<

လက်ရှိအချိန်အထိ ပြည်ပသို့ ပဲမျိုးစုံ တန်ချိန် ခြောက်သိန်းကျော်သာ တင်ပို့ထား

၂၀၁၈ခုနှစ် လက်ရှိအချိန်အထိ ပြည်ပသို့ ပဲမျိုးစုံတန်ချိန်ခြောက်သိန်းကျော်သာ တင်ပို့ထားကြောင်း စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် ဦးတိုးအောင်မြင့်က ပြောကြားသည်။

“သြဂုတ်လအထိ တန်ချိန်ခြောက်သိန်း တင်ပို့ထားပါတယ်။ ပဲတင်ပို့မှုမှာ Market Demend ပေါ်မူတည်ပြီးတော့ လျာထားချက် မပြည့်လည်း ဈေးတွေကျနေရင် မရောင်းဘဲ ကိုင်ထားတာ ပိုကောင်းတယ်လေ၊ လျာထားချက် ပြည့်မီအောင် ရှုံးရှုံးရောင်းတယ်ဆိုတာမျိုးက  Market Economy မှာ မလုပ်သင့်ဘူးပေါ့”  ဟု ဦးတိုးအောင်မြင့်ကဆိုသည်။

အိန္ဒိယနိုင်ငံ၏ ယခုနှစ်အတွက် ပဲဝယ်ယူမည့်ကိုတာ(Quota) သတ်မှတ်ချက်ကို သြဂုတ်လအထိသာ ၀ယ်ယူမည်ဟုသတ်မှတ်ခဲ့သည့်အတွက် မိမိပဲမရောင်းလိုက်ရမည်ကို စိုးရိမ်ပြီး အလုအယက်ရောင်းချခြင်းမျိုးဖြစ်ပေါ်လာကာ ပြည်တွင်း၌ ပဲဈေးထပ်မံကျဆင်းနေကြောင်းနှင့် ယင်းအခြေအနေအတွက် နည်းလမ်းရှာဖွေ ထိန်းကြောင်းနိုင်ရေး ၀ိုင်းဝန်းဆွေးနွေး အဖြေရှာရမည်ဖြစ်ကြောင်း နိုင်ငံတော်ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက ပြောကြားထားသည်။

မြန်မာနိုင်ငံတွင် ပဲမျိုးစုံသီးနှံစိုက်ပျိုးထုတ်လုပ်မှုသည် စုစုပေါင်းစိုက်ပျိုးသီးနှံထုတ်လုပ်မှု၏ ၂၁ရာခိုင်နှုန်းခန့် စိုက်ပျိုးလျက်ရှိသည်။မြန်မာနိုင်ငံ၏ ပဲမျိုးစုံစိုက်ပျိုးထုတ်လုပ်နိုင်မှုသည် အရှေ့တောင်အာရှနိုင်ငံများအနေဖြင့် ဦးဆောင်နိုင်ငံတစ်ခု ဖြစ်ကြောင်း၊ ၂၀၁၇-၂၀၁၈ ခုနှစ်တွင် မိုးရာသီတွင် စိုက်ဧကပေါင်း  ၃ ဒသမ ၈၉ သန်းနှင့်ဆောင်းရာသီတွင် ၇ ဒသမ ၀၇ ဧကသန်းပေါင်းဖြင့် စုစုပေါင်း ပဲမျိုးစုံစိုက်ဧရိယာ ဧကသန်းပေါင်း ၁၀ ဒသမ ၉၆ သန်းကို စိုက်ပျိုးထုတ်လုပ်နိုင်ခဲ့ကြောင်း စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက ပြောကြားသည်။

August 22, 2018














Copy Protected by Chetan's WP-Copyprotect.