မြန်မာနိုင်ငံသည် ရေကြောင့်ဖြစ်သော ဘေးအန္တရာယ် ကျရောက်မှုနိုင်ငံများထဲ၌ ဒုတိယအဆင့် ရှိနေ

မြန်မာနိုင်ငံသည် ရေကြောင့်ဖြစ်သော ဘေးအန္တရာယ် ကျရောက်မှုနိုင်ငံများထဲ၌ ဒုတိယအဆင့် ရှိနေ
Published 21 August 2018

မြန်မာနိုင်ငံတွင် မြစ်ချောင်း အင်းအိုင်များ အလွန်များပြားပြီး ရေကြောင့်ဖြစ်သော ဘေးအန္တရာယ် နိုင်ငံများထဲ၌ ဒုတိယအဆင့် ရှိနေကြောင်း အမျိုးသားအဆင့် ရေအရင်းအမြစ်ကော်မတီ အကြံပေးအဖွဲ့ အတွင်းရေးမှူး ဒေါက်တာ ခင်နီနီသိန်းက ပြောကြားသည်။

မြန်မာနိုင်ငံတွင် လက်ရှိအချိန်၌ မိုးသည်းထန်စွာ ရွာသွန်းမှုများကြောင့် မြစ်ချောင်းများတွင် ရေကြီးရေလျံမှုများ ဖြစ်ပေါ်ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့တွင် ရေဘေး ကယ်ဆယ်ရေးစခန်းများ ဖွင့်လှစ်ထားရကြောင်း သိရသည်။

“ မြန်မာနိုင်ငံအနေနဲ့ ရေလည်း ချမ်းသာတယ်။ မြစ်တွေလည်း အများကြီး ရှိတယ်။ မြစ်ကြီးလေးသွယ်လို့ ပြောသော်လည်း တကယ် အရေးကြီးတဲ့ မြစ်ကြီးတွေပါ ထည့်လိုက်ရင် ၁၀ ခုရှိတယ်။ အဲဒီထက်ပိုပြီး ချဲ့လိုက်ရင် နာမည်ရှိတဲ့ မြစ် ၅၈ မြစ်ရှိတယ်။ အဲဒီထက်ပိုပြီး ချောင်းသေး၊ ချောင်းမွှားလေးတွေပါ လိုက်တွက်ရင် ၂၀၀၀ ကျော် ရှိတယ်။ မြန်မာနိုင်ငံလောက် မြစ်ပေါပြီး ရေပေါတဲ့နိုင်ငံ မရှိဘူး။ ဒါပေမဲ့ ရေကြောင့်ဖြစ်တဲ့ ဘေးအန္တရာယ်တွေဟာ အရမ်းများတယ်။ ရေကြောင့်ဖြစ်တဲ့ ဘေးအန္တရာယ်တွေထဲမှာဆိုရင် မြန်မာနိုင်ငံဟာ ဒုတိယလောက် လိုက်တယ်။ ဒီကိစ္စဟာ အလွန်အရေးကြီးတဲ့ ကိစ္စဖြစ်တယ်”ဟု ၎င်းက ပြောကြားသည်။

လာမည့် ၂၀၂၀ ပြည့်နှစ် ကာလအတွင်း ရေဘေးအန္တရာယ်အား လျှော့ချနိုင်မည့် ရေအရင်းအမြစ်နှင့် ရေဘက်စုံသုံး စီမံခန့်ခွဲမှုစင်တာကို ရန်ကုန်မြို့၌ အပြီး တည်ဆောက်သွားမည်ဖြစ်ပြီး အဆိုပါစင်တာ ပေါ်ပေါက်လာပါက ရေနှင့် ပတ်သက်သည့် စီမံခန့်ခွဲမှုများ လက်တွေ့ကျင့်သုံးမှုများ ပြုလုပ်လာနိုင်ပြီး ထပ်ဆင့်အနေဖြင့် မြန်မာနိုင်ငံမှ ဆင်းရဲမွဲတေမှုများနှင့် ရေဘေးအန္တရာယ်များ လျှော့ချနိုင်ရန် ရည်ရွယ်ထားကြောင်း သိရသည်။

