လှိုင်သာယာ စက်မှုဇုန် (၃) ရှိ ကိုရီးယားလင့်ခ် အထည်ချုပ်စက်ရုံတွင် ရက်မှန်ကြေးများ မဖြတ်ရန်နှင့် လုပ်ငန်းကျွမ်းကျင်မှုအလိုက် ကျွမ်းကျင်ကြေးများ ပေးရန် အလုပ်သမား ၃၀၀ ခန့် ဆန္ဒပြ

လှိုင်သာယာ စက်မှုဇုန် (၃) ရှိ ကိုရီးယားလင့်ခ် အထည်ချုပ်စက်ရုံတွင် ရက်မှန်ကြေးများ မဖြတ်ရန်နှင့် လုပ်ငန်းကျွမ်းကျင်မှုအလိုက် ကျွမ်းကျင်ကြေးများ ပေးရန် အလုပ်သမား ၃၀၀ ခန့် ဆန္ဒပြ
Published 21 August 2018

လှိုင်သာယာမြို့နယ်၊ လှိုင်သာယာ စက်မှုဇုန် (၃)၊ မင်းကြီး မဟာမင်းခေါင်လမ်းရှိ ကိုရီးယားလင့်ခ် Insdustrial Co.;Ltd တွင် ရက်မှန်ကြေးများ မဖြတ်တောက်ရန်နှင့် လုပ်ငန်းကျွမ်းကျင်မှုအလိုက် ကျွမ်းကျင်ကြေးများ ပေးရန် စက်ရုံ အလုပ်သမား ၃၀၀ ခန့်သည် သြဂုတ် ၁၆ ရက် ညနေပိုင်းမှ စတင်ကာ ဆန္ဒပြ တောင်းဆိုလျက်ရှိကြောင်း သိရသည်။

အလုပ်သမားများသည် လုပ်ငန်းခွင် မဝင်ဘဲ ဆန္ဒထုတ်ဖော် တောင်းဆိုရခြင်းမှာ စက်ရုံက ပေးသည့် ရက်မှန်ကြေး နှစ်သောင်းကျပ်အား ရှေ့ ၁၅ ရက်အတွင်းနှင့် နောက် ၁၅ရက်အတွင်း ရက်ပျက်လျှင် တစ်သောင်းကျပ်စီသာ ဖြတ်ရန်၊ တစ်နာရီ Gate Pass ထက် ကျော်လွန်ခဲ့ပါက ရက်မှန်ကြေး နှစ်သောင်းကျပ်အား ဖြတ်တောက်ခြင်း မပြုရန် နှင့် အလုပ်သမားများအား ကျွမ်းကျင်မှုအလိုက် ကျွမ်းကျင်ကြေးများ သတ်မှတ်ပေးရန် တောင်းဆို ဆန္ဒပြခြင်း ဖြစ်ကြောင်း သိရသည်။

“ရက်မှန်ကြေး နှစ်သောင်း ပေးတာကို ရှေ့ ၁၅ ရက်အတွင်း ရက်ပျက်ရင် တစ်သောင်းဖျက်ဖို့နဲ့ နောက် ၁၅ ရက်အတွင်း ပျက်ရင် တစ်သောင်းဖျက်ပါဆိုပြီး တောင်းဆိုထားတယ်။ ရလည်း ရခဲ့တယ်။ အဲဒါကို ဒီလက စပြီး သူတို့ဘက်က တစ်ရက်ပျက်ရင် ရက်မှန်ကြေး နှစ်သောင်း ပြန်ဖျက်မယ်ဆိုပြီး ပြောလာတယ်။ နောက်ပြီး ရက်မှန်ကြေး နှစ်သောင်း ပေးတာကို Gate Pass တစ်နာရီပေးတာ တစ်နာရီထက် ကျော်သွားရင် နှစ်သောင်းလုံး ဖြတ်တယ်။ သူများစက်ရုံတွေမှာ တစ်နာရီထက် ကျော်သွားရင် ရက်မှန်ကြေး မဖြတ်ဘဲ ဒဏ်ကြေးပဲ ကောက်တာ။ အဲဒါမျိုးတွေကို ကျွန်မတို့ အလုပ်သမားတွေက မလိုချင်ဘူး။ ပြီးတော့ ကျွန်မတို့ အလုပ်သမားတွေကို ကျွမ်းကျင်ကြေး မပေးထားဘူး။ ကျွမ်းကျင်ကြေးကို အေ၊ ဘီ၊ စီ ဆိုပြီး သူ့အဆင့်အလိုက်ပေးဖို့ တောင်းဆိုထားတယ်။ကျွန်မတို့ တောင်းဆိုထားတာတွေက ရရှိထားတာကို ထပ်တိုး တောင်းဆိုတာ မဟုတ်ဘူး။ ဥပဒေနှင့် ပတ်သက်တဲ့ ခံစားခွင့်တွေအတိုင်း တောင်းဆိုတာဖြစ်လို့ တောင်းဆိုထားတာတွေ အားလုံးရချင်တယ်”ဟု ကိုရီးယားလင့်ခ် Insdustrial Co.;Ltd တွင် အလုပ်လုပ်ကိုင်နေသော ဆန္ဒပြ အလုပ်သမား မကြည်ပြာက ပြောကြားသည်။

ကိုရီးယားလင့်ခ် Insdustrial Co.;Ltd အရှေ့တွင် အလုပ်သမားများ လုပ်ငန်းခွင်မဝင်ဘဲ ဆန္ဒပြတောင်းဆိုနေသည်မှာ လေးရက်ရှိပြီ ဖြစ်သော်လည်း တောင်းဆိုမှုများ မရရှိသေးပေ။ အဆိုပါ ဆန္ဒပြမှုနှင့် ပတ်သက်၍ စက်ရုံ တာဝန်ရှိသူများနှင့် အလုပ်သမားများ နှစ်ကြိမ်တွေ့ဆုံ ဆွေးနွေးခဲ့သော်လည်း ပြေလည်မှု မရသေးကြောင်း သိရသည်။

Most Read

Most Recent