ဟင်္သာတအကျဉ်းထောင်မှ အကျဉ်းသားနှစ်ဦးနှင့် အချုပ်သား တစ်ဦး ထွက်ပြေးမှု သုံးနှစ်ခွဲကျော်သည်အထိ တရားခံများ လွတ်မြောက်နေဆဲဖြစ်

ဟင်္သာတအကျဉ်းထောင်မှ အကျဉ်းသားနှစ်ဦးနှင့် အချုပ်သား တစ်ဦး ထွက်ပြေးမှု သုံးနှစ်ခွဲကျော်သည်အထိ တရားခံများ လွတ်မြောက်နေဆဲဖြစ်
Published 23 August 2018

အကျဉ်းထောင်အုတ်ရိုး၌ အဝတ်နှင့် စောင်တို့ကိုအသုံးပြုကာ ၂၀၁၅ ခုနှစ် ဇန်နဝါရီ ၂၁ ရက် နံနက်အစောပိုင်းအချိန် ကျော်တက်ထွက်ပြေးသွားခဲ့စဉ်

ဟင်္သာတအကျဉ်းထောင်မှ အကျဉ်းသားနှစ်ဦးနှင့် အချုပ်သားတစ်ဦးထွက်ပြေးမှု သုံးနှစ်ခွဲကျော်ကြာသည်အထိ တရားခံများ ဖမ်းမမိသေးဘဲ လွတ်မြောက်နေဆဲဖြစ်ကြောင်း သိရသည်။

၂၀၁၅ ခုနှစ် ဇန်နဝါရီ ၂၁ ရက်က အဆိုပါ ဖြစ်စဉ်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အကျဉ်းထောင်မှ ထွက်ပြေးခဲ့သူသုံးဦးစလုံးကို ယခုချိန်အထိ ဖမ်းမမိသေးခြင်းဖြစ်ကြောင်း သိရသည်။

“ဖမ်းမမိသေးပါဘူး။ ကျွန်တော်တို့လည်း လိုက်ပြီး စုံစမ်းနေတယ်။ ဒီမှာတော့ မရှိပါဘူး” ဟု ဟင်္သာတမြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက ဖြေကြားသည်။

ဟင်္သာတအကျဉ်းထောင်မှ ထွက်ပြေးခဲ့သူ သုံးဦးမှာ အကျဉ်းထောင်အတွင်းတရားစခန်းပြုလုပ်ထားသည့် အဆောင်အပေါ်ထပ် ကြမ်းခင်းကိုခွာပြီး အောက်ထပ်သို့ဆင်းကာ မျဉ်းတန်းကိုဖြုတ်၍ ထွက်သွားခဲ့ပြီးနောက် ဟင်္သာတ အ.ထ.က (၁) ကျောင်းဘက်ရှိ အကျဉ်းထောင်အုတ်ရိုး၌ အဝတ်နှင့်စောင်တို့ကိုအသုံးပြုကာ နံနက်အစောပိုင်းအချိန် ကျော်တက် ထွက်ပြေးသွားခဲ့ခြင်းဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီး၊ အကျဉ်းဦးစီးဌာန ညွှန်ကြားရေးမှူးက သုံးသပ် ပြောကြားသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ဌာနတွင်း စုံစမ်းစစ်ဆေးမှုများပြုလုပ်ခဲ့ပြီး အကျဉ်းထောင် တာဝန်ခံအရာရှိနှင့် ဒုတိယတာဝန်ခံအရာရှိ ကြီးကြပ်ရေးမှူးအား ထုတ်ပစ်ပြစ်ဒဏ်၊ တာဝန်မှူးကျ ဒုကြီးကြပ်ရေးမှူးနှင့် တာဝန်ကြပ်ကျ တပ်ကြပ်ကြီးအား ထုတ်ပယ် ပြစ်ဒဏ်ချမှတ်ခဲ့ကာ ဗဟိုကင်းနှင့် မျှော်စင်ကင်း တာဝန်ကျ တပ်သားနှစ်ဦးအားရာထူးမှ ထုတ်ပစ်ပြစ်ဒဏ်၊ အကျဉ်းသားနှစ်ဦးနှင့် အချုပ်သားတစ်ဦးတို့ ထွက်ပြေးခဲ့သည့် အိပ်ဆောင် ၅ တာဝန်ကျတပ်သားနှစ်ဦးအား ရာထူးမှ ထုတ်ပစ်ပြစ်ဒဏ်နှင့် ထောင်ဒဏ် သုံးလပြစ်ဒဏ်ချမှတ်ခဲ့ကြောင်း သိရသည်။

ဟင်္သာတအကျဉ်းထောင်မှ ထွက်ပြေးသွားသူ သုံးဦးမှာ ပြစ်မှုပုဒ်မ ၃၈၀/၇၅ ပြစ်မှုဟောင်းရှိ နှစ်ဆပြစ်ဒဏ် ထောင်ဒဏ် သုံးနှစ်ကျခံနေရသည့် တရားခံ သက်ပိုင်စိုး (ခ) အုန်းသီး ၂၁ နှစ်၊ အဖဦးစိုးမြင့်၊ ပြစ်မှု ပုဒ်မ ၃၈၀ ဖြင့် ထောင်ဒဏ်တစ်နှစ်ကျခံနေ ရသည့် ထွန်းထွန်းနိုင ်(ခ) လဒူ အသက် ၂၀ နှစ်၊ အဘ ဦးအဲဗားသိန်းနု (ခ) ဖိုးထောင်နှင့် ပြည်သူပိုင် ၆ (၁) အမှုဖြင့် တရားရုံးစစ်ဆေးဆဲ (တရားရင်ဆိုင်ဆဲ အချုပ်သား) ဖိုးချို (ခ)ကျော်ဇေယျ အသက် ၂၀ နှစ် အဘ ဦးကိုဝင်းတို့ဖြစ်ကြောင်း ရဲမှတ်တမ်းများအရ သိရသည်။

Most Read

Most Recent