ပုဂံရှေးဟောင်း ယဉ်ကျေးမှုဇုန် အတွင်းရှိ ရှေးဟောင်းစေတီပုထိုးနှင့် အဆောက်အအုံများအနီး မြက်အလှ စိုက်ပျိုးမှုအပေါ် ဝေဖန်မှုများ ရှိနေသော်လည်း ယဉ်ကျေးမှု အမွေအနှစ်ကို ထိခိုက်နိုင်ခြင်း မရှိဟုဆို

ပုဂံရှေးဟောင်း ယဉ်ကျေးမှုဇုန် အတွင်းရှိ ရှေးဟောင်းစေတီပုထိုးနှင့် အဆောက်အအုံများအနီး မြက်အလှ စိုက်ပျိုးမှုအပေါ် ဝေဖန်မှုများ ရှိနေသော်လည်း ယဉ်ကျေးမှု အမွေအနှစ်ကို ထိခိုက်နိုင်ခြင်း မရှိဟုဆို
Published 22 August 2018

ဓမ္မရံကြီး ဘုရားအတွင်း ဆောင်ရွက်ထားမှုကို သြဂုတ် ၁၄ ရက် နံနက်က တွေ့ရစဉ်

ပုဂံရှေးဟောင်း ယဉ်ကျေးမှုဇုန်အတွင်းရှိ ရှေးဟောင်းစေတီပုထိုးနှင့် အဆောက်အအုံများအနီး စိန်းလန်းစိုပြည်ရေး အတွက် ဟုဆိုကာ ပန်းဥယျာဉ်သဖွယ် မြက်အလှစိုက်ပျိုးနေမှုအပေါ် ဝေဖန်မှုများ ရှိနေသော်လည်း ယဉ်ကျေးမှု အမွေအနှစ်ကို ထိခိုက်နိုင်ခြင်း မရှိကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန (ပုဂံဌာနခွဲ) မှ ညွှန်ကြားရေးမှူး ဦးအောင်အောင်ကျော်က ပြောကြားသည်။

ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေ အတွင်းရှိ ဓမ္မရံကြီးဘုရားရှေ့ ပရိဝုဏ်နှင့် သရပါတံခါးအနီးတို့တွင် ပန်းဥယျာဉ်သဖွယ် ပြုလုပ်ကာ မြက်အလှစိုက်ပျိုးနေသည့် ဓာတ်ပုံများ လူမှုကွန်ရက် စာမျက်နှာများပေါ် ထွက်ပေါ်လာချိန်တွင် မြက်အလှစိုက်ပျိုးမှုနှင့် ပန်းဥယျာဉ်သဖွယ် ရှေးဟောင်းအုတ်များပေါ်တွင် ခေတ်အုတ်များစီကာ ပြုပြင်မွမ်းမံနေမှုများနှင့် ပတ်သက်၍ ရှေးဟောင်းအမွေအနှစ်များအပေါ် ထိခိုက်မှုများ ဖြစ်ပေါ်လာနိုင်သည် ဟုဆိုကာ ဝေဖန်ကန့်ကွက်မှုများ ဖြစ်ပေါ်ခဲ့သည်။

