ဆန်ဈေးကြီးမှုနှင့် ပတ်သက်၍ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ညစ်ညမ်းစွာ ဆဲဆိုသူအား အမြင့်ဆုံး ထောင်ဒဏ် သုံးနှစ်အထိ ချမှတ်နိုင်သည့် ပုဒ်မ ၁၀ ဖြင့် ကျောက်တန်းမြို့နယ် တရားရုံးတွင် စတင် တရားစွဲဆို

ဆန်ဈေးကြီးမှုနှင့် ပတ်သက်၍ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ညစ်ညမ်းစွာ ဆဲဆိုသူအား အမြင့်ဆုံး ထောင်ဒဏ် သုံးနှစ်အထိ ချမှတ်နိုင်သည့် ပုဒ်မ ၁၀ ဖြင့် ကျောက်တန်းမြို့နယ် တရားရုံးတွင် စတင် တရားစွဲဆို
Published 21 August 2018

ဆန်ဈေးကြီးမှုနှင့် ပတ်သက်၍ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ညစ်ညမ်းစွာ ဆဲဆိုသူအား လူပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှု/လုံခြုံမှု ကာကွယ်ရေး ဥပဒေပုဒ်မ ၁၀ ဖြင့် ကျောက်တန်းမြို့နယ် တရားရုံးတွင် သြဂုတ် ၂၀ ရက်က စတင် တရားစွဲဆိုထားကြောင်း သိရသည်။

“ဒီနေ့က ကျောက်တန်း တရားရုံးမှာ လူပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှု/လုံခြုံမှု ကာကွယ်ရေး ဥပဒေပုဒ်မ ၁၀ နဲ့ စတင် တရားစွဲဆိုပါတယ်။ ဖမ်းဆီးရမိတာကတော့ အမှုဖွင့်တဲ့ နေ့တည်းကပါ” ဟု တောင်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှ ရဲအရာရှိ တစ်ဦးက ပြောကြားသည်။

သြဂုတ် ၁၂ရက် နံနက် ရှစ်နာရီခန့်တွင် ကျောက်တန်းမြို့နယ် တမံကြီးကုန်းကျေးရွာ နေထိုင်သူ တရားလို ဦး... (၆၃နှစ်) သည် ၎င်းနေအိမ်မှ ရွာ၏တောင်ဘက်ရှိ အုန်းတောကွင်းသို့ ဝက်စာသွားယူစဉ် တစ်ရွာတည်းနေ စန်းဦး (၃၀ နှစ်) ၏ နေအိမ်ဘေး လမ်းပေါ်အရောက်၌ စန်းဦးက ဆန်ဈေးကြီးမှုနှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်အား ညစ်ညမ်းစွာ ဆဲဆိုနေကြောင်း ရဲတပ်ဖွဲ့ တိုင်ကြားစာအရ သိရသည်။

ထို့သို့ ဆဲဆိုနေခြင်းအား ဦး….. (၆၃ နှစ်) က တားမြစ်သော်လည်း မရသဖြင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်အား ညစ်ညမ်းဆဲဆိုပြီး တရားလိုဖြစ်သူကိုလည်း မချေမငံ ပြောဆိုသူ စန်းဦး (၃၀ နှစ်) အား အရေးယူပေးပါရန် သြဂုတ် ၁၄ ရက် ကျောက်တန်းမြို့နယ်၊ တံတားနယ်မြေရဲစခန်းသို့ တိုင်ကြားခဲ့ကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်မှ ဆဲဆိုသူ စန်းဦး (၃၀ နှစ်) အား ကျောက်တန်းမြို့နယ် တံတားနယ်မြေရဲစခန်းမှ (ပ) ၄၀/၂၀၁၈၊ လူပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှု/လုံခြုံမှုကာကွယ်ရေး ဥပဒေပုဒ်မ ၁၀ ဖြင့် အမှုဖွင့် အရေးယူခဲ့ကြောင်း သိရသည်။

နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာ လုံခြုံမှုကို ကာကွယ်ပေးရေး ဥပဒေ အခန်း (၅) ပုဒ်မ ၁၀ တွင် ပုဒ်မ ၇ ပါ တားမြစ်ချက်ကိုသော် လည်းကောင်း၊ ပုဒ်မ ၈ ပါ တားမြစ်ချက် တစ်ရပ်ရပ်ကိုသော် လည်းကောင်း ဖောက်ဖျက် ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို အနည်းဆုံး ခြောက်လမှ အများဆုံး သုံးနှစ်အထိ ထောင်ဒဏ် ချမှတ်ရမည့်အပြင် အနည်းဆုံး ကျပ်သုံးသိန်းမှ အများဆုံး ကျပ် ၁၅ သိန်းအထိ ငွေဒဏ်ချမှတ်နိုင်သည်ဟု ပြဋ္ဌာန်းထားသည်။

နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာ လုံခြုံမှုကို ကာကွယ်ပေးရေး ဥပဒေ အခန်း(၄) ပုဒ်မ ၈ (စ)တွင် နိုင်ငံသားတစ်ဦး၏ ပုဂ္ဂိုလ်ဆိုင်ရာ၊ မိသားစုရေးရာ ကိစ္စများတွင် အဓမ္မဝင်ရောက် စွက်ဖတ်ခြင်း သို့မဟုတ် လူတစ်ဦး၏ ဂုဏ်သိက္ခာနှင့် ထင်ပေါ်ကျော်ကြားမှုကို ပုတ်ခတ်ခြင်း သို့မဟုတ် ထိခိုက်စေရန် တစ်နည်းနည်းဖြင့် ဆောင်ရွက်ခြင်း မပြုရဟု ပြဋ္ဌာန်းထားသည်။

Most Read

Most Recent