ကျိုက်ဝိုင်းဘုရား ဝတ္တကမြေတွင် ခွင့်ပြုချက်မရှိဘဲ နိုင်ငံခြားသားအမည်ဖြင့် စားသောက်ဆိုင် ဆောက်လုပ်ထားမှု စည်ပင်ဥပဒေအတိုင်း ဆက်လက် ဆောင်ရွက်မည်

ကျိုက်ဝိုင်းဘုရား ဝတ္တကမြေတွင် ခွင့်ပြုချက်မရှိဘဲ နိုင်ငံခြားသားအမည်ဖြင့် စားသောက်ဆိုင် ဆောက်လုပ်ထားမှု စည်ပင်ဥပဒေအတိုင်း ဆက်လက် ဆောင်ရွက်မည်
Published 21 August 2018

ကျိုက်ဝိုင်းဘုရား ဝတ္တကမြေတွင် ခွင့်ပြုချက်မရှိဘဲ နိုင်ငံခြားသား အမည်ဖြင့် စားသောက်ဆိုင် ဆောက်လုပ်ထားမှု စည်ပင်သာယာ ဥပဒေအတိုင်း ဆောင်ရွက်မည် ဖြစ်ကြောင်း မရမ်းကုန်းမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးရန်ရှင်းက ပြောကြားသည်။

“ဆရာတော်တွေကလည်း လက်မခံဘူး ပြောတယ်။ ရပ်ကွက်က ပြည်သူတွေကလည်း ကန့်ကွက်တယ်။ အခုညပိုင်း ပိုင်ရှင်က ကျွန်တော့်ကို ဖုန်းဆက်တယ်။ သူတို့ဘက်ကနေ ကူညီမပေးပါဘူး။ ဆရာတော်ဘက်ကလည်း စည်ပင်ဥပဒေအတိုင်း ဆက်လက် ဆောင်ရွက်ချင်တဲ့သဘော ရှိတယ်” ဟု ဦးရန်ရှင်းက ပြောကြားသည်။

ကျိုက်ဝိုင်းဘုရားမြေတွင် ဧည့်နိုင်ငံသား ဦးရှောက်ဆန်း အမည်ဖြင့် ဆောက်လုပ်ခွင့် လျှောက်ထားသဖြင့် ကန့်ကွက်လိုလျှင် ၁၅ ရက်အတွင်း ကန့်ကွက်နိုင်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ က သြ ဂုတ် ၁၉ ရက်ထုတ် ကြေးမုံသတင်းစာ၌ ကြေညာခဲ့သည်။

“ဘုရားမြေက ဧက ၄၃ ဒသမ ၄၈၈ နဲ့ အမည်ပေါက် ရှိတယ်။ အခုကိစ္စမှာလည်း ဂေါပကအဖွဲ့က မသိရဘူး။ ကြေးမုံသတင်းစာ ကြော်ငြာပါမှ သိတာ။ ဘုရားမြေမှာ လူနေအိမ် ၃၅၈ လုံး ရှိတယ်။ ဆရာတော်က သူတို့တွေကို နေခိုင်းတယ်။ ဈေးရောင်းတာတွေကိုလည်း ခွင့်ပြုတယ်။ ဒါပေမဲ့ ဘုရားမြေကို ဝယ်ရောင်း ပြုတာတွေကို ခွင့်မပြုထားဘူး။ အခုဖြစ်တဲ့ ပြဿနာဆိုရင်လည်း ကြော်ငြာပါမှ ပိုင်ရှင်အမည် ဘယ်သူဆိုတာ သိတယ်။ အခု တည်ဆောက်တာကိုလည်း ဂေါပကအဖွဲ့က ကန့်ကွက်မှာလည်း မဟုတ်ဘူး။ ခွင့်ပြုသွားမှာလည်း မဟုတ်ဘူး”ဟု ဂေါပကအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

အဆိုပါ အဆောက်အအုံ တည်ဆောက်မှုနှင့် ပတ်သက်ပြီး ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ တစ်ရက်လျှင် ကျပ် ၁၀၀၀ နှုန်းဖြင့် ဒဏ်ရိုက်ကြောင်း၊၂၀၁၈ စည်ပင်သာယာ ဥပဒေအရ အဆောက်အအုံ တည်ဆောက်ထားမှုအား မဖျက်ပါကာ ဒဏ်ငွေအပြင် ထောင်ဒဏ်ပါ ချမှတ်နိုင်ကြောင်း ဦးရန်ရှင်းက ပြောကြားသည်။

“အဲဒီမြေနေရာကို ဦးရှောက်ဆန်းဆီကနေ တစ်လ ၅၆ သိန်းနဲ့ တစ်နှစ်စာချုပ် ချုပ်ပြီး ငှားထားတာပါ။ အဆောက်အအုံကလည်း ကိုယ့်ဘာသာ ဆောက်ထားတာပါ။ ဒါပေမဲ့ ဦးရှောက်ဆန်းမြေ ဖြစ်တဲ့အတွက် စည်ပင်မှာ သူ့အမည်နဲ့ ပါလာတာ”ဟု အငြင်းပွားမှု ဖြစ်နေသည့် ကျိုက်ဝိုင်းဘုရားမြေတွင် Froggy Fish အမည်ရှိ စားသောက်ဆိုင် ဖွင့်လှစ်ထားသည့် ပိုင်ရှင် ဦးလှရွှေက ပြောကြားသည်။

Most Read

Most Recent