အမျိုးသားအဆင့် ရေအရင်းအမြစ်ကော်မတီ အကြံပေးအဖွဲ့ဥက္ကဋ္ဌ ဦးချိုချိုက “ရေကြီးရေလျှံမှု ဖြစ်ရတာကတော့ ရာသီဥတု ပြောင်းလဲမှုရယ်၊ နောက်တစ်ခုက ဂရုမစိုက်လို့ သစ်ပင် သစ်တောတွေကို လုံး၀ မိုက်မိုက်မဲမဲ ခုတ်ပြီးတော့ သစ်တောတွေကို ဖျက်ဆီးပစ်တာတွေ လုပ်တာ၊ နောက်တစ်ခုက မြစ်ကြောင်းတွေကို မထိန်းသိမ်းနိုင်ဘူး။ ပိုက်ဆံလည်း မတတ်နိုင်ဘူး။ ပစ်ထားတာလည်း ကြာပြီ။ ကြာတော့ မြစ်ကြောင်းတွေက ကောပြီးတော့ စသဖြင့် အကြောင်းအမျိုးမျိုးကြောင့် ရေကြီးရေလျှံမှုတွေ ဖြစ်တယ်။ ဖြစ်မှာပဲ။ နောက်လည်း မျှော်လင့်ထား၊ ဖြစ်မှာပဲ။ ဒါကို ကြိုတင်ပြီးတော့ ပြင်ဆင်ထားဖို့ လိုအပ်ပါတယ်” ဟု ဆိုသည်။

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်ရှိ သံဇစ်မြစ်ရေတွင် ခဲဓာတ် ပါဝင်မှု ၁၀ အထိ ရှိနေပြီး ရေထုညစ်ညမ်းမှု အလွန်မြင့်မားနေခြင်းကြောင့် လူနှင့် တိရစ္ဆာန်များအတွက် အန္တရာယ်ရှိနိုင်ကြောင်း စိမ်းလန်းအမိမြေအသင်း၏ သဘာဝပတ်ဝန်းကျင် ဓာတ်ခွဲခန်း၏ ထုတ်ပြန်ချက်အရ သိရသည်။

သြဂုတ်လအတွင်းက မဒေးကျွန်း ရေနံတင်ဆိပ်ကမ်း အရှေ့ဘက် အဆိုပါ သံဇစ်မြစ်အတွင်း သုံးမိုင်ခန့်တွင် သဘာဝအနေအထား နှင့်မတူဘဲ ညစ်ညမ်းနေသော အရည်များ ပါဝင်နေသည်ကို ဒေသခံများ သတိထားမိကြပြီးနောက် စိမ်းလန်းအမိမြေအသင်း၏ သဘာဝပတ်ဝန်းကျင် ဓာတ်ခွဲခန်းသို့ သွားရောက် စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

စိမ်းလန်းအမိမြေအသင်း၏ သဘာဝပတ်ဝန်းကျင် ဓာတ်ခွဲခန်းမှ ထုတ်ပြန်ချက်များအရ ရေသတ္တဝါများ အန္တရာယ်ရှိနိုင်သော စံနှုန်း သတ်မှတ်ချက်ထက် ကျော်နေသည်ကို တွေ့ရှိရကြောင်း၊ ပေးပို့လာသော နမူနာ၏ ရူပ-ဓာတု ဂုဏ်သတ္တိ ၁၆ မျိုးကို စစ်ဆေးခဲ့ရာ သတ်မှတ်စံနှုန်းထက် ခဲဓာတ်မှာ ၁၀ ဆ ပါဝင်နေပြီး ဖီနောဓာတ်မှာ ၂၆ ဆ များနေသည်ကို တွေ့ရှိရကြောင်း ဖော်ပြထားသည်။

လက်ရှိ အနေအထားတွင် အဆိုပါ နောက်ကျိနေသော ရေများသည် ကျောက်ဖြူမြို့နယ်မှတစ်ဆင့် မြေပုံမြို့နယ်နှင့် အမ်းမြို့နယ်များအတွင်းရှိ မြစ်ချောင်းများသို့လည်း ပျံ့နှံ့နေသည်ကို တွေ့ရှိရကြောင်း သိရပြီး ယင်းရေ ပျံ့နှံ့ရောက်ရှိသော နေရာများတွင် ငါး၊ပုစွန်များ ဖမ်းဆီးမရနိုင်ကြောင်း ကွင်းဆင်းလေ့လာသူများက ဆိုသည်။

 

Most Read

Most Recent