ပခုက္ကူခရိုင် ပေါက်မြို့နယ်အတွင်း တရားမဝင်ရေနံချက်လုပ်နေသည့် ရေနံချက်ဖိုများကို တိုင်းရဲတပ်ဖွဲ့က ဝင်ရောက်ဖမ်းဆီးရာ ချက်ဖို ၇၈ ဖို သိမ်းဆည်းရမိ

ပခုက္ကူခရိုင် ပေါက်မြို့နယ်အတွင်း တရားမဝင်ရေနံချက်လုပ်နေသည့် ရေနံချက်ဖိုများကို တိုင်းရဲတပ်ဖွဲ့က ဝင်ရောက်ဖမ်းဆီးရာ ချက်ဖို ၇၈ ဖို သိမ်းဆည်းရမိ
Published 23 August 2018

ပေါက်မြို့နယ်အတွင်းမှ ဖမ်းဆီးရမိသည့် တရားမဝင်ရေနံချက်ဖိုများအား တွေ့ရစဉ်

ပခုက္ကူခရိုင် ပေါက်မြို့နယ်အတွင်း ရေနံထွက်ရှိရာ ကျေးရွာသုံးရွာအနီး ရေနံမှော်များအတွင်း တရားမဝင်ချက် လုပ်နေသည့် ရေနံချက်ဖိုများအား တိုင်းရဲတပ်ဖွဲ့မှ ဝင်ရောက် ဖမ်းဆီးရာချက်ဖို  ၇၈ ဖို သိမ်းဆည်းရမိကြောင်း တာဝန်ရှိသူများထံမှ သိရသည်။

သြဂုတ် ၁၈ ရက်မှ ၂၀ ရက်ထိ တရားမဝင် ရေနံချက်ဖိုများအား ဝင်ရောက်ရှာဖွေဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ပေါက်မြို့နယ်အတွင်း သရက်ကန် ၊ လက်ပံတို ၊ လယ်အိုကျေးရွာနယ်မြေများမှ ရေနံချက်ဖို ၇၈ ဖိုနှင့် ရေနံထွက် ပစ္စည်းများအား ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ပေါက်မြို့နယ်အတွင်း သရက်ကန်ကျေးရွာနယ်မြေမှ ရေနံချက်ဖို ၅၅ ဖို၊ ရေနံစိမ်း ၁၁၅၅ ဂါလန်၊ ဒီဇယ် (ချက်ဆီ) ၈၂၀ ဂါလန်၊ ရေနံချေး ၂၈၁၀ ဂါလန်နှင့် ပီပါခွံ ၃၀၇ ခု တို့အား ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း ရဲတပ် ဖွဲ့မှတ်တမ်းများအရ သိရသည်။

ပေါက်မြို့နယ်အတွင်း လက်ပံတိုကျေးရွာ နယ်မြေမှ ရေနံချက်ဖို ၄ ဖို ၊ ရေနံစိမ်း ၅၅၀ ဂါလန်၊ ဒီဇယ် (ချက်ဆီ) ၄၅၀ ဂါလန်နှင့် ပီ ပါခွံ ၃၀၇ ခုတို့အား ရဲမှူးစိုးဝင်းဦးစီးသည့် အဖွဲ့မှ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့ မှတ်တမ်းများအရ သိရသည်။

ပေါက်မြို့နယ်အတွင်း သရက်ကန်ကျေးရွာ နယ်မြေမှ ရေနံချက်ဖို ၅၅ ဖို၊ ရေနံစိမ်း ၁၁၅၅ ဂါလန်၊ ဒီဇယ် (ချက်ဆီ ) ၈၂၀ ဂါလန်၊ ရေနံချေး ၂၈၁၀ ဂါလန်နှင့် ပီပါခွံ ၃၀၇ ခု တို့အား ရဲမှူးဌေးဝင်း ဦးစီးသည့်အဖွဲ့မှ ဖမ်း ဆီးရမိခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့မှတ်တမ်းများအရ သိရသည်။

