တောင်ပြုန်းပွဲတော် အစည်ကားဆုံးရက်ဖြစ်သည့် မင်းနှစ်ပါး ချိုးရေတော်သုံး အခမ်းအနား ယနေ့ပြုလုပ်မည်

တောင်ပြုန်းပွဲတော် အစည်ကားဆုံးရက်ဖြစ်သည့် မင်းနှစ်ပါး ချိုးရေတော်သုံး အခမ်းအနား ယနေ့ပြုလုပ်မည်
Published 22 August 2018

၂၀၁၅ ခုနှစ် တောင်ပြုန်းပွဲ ချိုးရေတော်သုံး အခမ်းအနား ကျင်းပခဲ့စဉ်မြင်ကွင်း

မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ်ရှိ နှစ်စဉ်ကျင်းပမြဲဖြစ်သော အုတ်နှစ်ချပ်လွတ် သမိုင်းဝင် ဆုတောင်းပြည့် ဘုရားပွဲနှင့် တောင်ပြုန်းမင်းနှစ်ပါး ပွဲတော်ကို သြဂုတ် ၁၉ ရက်က စတင်ကျင်းပလျက်ရှိပြီး ဝါခေါင်လဆန်း ၁၀ ရက်တွင် ညီလာခံသဘင် ကျင်းပခဲ့ကာ တောင်ပြုန်းပွဲတော်၏ အစည်ကားဆုံး ဖြစ်သော ချိုးရေတော်သုံး အခမ်းအနားကို ဝါခေါင်လဆန်း ၁၁ ရက် (သြဂုတ် ၂၂) ယနေ့ နံနက်ပိုင်းတွင် အစဉ်အလာအတိုင်း ကျင်းပသွားမည်ဖြစ်ကြောင်း မင်းနှစ်ပါးနန်းထိန်း မိသားစုထံမှ သိရသည်။

မင်းနှစ်ပါး ချိုးရေတော်သုံး အခမ်းအနားကို နှစ်စဉ်ကျင်းပနေကျအတိုင်း ရိုးရာနန်း အမှုထမ်းများဖြစ်သည့် ကျိုင်းတော်ကိုင်၊ ဒိုင်း တော်ကိုင်၊ လှံတော်ကိုင်၊ သိုင်းတော်ကိုင်၊ ရွှေဓားဆွဲ၊ ရွှေထီးမိုး၊ ဝေါတော်ထမ်း စသည့် သူများနှင့်အတူ နတ်အုပ်မင်း၊ သိုးဆောင်း မိဖုရားကြီးများ၊ ဗောင်းတော်ဆောင်းအမတ် ချုပ်များ၊ နန်းထိန်းမိသားစုများမှ နန်းကြီးပေါ်တွင် မင်းနှစ်ပါးအား ခစား၍အချိန်ကျရောက် သည့်အခါ မင်းနှစ်ပါးအား ဝေါယာဉ်ပေါ်ပင့် ဆောင်၍ နန်းကြီးပေါ်မှ နန်းကြီးရှေ့ရှိ ဗောင်း ခံရုံကိုပင့်ဆောင်ကာ ချိုးရေတော်သုံးအခမ်း အနား ကျင်းပမည်ဖြစ်ပြီး နှစ်စဉ် ချိုးရေတော် သုံးနေ့တွင် အနယ်နယ်အရပ်ရပ်မှ လာရောက် သူ သောင်းနှင့်ချီရှိကြောင်း သိရသည်။

“မနှစ်က မကျင်းပပေမယ့် နန်းကြီးမိသားစုကတော့ ရိုးရာသမားစဉ်အတိုင်း ပွဲတော်ကို အကျဉ်းချုံ့ ကျင်းပခဲ့တယ်။ ဒီနှစ်မှာ လည်း ရိုးရာသမားစဉ်အတိုင်းပဲ နန်းကြီး မိသားစုနဲ့ နန်းအမှုထမ်းသူတွေက ပုံမှန်လုပ်ရိုးလုပ်စဉ်အတိုင်း တာဝန်တွေခွဲဝေပြီး ကျင်းပသွားမှာဖြစ်တယ်။ အရင်လိုပဲ မင်းနှစ်ပါး ချိုးရေတော်သုံး အခမ်းအနားကို နံနက် ၁၀ နာရီခွဲမှာ ကျင်းပသွားမယ်” ဟု နန်းထိန်းမိသားစုဝင် တစ်ဦးဖြစ်သည့် ဦးမျိုးက ပြောကြားသည်။

