ရန်ကုန်လေဆိပ်တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးမှုဖြစ်စဉ်အပြီး လုံခြုံရေးဆိုင်ရာ ကြိုတင်ကာကွယ်မှုများနှင့် တရားမဝင် ကူးသန်းရောင်းဝယ်မှုများကို တားဆီးရန် ခေတ်မီလုံခြုံရေး စက်ကိရိယာများ အသုံးပြုနေကြောင်း သတင်းထုတ်ပြန်

ရန်ကုန်လေဆိပ်တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးမှုဖြစ်စဉ်အပြီး လုံခြုံရေးဆိုင်ရာ ကြိုတင်ကာကွယ်မှုများနှင့် တရားမဝင် ကူးသန်းရောင်းဝယ်မှုများကို တားဆီးရန် ခေတ်မီလုံခြုံရေး စက်ကိရိယာများ အသုံးပြုနေကြောင်း သတင်းထုတ်ပြန်
Published 21 August 2018

ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ခရီးဆောင်အိတ်များအား X-ray စက်ဖြင့် စစ်ဆေးနေစဉ် (ဓာတ်ပုံ - ရွှန်းလဲ့ဝင်း)

ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ပြည်ပ ထွက်ခွာမည့် ခရီးသည်အချို့ထံမှ မူးယစ်ဆေးဝါးများ ဖမ်းဆီးရရှိမှုဖြစ်စဉ်အပြီး လုံခြုံရေးဆိုင်ရာ ကြိုတင်ကာကွယ်မှုများနှင့် တရားမဝင် ကူးသန်းရောင်းဝယ်မှုများကို တားဆီး ကာကွယ်ရန် ခေတ်မီ လုံခြုံရေးစက်ကိရိယာများကို အသုံးပြု ဆောင်ရွက်နေကြောင်း Yangon Aerodrome Company Limited (YACL) မှ သြဂုတ် ၂၀ ရက်က သတင်းထုတ်ပြန်သည်။

သြဂုတ် ၁၄၊ ၁၈ ရက်များတွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ပြည်ပသို့ ထွက်ခွာမည့် ခရီးသည်အချို့ထံမှ စိတ်ကြွဆေးပြားများ ဖမ်းဆီးရရှိမှုဖြစ်စဉ်အပြီး YACL က ယခုကဲ့သို့ ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် အမျိုးမျိုးသော လုံခြုံရေးဆိုင်ရာ ထောက်လှမ်းစစ်ဆေးမှု နည်းစနစ်ကို ကျင့်သုံးနေမှုများအရ နိုင်ငံတကာသို့ ထွက်ခွာမည့် ခရီးသည်များအား လုံခြုံရေး စစ်ဆေးသည့် X-ray စက်ဖြင့် စစ်ဆေးမှုများ ပြုလုပ်နေခြင်း ဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်အနေနဲ့ အထူးလေ့ကျင့် သင်ကြားထားတဲ့ လုံခြုံေ ရးဝန်ထမ်းတွေနဲ့အတူ သက်ဆိုင်ရာ ရဲတပ်ဖွဲ့ဝင်များနဲ့ အမြဲပူးပေါင်းပြီး ခေတ်မီ လုံခြုံရေး စက်ကိရိယာတွေနဲ့ လုံခြုံရေးဆိုင်ရာ ကြိုတင်ကာကွယ်မှု၊ တရားမဝင် ကူးသန်းရောင်းဝယ်မှု တားဆီးကာကွယ်ခြင်းတွေကို ဆောင်ရွက်နေပါတယ်” ဟု YACL တာဝန်ရှိသူက ပြောကြားသည်။

ရန်ကုန်လေဆိပ်တွင် သြဂုတ် ၁၄ ရက် က မလေးရှားနိုင်ငံသို့ ပို့ဆောင်မည့် မိန်းမစီး ကတ္တီပါဖိနပ် ခွာအတွင်း ထည့်သွင်းလာသော စိတ်ကြွရူးသွပ်ဆေးပြား ၁၃၀၀၀ ကျော် ဖမ်းမိခဲ့ကြောင်း ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

မင်္ဂလာဒုံမြို့နယ် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ် ပြည်ပ ထွက်ခွာဆောင် Terminal 1 Inline Reject X-ray စက်တွင် မလေးရှား လေကြောင်းလိုင်းဖြင့် ရန်ကုန်လေဆိပ်မှ မလေးရှားနိုင်ငံသို့ လိုက်ပါမည့် ခရီးသည် အောင်မျိုးမင်း (ခ) ငမင်း၏ ပါဆယ်ထုတ်ကို X-ray စက် ဖြတ်သန်းစဉ် မသင်္ကာသဖြင့် ဖွင့်ဖောက် စစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ စစ်ဆေးရာ အိတ်အတွင်း မိန်းမစီး ကတ္တီပါဖိနပ် အရံ ၄၀ နှင့် ပါတိတ် အထည် ၂၀ အား တွေ့ရှိရပြီး ဖိနပ် ၁၁ ရံ၏ အံဝှက်ပြုလုပ်ထားသည့် ဖိနပ်ခွာများအတွင်းမှ ပလတ်စတစ် ကပ်ခွာအိတ်များဖြင့် ထည့်လျက် စိတ်ကြွရူးသွပ်ဆေးပြား ၁၃၂၀၀ သိမ်းဆည်း ရမိခဲ့ပြီး မမြမြဝင်းမှာ စိတ်ကြွရူးသွပ်ဆေးပြားများအား ခင်မာလာ (ခ) မော်လီမှ တစ်ဆင့် ဆက်သွယ်၍ ခရီးသည် အောင်မျိုးမင်း (ခ) ငမင်းနှင့်အတူ မလေးရှားနိုင်ငံသို့ ထည့်ပေးခြင်း ဖြစ်ကြောင်း သိရသည်။

ထို့ပြင် သြဂုတ် ၁၈ ရက်က ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်၌ မလေးရှားနိုင်ငံသို့ သွားရောက်မည့် မြန်မာနိုင်ငံသား အမျိုးသားတစ်ဦး၏ ငါးခြောက်အိတ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၁၅၀၀၀ ကျော်ကို သြဂုတ် ၁၈ ရက် နံနက်ပိုင်းက ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။

သြဂုတ် ၁၈ ရက် နံနက် ၁၀ နာရီကျော်တွင် မလေးရှားနိုင်ငံသို့ MH-741 လေကြောင်းလိုင်းဖြင့် သွားရောက်မည့် အမျိုးသားတစ်ဦး၏ ခရီးဆောင်အိတ်အား ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ် Terminal 1 ဝင်ပေါက်ရှိ X-ray စက်မှတစ်ဆင့် စစ်ဆေးကြည့်ရှုရာတွင် မသင်္ကာဖွယ်ရာ ပစ္စည်းများ ပါလာသည်ဟု သံသယဖြစ်ဖွယ် တွေ့ရှိခဲ့သဖြင့် သက်သေများရှေ့တွင် ရှာဖွေ စစ်ဆေးမှုများ ပြုလုပ်ခဲ့ရာ ခရီးဆောင်အိတ်အတွင်းထဲရှိ ငါးခြောက်ထည့်သည့် အိတ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀ ပါ အထုပ် ၇၀ နှင့် ၁၉၈ ပြားပါ ရှစ်ထုပ်၊ စုစုပေါင်း စိတ်ကြွရူးသွပ်ဆေးပြား ၁၅၅၈၄ ပြား ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

Most Read

Most Recent