့် သယ်ယူပို့ဆောင်ရေး စရိတ်အပေါ်အခြေခံပြီး ဈေးနှုန်းအပြောင်းအလဲဖြစ်ပေါ်ခြင်းဖြစ် သည်ဟု စက်သုံးဆီတင်သွင်းနေသည့် လုပ်ငန်းရှင်များက ဆိုသည်။ ပြီးခဲ့သည့် ဇူလိုင် ၁၀ ရက်ဈေးနှင့်နှိုင်းယှဉ်ပါက ကမ္ဘာ့ရေနံဈေးသည် ကိုးရာခိုင်နှုန်းကျော်ကျဆင်းခဲ့ပြီး ဒေါ်လာဈေးသည် နှစ်လကျော်အတွင်း ၁၀ ရာခိုင်နှုန်းကျော် မြင့်တက်ခဲ့ခြင်းဖြစ်သည်။

ပြည်တွင်းဈေးကွက်တွင် သြဂုတ် ၂၁ ရက်က ဒီဇယ်တစ်လီတာလျှင် လက်လီဈေး ၉၅၅ ကျပ်မှ ၉၇၀ ကျပ်အထိ လည်းကောင်း၊ လက်ကားဈေးမှာမူ ကျပ် ၉၄၀ မှ ၉၅၀ အထိ လည်းကောင်း၊ ပရီမီယံဒီဇယ် တစ်လီတာ လျှင် လက်လီဈေး ၉၆၅ ကျပ် မှ ၉၈၀ အထိ လည်းကောင်း၊ လက်ကားဈေးမှာ တစ်လီတာကို ၉၅၀ ကျပ်မှ ၉၆၀ အထိ လည်းကောင်း၊ အောက်တိန်း 92 Ron တစ်လီတာလျှင် လက်လီဈေး ၉၂၀ ကျပ်မှ ၉၄၀ အထိလည်းကောင်း၊ လက်ကားဈေးမှာကျပ် ၉၁၅ မှ ၉၃၅ အထိလည်းကောင်း၊ အောက်တိန်း  95 Ron တစ်လီတာလျှင် လက်လီဈေး ၉၆၅ ကျပ်မှ ၉၈၅ ကျပ်အထိလည်းကောင်း၊ လက်ကားဈေးမှာ ကျပ်၉၅၀ မှ ၉၆၀ အထိ လည်းကောင်းဈေးရှိကြောင်း မြန်မာနိုင်ငံ စက်သုံးဆီ တင်သွင်းရောင်းချဖြန့်ဖြူးရေးအသင်းမှ ထုတ်ပြန်ထားသည်။

Most Read

Most Recent