“မြက်ခင်းစိုက်တယ် ဆိုတာက အရင်တုန်းက ချုံတွေနဲ့ ဖြစ်နေတာထက် Landscape (ရှုခင်း) ပုံစံလေးတွေ လုပ်လိုက်မယ်ဆိုရင် အရင်ထက်ပိုပြီး သပ်ရပ်သွားမယ်ပေါ့။ Landscape လုပ်တယ်ဆိုတာက ကျွန်တော်တို့ နိုင်ငံမှ လုပ်တာမဟုတ်ပါဘူး။ ဥပမာ အနီးစပ်ဆုံး ထိုင်းမှာဖြစ်တဲ့ အယုဒ္ဓယမှာပဲကြည့်ကြည့် Landscape တော့ လုပ်ကြပါတယ်။ ဒါနဲ့ပတ်သက်ပြီး ယဉ်ကျေးမှု အမွေအနှစ်တွေကို ထိခိုက်တာမျိုးတွေတော့ မတွေ့ရပါဘူး။ ဒါပေမဲ့ သတိထားရမယ့် အချက်လေးတွေတော့ ရှိပါတယ်။ ဥပမာ ယဉ်ကျေးမှု အမွေအနှစ် အဆောက်အအုံနဲ့ သိပ်ပြီးနီးကပ်နေတဲ့ နေရာမှာ စိုက်လိုက်မယ်ဆိုရင် ရေကြောင့်မို့ ရေရှည်မှာ စိုစွတ်ပြီးတော့ ဒါကိုထိခိုက်နိုင်တဲ့ အပိုင်းတွေ ရှိတာကြောင့် အဆောက်အအုံနဲ့ ခွာပြီးတော့ လုပ်မယ်ဆိုရင်တော့ မထိခိုက်တော့ဘူးပေါ့။ နောက်ပြီးမြက်ကို ရှင်သန်လာဖို့ ရေပေးရမယ်။ ရေဖျန်းရမယ်ပေါ့။ အဲဒီလိုလုပ်တဲ့ အခါမှာ အဆောက်အအုံကို ထိခိုက်သွားအောင် ရေပေးဖို့ မလိုအပ်ပါဘူး။ စိုစွတ်တဲ့ဓာတ်ရရင်ရပြီ။ ဒါကြောင့် ယဉ်ကျေးမှု အမွေအနှစ်ကို မထိခိုက်နိုင်ပါဘူး။ ဓမ္မရံကြီးရှေ့မှာ ဥယျာဉ်ပုံစံလုပ်တယ် ဆိုတာကတော့ အမှန်က ဥယျာဉ်လုပ်တာ မဟုတ်ပါဘူး မြက်ခင်းစိုက်တာ ဖြစ်ပါတယ်။ မြက်ခင်းစိုက်တာနဲ့ ပတ်သက်လို့ ထိခိုက်မှု မရှိပါဘူး။ သို့သော် အကောက်အထည်ဖော် ဆောင်ရွက်တဲ့အခါမှာ သူတို့အမြင်နဲ့ လုပ်လိုက်တဲ့အခါမှာ အဲဒီလိုဖြစ်သွားတာပါ။ အမှန်က ပန်းခြံမဟုတ်ပါဘူး။ ဒါကြောင့် ယဉ်ကျေးမှု အမွေအနှစ်နဲ့ နီးကပ်နေတဲ့နေရာမှာ ရေပေးတဲ့အချိန်မှာ သတိပြု လုပ်ဆောင်မယ်ဆိုရင် ထိခိုက်မှု မရှိနိုင်ပါဘူး။ နောက်တစ်ခုက သရပါရှေ့မှာ မြက်စိုက်တယ်။ မဟုတ်လည်း မြက်တွေပေါက်နေတာပဲ။ အရင်တုန်းက ဘေးနားမှာ ကျုံးကြီးရှိပါတယ်။ ကျုံးကြီး အရင်တုန်းက ရေသွင်းပါတယ်။ မိုးရာသီမှာဆိုရင် ကျုံးပေါ်မှာ ရေတွေရှိနေတာပဲ။ အခုဆိုလည်း မြက်တွေပေါက်နေတာပါပဲ။ ဘယ်သူလာရှင်းလဲ။ ဘယ်သူမှ လာမရှင်းပါဘူး။ မြက်စိုက်လို့ ထိခိုက်မယ်ဆိုရင် အဲဒီလူတွေက ဘာကြောင့်မို့ ဒါတွေမမြင်ကြတာလဲလို့ ကျွန်တော်က ပြန်ပြီးတော့ မေးချင်ပါတယ်။ ဒီမြက်စိုက်တယ် ဆိုတာကလည်း အဆောက်အအုံနဲ့ အရမ်းကြီး မနီးကပ်ပါဘူး။ ခုနစ်ပေ၊ ရှစ်ပေါက်လောက်ပဲ နီးပါတယ်။ ဒါကြောင့် မြက်ကို ရှင်သန်လာဖို့ ပေးမယ့်ရေဟာ မြို့ရိုးကို ထိခိုက်သွားနိုင်မယ့် အမျိုးအစား မဟုတ်ပါဘူး။ ဒါလေးကို ဆင်ခြင်ပေးဖို့ လိုပါတယ်။ တစ်ခုတော့ရှိတာပေါ့။ အရင်တုန်းက မြင်နေရတဲ့ မြင်ကွင်းနဲ့ အခုမြင်နေရတဲ့ မြင်ကွင်းက ဘယ်ဟာကပိုပြီးတော့ သင့်တော်မလဲဆိုတာ ကိုယ်တိုင်လေ့လာလိုက်ရှင်။ ထင်ထင်ရှားရှား သိလာမှာပါ။ အခုလို ဆောင်ရွက်တာကလည်း မြို့နယ်စီမံခန့်ခွဲရေး အဖွဲ့တွေက ဒီဟာတွေဟာ သစ်ပင်ချုံနွယ်တွေနဲ့ ဖြစ်နေတာထက် ဒီလို Landscape လေးတွေ လုပ်လိုက်မယ်ဆိုရင် မကောင်းဘူးလားဆိုပြီး အားလုံးဝိုင်းဝန်း တိုင်ပင်ပြီးတော့ ဆောင်ရွက်ကြတာပါ။ အဲဒီလို လုပ်ဆောင်တဲ့အခါမှာ သူတို့အမြင်တွေနဲ့ လုပ်လိုက်တဲ့အခါမှာ မျက်စိထဲမှာ အမြင်မတော်တာလေးတွေ ရှိလာတာပေါ့။ ဒါတွေကလည်း ညှိနှိုင်းဆောင်ရွက် လိုက်မယ်ဆိုရင် အဆင်ပြေသွားမှာပါ။ ရှေးဟောင်း အမွေအနှစ်တွေ မထိခိုက်စေဖို့အတွက် ကျွန်တော်တို့ ရှေးဟောင်းဌာနကတော့ ပူးပေါင်းဆောင်ရွက် ပေးနေပါတယ်” ဟု ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦစီးဌာန (ပုဂံဌာနခွဲ) မှ ညွှန်ကြားရေးမှူး ဦးအောင်အောင်ကျော်က ပြောကြားသည်။

ထို့ပြင် ပုဂံရှေးဟောင်းယဉ်ကျေးမှု ဒေသကို ကမ္ဘာ့အမွေအနှစ်စာရင်း ဝင်ရောက်နိုင်ရန်အတွက် ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန အနေဖြင့် ယဉ်ကျေးမှုအမွေအနှစ်တန်ဖိုး၊ ကမ္ဘာ့အမွေအနှစ် တန်ဖိုးများကို တန်ဖိုးထားနားလည် သိရှိစေရန်အတွက် ကျေးရွာများရှိ ဒေသခံများ၊ စာသင်ကျောင်းများသို့ အသိပညာပေး လုပ်ငန်းများ လုပ်ဆောင်နေပြီး UNESCO ၏ အခြေခံ စည်းမျဉ်းစည်းကမ်း မူဝါဒများနှင့်အညီ ဆောင်ရွက်လျက်ရှိကြောင်း ၎င်းကဆက်လက် ပြောကြားသည်။

 

Most Read

Most Recent