ပဲဈေးများ စိုက်ပျိုးထုတ်လုပ်မှု ကုန်ကျစရိတ်အောက် နိမ့်ကျနေပါက တောင်သူလယ်သမား အခွင့်အရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေးဥပဒေအရ ဝယ်ယူနိုင်ရန် စီစဉ်

ပဲဈေးများ စိုက်ပျိုးထုတ်လုပ်မှု ကုန်ကျစရိတ်အောက် နိမ့်ကျနေပါက တောင်သူလယ်သမား အခွင့်အရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေးဥပဒေအရ ဝယ်ယူနိုင်ရန် စီစဉ်
Published 22 August 2018

ပဲခူးတိုင်းဒေသကြီး အုတ်တွင်းမြို့နယ်ရှိ မတ်ပဲစိုက်ခင်းတစ်နေရာကို တွေ့ရစဉ် (ဓာတ်ပုံ-ဇော်ဝင်းချစ်)

တောင်သူများ စိုက်ပျိုးခဲ့သည့် ပဲဈေးများ  စိုက်ပျိုးထုတ်လုပ်မှု ကုန်ကျစရိတ်အောက် နိမ့်ကျနေပါက တောင်သူလယ်သမား အခွင့်အရေးနှင့်အကျိုးစီးပွားမြှင့်တင်ရေး ဥပဒေအရ ဝယ်ယူနိုင်ရန် စီစဉ်ဆောင်ရွက်ခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ  သန်းမြင့်က ပြောကြားသည်။

အိန္ဒိယနိုင်ငံ၏ ပဲတင်သွင်းမှုမူဝါဒ ပြောင်းလဲမှုကြောင့် စိုက်ပျိုးထုတ်လုပ်သူ တောင်သူများ၊ ကုန်သည်လုပ်ငန်းရှင်များ၊ နိုင်ငံတော်အပါအဝင် ထိခိုက်နစ်နာမှုများ ရှိခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က ပြောကြားသည်။

“အိန္ဒိယနိုင်ငံဘက်က တာဝန်ရှိသူတွေနဲ့ အကြိမ်ကြိမ်ညှိနှိုင်းမှုတွေ ပြုလုပ်ခဲ့သလို တစ်ဖက်မှာလည်း စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့  ဆည်မြောင်းဝန်ကြီးဌာနနဲ့လည်း ပူးပေါင်းပြီးတော့ ဆောင်ရွက်နေပါတယ်။ ပဲစိုက်တောင်သူများ၊ ပညာရှင်များနဲ့လည်း အကြိမ်ကြိမ် ညှိနှိုင်းဆွေးနွေးကာ ဖြစ်နိုင်တဲ့ အလားအလာများကို ဆောင်ရွက်ခဲ့ပါတယ်” ဟု ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က ပြောကြားသည်။

“တောင်သူများ စိုက်ပျိုးထုတ်လုပ်တဲ့ပဲများ၊ စိုက်ပျိုးထုတ်လုပ်မှု ကုန်ကျစရိတ်အောက် နိမ့်ကျနေရင် တောင်သူလယ်သမားများ အခွင့်အရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေး ဥပဒေအရ ဝယ်ယူနိုင်ရန်လည်း စီစဉ်ဆောင်ရွက်ခဲ့ပါတယ်” ဟု ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က ဆိုသည်။

မြန်မာနိုင်ငံတွင် စိုက်ပျိုးထုတ်လုပ်သည့် ပဲမျိုးစုံအနက် မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစင်းငုံတို့သည် နှစ်စဉ်တန်ချိန် တစ်သန်းမှ ၁ ဒသမ ၅ သန်းအထိ ပြည်ပသို့ တင်ပို့လျက်ရှိသည်။ အဆိုပါပဲသုံးမျိုး နှစ်စဉ်ပြည်ပတင်ပို့မှုက ဒေါ်လာတစ်ဘီလျံကျော်ရရှိကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က ပြောကြားသည်။

၂၀၁၇ ခုနှစ် သြဂုတ်လအတွင်း အိန္ဒိယနိုင်ငံ၏ ပဲတင်သွင်းမှု မူဝါဒပြောင်းလဲမှုကြောင့် မြန်မာနိုင်ငံမှပဲများ အိန္ဒိယသို့တင်ပို့ရာတွင် အခက်အခဲများ တွေ့ကြုံခဲ့ရသည်။ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် မတ်ပဲ၊ ပဲတီစိမ်းနှင့် ပဲစင်းငုံတန်ချိန်တစ်သန်းကျော် တင်ပို့နိုင်ခဲ့သော်လည်း ဈေးနှုန်းများကျဆင်းမှုကြောင့် ပြည်ပတင်ပို့မှုမှာ ဒေါ်လာသန်း ၇၀၀ ကျော်သာ ရရှိခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ ပဲမျိုးစုံစိုက်ပျိုးထုတ်လုပ်နိုင်မှုသည် အရှေ့တောင်အာရှနိုင်ငံများအနေဖြင့် ဦးဆောင်နိုင်ငံတစ်ခုဖြစ်ကြောင်း၊ ၂၀၁၇-၂၀၁၈ ခုနှစ်တွင် မိုးရာသီတွင် စိုက်ဧကပေါင်း ၃ ဒသမ ၈၉ သန်းနှင့် ဆောင်းရာသီတွင် ၇ ဒသမ ၀၇ ဧကသန်းပေါင်းဖြင့် စုစုပေါင်း ပဲမျိုးစုံစိုက်ဧရိယာဧက သန်းပေါင်း ၁၀ ဒသမ ၉၆ သန်းကို စိုက်ပျိုးထုတ်လုပ်နိုင်ခဲ့ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက သြဂုတ် ၁၈ ရက်က ပြောကြားသည်။

“ထွက်ရှိချက်က တင်းသန်းပေါင်း ၁၇၇ တင်းသန်းခန့် ထွက်ရှိခဲ့ပါတယ်။ မိုး၊ ဆောင်း သီးနှံစုစုပေါင်း စိုက်ဧရိယာဧကရဲ့ ၂၁ ရာခိုင် နှုန်းခန့်ဟာ ပဲမျိုးစုံစိုက်ပျိုးတဲ့ ဧရိယာများ ဖြစ်ပါတယ်။ ယခုအနေနဲ့ကတော့ မိုးကြိုနဲ့ မိုးပဲမျိုးစုံ စိုက်ပျိုးထုတ်လုပ်နိုင်မှု အနေအထားကတော့ စိုက်ဧက ၂ ဒသမ ၀၉ သန်းကို စိုက်ပျိုးပြီးဖြစ်တယ်လို့ စာရင်းတွေအရ သိရပါတယ်” ဟု ဒေါက်တာအောင်သူက ဆက်လက်ပြောကြားသည်။

 

Most Read

Most Recent