ပေါက်မြို့နယ်အတွင်း လယ်အိုကျေးရွာနယ်မြေမှ တရားမဝင် ရေနံချက်ဖို ၁၉ ဖို ၊ ရေနံစိမ်း ၁၁၀၀ ဂါလန်၊ ရေနံချေး ၂၇၇၀ ဂါလန်နှင့် ပီပါခွံ ၈၉ ခုတို့အား ဖမ်းဆီးရမိခဲ့ ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့မှတ်တမ်းများအရ သိရသည်။

“အထက်တာဝန်ပေးချက်အရ ကျွန်တော်တို့ ပေါက်မြို့နယ် သရက်ကန်ကျေးရွာ လက်ပံတိုကျေးရွာနဲ့ လယ်အိုကျေးရွာသုံးရွာကို တရားမဝင်ရေနံစိမ်းတွေ ခိုးချက်နေတဲ့ အဖွဲ့ကို ရှာဖွေတာပါ။ ကျွန်တော်တို့အနေနဲ့ သုံးရက်ရှာဖွေမှုတွေ လုပ်တယ်။ တရားမဝင်လုပ်တဲ့ ရေနံချက်ဖိုတွေ တွေ့ရှိ ဖမ်းဆီးရမိပါတယ်” ဟု မကွေးတိုင်း ခရိုင်ဒုတပ်ဖွဲ့မှ ဒုခရိုင် ရဲတပ်ဖွဲ့မှူး ရဲမှူးစိုးဝင်းက ပြောကြားသည်။

တရားမဝင် ရေနံချက်ဖိုများ သိမ်းဆည်းရမိသော်လည်း ရေနံချက်လုပ်သူများအား ဖမ်းဆီး ရမိခြင်း မရှိသည့်အတွက် ဆက်လက်စုံစမ်းဖော်ထုတ်မည်ဖြစ်ပြီး ပေါက်မြို့နယ် ရေပြာရဲစခန်းတွင် အမှုဖွင့်ဆောင်ရွက်ထားကြောင်း သိရသည်။

“ပခုက္ကူခရိုင် ပေါက်မြို့နယ်ထဲက လက်ပံတိုရယ် လယ်အိုရယ်စတဲ့ နေရာတွေမှာ တရားမဝင် ရေနံချက်ဖိုတွေ ကြားသိရတဲ့အတွက် ခိုင်ခိုင်မာမာ သတင်းကြားတဲ့အတွက် တိုင်းအစိုးရအဖွဲ့က စီမံချက်ချပြီး ၁၈ ရက်က နေ ၂၁ ရက်ထိ နယ်မြေကွင်းဆင်း ရှာဖွေဖော် ထုတ်ဖမ်းဆီးတယ်။ ကျွန်တော်က စွမ်းအင်ဝန်ကြီးလည်းဖြစ် တိုင်းအစိုးရအဖွဲ့မှာ ပခုက္ကူခရိုင်ကို တာဝန်ယူရတဲ့သူဖြစ်တဲ့အတွက် ခပ်လှမ်းလှမ်းကနေ ကြီးကြပ်တဲ့ သဘောပါ။ နယ်လုံဝန်ကြီးက စီစဉ်ပြီး တိုင်းရဲတပ်ဖွဲ့မှူးကနေ ရဲမှူးအဆင့်ရှိတဲ့ ရဲမှူးစိုးဝင်းဦးစီးတဲ့ အဖွဲ့က ရှာဖွေဖမ်းဆီးတာဖြစ်ပါတယ်” ဟု မကွေးတိုင်းဒေသကြီး သဘာဝသယံဇာတ၊ သစ်တော၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဦးမြင့် ဇော်ကပြောကြားသည်။

ပေါက်မြို့နယ်အတွင်း လက်ယက်တွင်း ရေနံမှော်များထွက်ရှိသည့် ရေနံစိမ်းများ တိုင်းဒေသကြီးအစိုးရထံ အခွန်ပေးဆောင်၍ စစ်ကိုင်းတိုင်း မုံရွာမြို့သို့ တင်ပို့ကြောင်း၊ ယခုအခါ ရေနံစိမ်းဝယ်ယူသူများမှ ဈေးနှိမ်ဝယ်ယူ သည့်အတွက် ကိုယ်တိုင်ချက်လုပ်ရခြင်းဖြစ်ကြောင်း ဒေသခံအချို့က ပြောကြားသည်။

Most Read

Most Recent