သံလွင်မြစ်ရေ ဆက်လက်မြင့်တက်နေပြီး ဝါခေါင်လပြည့်တက်ရေနှင့် ပေါင်းစပ်မိပါက ယခုလအတွင်း စံချိန်တင်ထားသည့် စိုးရိမ်ရေအမှတ် ၉၃၈ စင်တီမီတာ အထက်သို့ကျော်လွန်နိုင်ဟုဆို

သံလွင်မြစ်ရေ ဆက်လက်မြင့်တက်နေပြီး ဝါခေါင်လပြည့်တက်ရေနှင့် ပေါင်းစပ်မိပါက ယခုလအတွင်း စံချိန်တင်ထားသည့် စိုးရိမ်ရေအမှတ် ၉၃၈ စင်တီမီတာ အထက်သို့ကျော်လွန်နိုင်ဟုဆို
Published 22 August 2018

ကရင်ပြည်နယ်အတွင်း ရေကြီးရေလျှံဖြစ်မှုကြောင့် အခက်အခဲကြုံတွေ့နေရသူများကို ကူညီကယ်ဆယ်မှုအား ဇူလိုင်လအတွင်းက တွေ့ရစဉ်

သံလွင်မြစ်ရေချိန်သည် သြဂုတ် ၂၁ ရက် နံနက် ၆ နာရီ တိုင်းထွာချက်အရ ၉၁၂  စင်တီမီတာသို့ ဆက်လက် မြင့်တက်လျက်ရှိပြီး လာမည့်ဝါခေါင်လပြည့် တက်ရေနှင့် ပေါင်းစပ်မိပါက ယခုလအတွင်း စံချိန်တင်ထားသည့် စိုးရိမ်ရေအမှတ် ၉၃၈ စင်တီမီတာ အထက်သို့ ကျော်လွန်ရောက်ရှိနိုင်ကြောင်း ဒေသခံများက သုံးသပ်ပြောကြားသည်။

“ရေက ကျဆင်းသလိုလိုနဲ့ တစ်နေ့ တစ်နေ့ မြင့်တက်လာတယ်။ ရေသေရက်မှာတောင် ၉၀၀ ကျော်မှာရှိနေရင် အဲဒီရေအခံနဲ့ လပြည့်ရေပေါင်းစပ်ပြီး စံချိန်ချိုးထားတဲ့ ၉၃၈ စင်တီမီတာကို ကျော်လွန်ရောက်ရှိနိုင်ပါတယ်” ဟု ဘားအံမြို့ ကမ်းနားလမ်းမှ ဦးသန်းဌေးက ပြောကြားသည်။

သံလွင်မြစ်ရေနှင့် တောင်ကျချောင်းရေ စီးဆင်းမှုကြောင့် ကရင်ပြည်နယ်အတွင်း ဘားအံ-လှိုင်းဘွဲ-ကော့ကရိတ်-မြဝတီနှင့် ဖာပွန်မြို့နယ်များတွင် (သြဂုတ် ၂၁ ရက် စာရင်းဇယားအရ) အိမ်ထောင်စု ၅၃၄၂ စု၊ လူဦးရေ ၂၄၉၄၅ ဦး ရေဘေးကယ်ဆယ်ရေး စုရပ်စခန်းတွင် ခိုလှုံလျက်ရှိကြောင်း သိရသည်။

ကရင်ပြည်နယ်အတွင်း ရေဘေးဖြစ်စဉ်ကြောင့် မြို့နယ်ငါးမြို့နယ်ရှိ ရေဘေးသင့်ပြည်သူ အိမ်ထောင်စု ၅၃၄၂ စုလူဦးရေ ၂၄၉၄၅ ဦးတို့အား ပြည်နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဦးစီးဌာနမှ ဆန်၊ ဆီ၊ ငါးသေတ္တာ၊ ကြက်ဥ၊ ခေါက်ဆွဲထုပ်၊ ရေသန့်ဘူး တန်ဖိုး ကျပ် ၆၇၃၆၄၀၀၀၊ ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီး ကရင်ပြည်နယ်သို့ လာရောက်သည့် ခရီးစဉ်တွင် မျက်နှာသုတ်ပဝါ၊ ဆပ်ပြာ၊ တီရှပ်စသည့် ကယ်ဆယ်ရေး ပစ္စည်းခြောက်မျိုး တန်ဖိုး ကျပ်သိန်း ၁၁၁၅၉၀၀၀ ပေးအပ်ခဲ့ကြောင်း သိရသည်။

“ရေလွှမ်းမိုးမှု ကာလကလည်း ဒီနေ့ဆိုရင် တစ်လပြည့်ပါပြီ။ ရေကတော့ ကျရိပ်မမြင်သေးသလို တစ်နေ့ပြီးတစ်နေ့ မြင့်တက်လာနေတာ စိတ်ပျက်ဖို့ ကောင်းပါတယ်။ ရေလွှမ်းကာလ ကြာလာရင် အနယ်နယ် အရပ်ရပ်က ပရဟိတ အဖွဲ့တွေ လူပင်ပန်း စိတ်ပင်ပန်းဖြစ်ပြီး အားလျော့သွားနိုင်သလို ရေဘေးသင့် သူတွေလည်း စိတ်ဓာတ်ကျဆင်း လာနိုင်ပါတယ်” ဟု ဘားအံမြို့ခံ တစ်ဦးက ပြောကြားသည်။

လက်ရှိအချိန်တွင် ကရင်ပြည်နယ်အတွင်း မြစ်၊ ချောင်းများ၏ မြစ်ရေချိန် တိုင်းထွာချက်များအနက် ဂျိုင်းမြစ်သည် ကျုံဒိုးမြို့၌ စိုးရိမ်ရေအမှတ် ၅၅၀ စင်တီမီတာအောက် ၅၂၀ စင်တီမီတာသို့ ရောက်ရှိနေပြီး လှိုင်းဘွဲချောင်းသည် ယင်း၏စိုးရိမ်ရေအမှတ် ၉၈၀ စင်တီမီတာအနီး ၉၁၆ စင်တီမီတာသို့ ရောက်ရှိနေကာ သံလွင်မြစ်သည် ရွှေဂွန်းတိုက်နယ် ကျေးရွာ၌ စိုးရိမ်ရေအမှတ် ၉၈၀ စင်တီမီတာ အထက် ၁၁၅၈ စင်တီမီတာသို့ ရောက်ရှိနေပြီး ကျန်မြစ်များဖြစ်သည့် ဇမိမြစ်၊ ဟောင်သရောမြစ်၊ ယွန်းစလင်းမြစ်၊ သောင်ရင်းမြစ်တို့သည် ၎င်း၏စိုးရိမ်ရေမှတ်အောက်သို့ ရောက်ရှိနေကြောင်း သိရသည်။

ကရင်ပြည်နယ်အတွင်း မိုးဆက်လက် ကောင်းမွန်ပါက သံလွင်မြစ်ရေချိန်သည် လာမည့်ဝါခေါင်လပြည့်ရေနှင့် ပေါင်းစပ်ကာ ယခုလအတွင်း စံချိန်တင်ထားသည့် ၉၃၈ စင်တီမီတာ အထက်သို့ ကျော်လွန်နိုင်ဖွယ်ရှိကြောင်း သိရသည်။

Most Read

Most Recent