ခန္တီးမြို့နယ်ရှိ ကျေးရွာအချို့တွင် ရွှေတူးဖော်မှုလုပ်ငန်းကြောင့် သဘာဝပတ်ဝန်းကျင်ပျက်စီးမှုကို ဒေသခံများ ဆိုးရွားစွာခံစားနေရ

ခန္တီးမြို့နယ်ရှိ ကျေးရွာအချို့တွင် ရွှေတူးဖော်မှုလုပ်ငန်းကြောင့် သဘာဝပတ်ဝန်းကျင်ပျက်စီးမှုကို ဒေသခံများ ဆိုးရွားစွာခံစားနေရ
Published 23 August 2018

ခန္တီးမြို့နယ် မှန်ပင်ကျေးရွာအနီး ရွှေတူးဖော်ခဲ့သောနေရာဟောင်းကို တွေ့ရစဉ်

စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးမြို့နယ်ရှိ ကျေးရွာအချို့တွင် ရွှေတူးဖော်မှုလုပ်ငန်းကြောင့် သဘာဝပတ်ဝန်းကျင်ပျက်စီးမှု ဆိုးကျိုးများကို ဒေသခံကျေးရွာသားများခံစားနေရကြောင်း သိရသည်။

ခန္တီးမြို့နယ်ရှိ ချင်းတွင်းမြစ်အရှေ့ဘက်ကမ်း ကျေးရွာများဖြစ်သော မှန်ပင်၊ ဖောင်ဆိုင်နှင့် ကောင်းမှု စသည့်ကျေးရွာများတွင် ရွှေတူးဖော်မှုများကြောင့် ကျန်ရှိခဲ့သော ကြီးမားသည့် ကျင်း၊ ချိုင့်များ တောင်ကတုံးများကြောင့် ကျွဲ၊ နွား စသည့်လယ်ယာသုံးတိရစ္ဆာန်များ သေဆုံးကြရပြီး ဖြတ်သန်းသွားလာသူများ၊ ကလေးငယ်များ ထိခိုက်ဒဏ်ရာရရှိမှုများ ဖြစ်နေကြောင်း  မှန်ပင်ရွာသားတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

“အခုချိန်မှာတော့ ရွှေမျောတွေ သိပ်မရှိတော့ဘူး။  ဒါပေမဲ့ သူတို့လုပ်ခဲ့တဲ့အကျိုးဆက်ကိုဒေသခံတွေက အခုချိန်အထိခံစားနေရတယ်။ ကျွန်တော်တို့ကြားဖူးတာကတော့ သတ္တုတူးဖော်မှုပဲဖြစ်ဖြစ်၊ ကျောက် မျက်တူးဖော်မှုပဲဖြစ်ဖြစ် ဒီလိုတူးဖော်မှုတွေပြီးရင် ချိုင့်ခွက်၊ ချိုင့်ဝှမ်းကျန်ခဲ့တာ ပြန်ဖြည့်ပေးရမယ်၊ ပြင်ပေးရမယ်။ အပင်တွေပြန်စိုက်ပေးခဲ့ရမယ်လို့ သိထားတာလေ။ ဒါပေမဲ့ ဒီမှာက ဘာတစ်ခုမှမလုပ်ပေးဘဲ ပြန်ထွက်သွား ကြတယ်။ ကျင်းတွေ၊ ချိုင့်တွေပြန်မဖို့ပေးတော့ ကျွဲ၊ နွားတွေ အဲဒီထဲပြုတ်ကျပြီး သေတာတွေ များလာတယ်။  လယ်ယာလုပ်ကိုင်တဲ့ ရွာသားတွေအတွက်က ကျွဲ၊ နွားတစ်ကောင် ဆို ဆိုသလောက် ထိခိုက်နစ်နာရပါတယ်။ နောက်ပြီး ကလေးငယ်တွေလည်း ပြေးလွှားရင်း၊ ဆော့ကစားရင်း၊ ပြုတ်ကျမှာ ထိခိုက်ဒဏ်ရာရမှာ စိုးရိမ်နေရတယ်။ လူကြီးတစ်ယောက် အဲဒီလိုကျင်းထဲ မနှစ်က မတော်တဆပြုတ်ကျလို့ ဆေးရုံတက်ပြီး အကြာကြီးဆေးကုလိုက်ရတယ်။  နောက်ပြီး ဒီလိုတူးဖော်မှုကြောင့် တချို့လယ်ယာတွေ ပျက်စီးသွားတာလည်း အခုချိန်အထိ ပြန်စိုက်ပျိုးလို့ မရတော့ဘူး။ နောက်ပြီး ရွာအနီးတစ်ဝိုက်ဆိုရင်  ဘာသစ်ပင် သစ်တောမှ မရှိ တော့ဘူး။ အကုန်လုံးက တောင်ကတုံးတွေ လွင်ပြင်တွေဖြစ်ကုန်ပြီ” ဟု မှန်ပင်ရွာသားတစ်ဦးက ပြောကြားသည်။

ခန္တီးမြို့နယ်ရှိ မှန်ပင်၊ ဖောင်ဆိုင်နှင့် ကောင်းမှုကျေးရွာအနီးတွင် ၂၀၁၂-၂၀၁၃ ခုနှစ်မှစတင်၍ ရွှေတူးဖော်မှုများကို အလွန်အကျွံ ပြုလုပ်ခဲ့ကြပြီး ထိုသို့တူးဖော်မှုများကြောင့် သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုများကို ပြန်လည်ပြုပြင်ပေးရန် တာဝန်ရှိသူများ ကျေးရွာသို့လာရောက်စဉ်တွင် တင်ပြသော်လည်း ထူးခြားမှုမရှိကြောင်းသိရသည်။

“ကျောက်မျက်တူးဖော်ရေးကနေပြီး လွန်ခဲ့တဲ့ ၂၀၁၂-၂၀၁၃ လောက်က မှန်ပင်၊ ဖောင်ဆိုင်နဲ့ ကောင်းမှုကျေးရွာတစ်လျှောက်ကို ညောင်တစ်လျှောက်  ကျောက်မျက်တူးဖော်ရေး ဒေသ သတ်မှတ်တယ်။ ကျောက်တူးဖော်ရေး သတ်မှတ်လိုက်ပေမယ့် ရွှေပဲရှာနေကြတော့ အဲဒီဒေသတွေ အကုန်လုံးသဘာဝပတ်ဝန်းကျင် ပျက်စီးကုန်တာ။ ပထမသူတို့ လာလုပ်တော့ ရွာကရပ်မိရပ်ဖတွေ၊ ရွာသူရွာသားတွေ တားမြစ်ပါသေးတယ်။ တားပေမယ့် သူတို့က ဌာနတွေနဲ့လာကြတယ်။ ခွင့်ပြုချက် ရထားတယ်ဆိုတော့ ကျွန်တော်တို့လည်း တားလို့မရတော့ဘူးပေါ့။ အဲဒီအချိန်ကစပြီး ဒီဒေသက သဘာဝပတ်ဝန်းကျင်တွေ အကုန်ပျက်စီးကုန်တာ။ ချင်းတွင်းမြစ်ကမ်းနံဘေးဆိုရင်လည်း ကြည့်မကောင်း မြင်မကောင်းနဲ့ မြစ်ထဲကိုလည်းမျှောပြီး (ရွှေတူးဖော်သည့် စွန့်ပစ်မြေစာတွေ) ပစ်ကြတာ။  မြစ်ကမ်းနံဘေးရော တောတောင်တွေရော အကုန်ပျက်စီးကုန်တာ။ ဖောင်ဆိုင်ရွာဆိုရင် သဘာဝပတ်ဝန်းကျင် ပျက်စီးမှု အတော်လေးများတယ်။  ဖောင်ဆိုင်ရွာအနီးတစ်ဝိုက်  ဧက ၁၀၀ လောက်က ချိုင့်တွေ၊ ခွက်တွေ၊ ကျင်းတွေ၊ မျောမြီးခုံ (ရွှေတူးဖော်ရာမှ စွန့်ပစ်မြေစာဖုံး လွှမ်းသည့်နေရာ) တွေနဲ့ ပြည့်နေတာ။ ကျွန်တော်တို့က ဒီချိုင့်ခွက် ချိုင့်ဝှမ်းတွေကို ပြန်ဖြည့်စေချင်၊ ပြန်ပြင်ပေးစေချင်တယ်။ ဒါတွေပြန်ပြင်ပေးဖို့ ရွာကို ရောက်လာတဲ့ လူကြီးတွေတိုင်းကို တင်ပြဖူးပေမယ့် သူတို့က ကျောက်မျက်နဲ့ပဲဆိုင်တယ်၊ သတ္တုနဲ့ပဲဆိုင်တယ်ဆိုပြီး ပြန်ပြောကြတယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနမှ ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီ ၁၃  ရက်တွင် ထုတ်ပြန်ကြေညာသော မြန်မာ့သတ္တုတွင်း နည်းဥပဒေမှ နည်းဥပဒေ ၁၉၃ (ခ) တွင် ဓာတ်သတ္တုထုတ်လုပ်မှုလုပ်ငန်း ပြီးဆုံးသည့်အခါဖြစ်စေ၊ ပိတ်သိမ်းသည့်အခါဖြစ်စေ၊ ခွင့်ပြုမိန့်ရသူက လုပ်ငန်း မြေနေရာကို သတ္တုတွင်းပိတ်သိမ်းမှုအစီအစဉ်ပါအတိုင်း သတ္တုတွင်းပိတ်သိမ်းရေး ရန်ပုံငွေဖြင့် မြေယာပြုပြင်ခြင်း၊ ထိန်းသိမ်း ခြင်း၊ ပြန်လည်ထူထောင်ခြင်းနှင့် စိမ်းလန်း စိုပြည်ရေးလုပ်ငန်းများ ဆောင်ရွက်ရမည်ဟု ဖော်ပြထားသည်။

Most Read

Most Recent