မင်းနှစ်ပါးအား ဗောင်းတော်ရုံတွင် နန်းအမှုထမ်းများမှ နံ့သာရည်၊ တရော်ကင်ပွန်းများ၊ နနွင်းရည်များ လောင်းပေးပြီး ချိုးရေတော်သုံးခြင်း ဆောင်ရွက်ခြင်းဖြစ်ကာ ချိုးရေတော်သုံးနေစဉ် နတ်အုပ်မင်းနှင့် သိုးဆောင်းမိဖုရားကြီးများ၊ ဗောင်းဆောင်း အမတ်ကြီးများက ကန်တော့ရင်း ချော့ခြင်းများပြုလုပ်၍ ချိုးရေတော်မသုံးမီက ဝတ်လဲတော်ပုဆိုး၊ ပဝါ၊ ဗောင်းတော်များကို ချွတ်ထားပြီး ချိုးရေတော် သုံးပြီးတဲ့အခါမှာ ဝတ်လဲတော်ပုဆိုး၊ ပဝါ၊ ဗောင်းတော်တွေ အသစ်လဲလှယ်ပေးခြင်းများ ဆောင်ရွက်ရကြောင်း၊ ချိုးရေတော်သုံးပြီး သည့်အခါ မင်းနှစ်ပါးအား ဝေါနှင့် ပြန်လည်ပင့်ဆောင်ရာတွင် အုတ်နှစ်ချပ်လွတ် ဆုတောင်းပြည့်ဘုရား ဦးတိုက်ခြင်းနှင့် မယ်တော်နန်းဦး တိုက်ခြင်းများ ပြုလုပ်ကာ နန်းကြီးကော်သို့ ပင့်ဆောင်ခြင်းဖြစ်ပြီး ထိုအချိန်တွင် လာရောက်သည့် ဧည့်ပရိသတ်က ကိုယ်ထိလက်ရောက် ပန်းဆက်ခြင်းများ ပြုလုပ်ခြင်း၊ ငွေကြဲခြင်းများ ပြုလုပ်သည့်အတွက် အထူးစည်ကားလေ့ရှိခြင်း ဖြစ်ကြောင်း သိရသည်။

ယခုနှစ်တွင် တောင်ပြုန်းပွဲတော်မှာ ပွဲတော်ရက်မတိုင်မီကပင် စည်ကားလျက်ရှိပြီး ဝါခေါင်လဆန်း ၈ ရက် ပွဲတော်စတင်ကျင်းပ သည့်နေ့တွင် အများပြည်သူ အလုပ်နားရက် ရုံးပိတ်ရက်နှင့် တိုက်ဆိုင်သည့်အတွက် ပွဲတော်လာသူ များပြားခဲ့ပြီး ပွဲတော်အဝင်လမ်းများတွင် ယာဉ်ကြောကျပ်တည်းမှု အနည်းငယ်ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

ဘုရားပွဲတော်အဖြစ် ဝါခေါင်လပြည့် နံနက်ပိုင်း၌ တောင်ပြုန်း ဆုတောင်းပြည့်ဘုရား ဂေါပကနှင့် ဈေးသူဈေးသားများက သံဃာတော်များအား ဆွမ်းတော်ကြီးလောင်းလှူခြင်းများ ပြုလုပ်သွားမည်ဖြစ်ကာ ရိုးရာနတ်ပွဲအဖြစ် ဝါခေါင်လဆန်း ၁၁ ရက် ချိုးရေတော်သုံးပွဲပြီးပါက ဝါခေါင်လဆန်း ၁၂ ရက် တွင် နန်းတက်ပွဲများ၊ ဝါခေါင်လဆန်း ၁၃ ရက်တွင် ယုန်ထိုးပွဲ၊ ဝါခေါင်လဆန်း ၁၄ ရက်တွင် ထိန်ခုတ်ပွဲ၊ ဝါခေါင်လဆန်း ၁၅ ရက်တွင် ပခန်းမင်းပို့ပွဲ၊ ဝါခေါင်လပြည့်ကျော် ၁ ရက်တွင် ရွှေဘုံဆင်းပွဲများ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent