ရိုက်တာသတင်းဌာနမှ မြန်မာသတင်းထောက် နှစ်ဦးအမှု နှစ်ဖက် လျှောက်လဲချက် ကြားနာပြီးနောက် လာမည့်ရုံးချိန်း အပြီးသတ်အမိန့်ချရန် ချိန်းဆို

ရိုက်တာသတင်းဌာနမှ မြန်မာသတင်းထောက် နှစ်ဦးအမှု နှစ်ဖက် လျှောက်လဲချက် ကြားနာပြီးနောက် လာမည့်ရုံးချိန်း အပြီးသတ်အမိန့်ချရန် ချိန်းဆို
Published 21 August 2018

ရိုက်တာ သတင်းဌာနမှ မြန်မာသတင်းထောက်နှစ်ဦးကို သြဂုတ် ၂၀ ရက်က ရုံးထုတ်လာစဉ် (ဓာတ်ပုံ- ကြည်နိုင်)

ရိုက်တာသတင်းဌာနမှ မြန်မာသတင်းထောက်နှစ်ဦး ဖြစ်သော ကိုဝလုံးနှင့် ကျော်စိုးဦးအမှုအား သြဂုတ် ၂၀ ရက်က မြောက်ပိုင်းခရိုင် တရားရုံးတွင် နှစ်ဖက် လျှောက်လဲချက် ပေးခဲ့ကြောင်း သိရသည်။

မြောက်ပိုင်းခရိုင် တရားရုံးက နှစ်ဖက် လျှောက်လဲချက် ကြားနာပြီးနောက် လာမည့် သြဂုတ် ၂၇ ရက် ရုံးချိန်းတွင် အပြီးသတ် အမိန့်ချရန် ပြန်လည် ချိန်းဆိုလိုက်ကြောင်း သိရသည်။

ရိုက်တာ သတင်းထောက်နှစ်ဦး၏ ရှေ့နေ တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်က “ကျွန်တော်တို့ အပြီးသတ် လျှောက်လဲချက် သဘောအရ ကျွန်တော်တို့ဘက်က အပြစ်မရှိကြောင်းနှင့် လွှတ်ပေးဖို့ လျှောက်တယ်။ အဲဒါကို တရားလိုဘက်ကနေ ပြန်ချေပပြီး အပြစ်ပေးသင့်ကြောင်း လျှောက်လဲပါတယ်”ဟု မီဒီယာများအား ပြောကြားသည်။

ရိုက်တာ သတင်းထောက် ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့၏ ရှေ့နေများ ဖြစ်သော တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်၊ တရားလွှတ်တော်ရှေ့နေ ဦးသန်းဇော် အပါအဝင် ရှေ့နေ သုံးဦးက စာမျက်နှာ ၂၇ ပါ စာဖိုင်ကို ရေးသားတင်ပြချက် အနေဖြင့် တင်ပြခဲ့ကြောင်း သိရသည်။

ထို့ပြင် တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်က “ဒီဥပဒေက နိုင်ငံ ငါးနိုင်ငံလောက်မှာ တညီတည်းရှိတဲ့ ဥပဒေ။ သူရဲ့ ပင်မက ၁၉၁၁ ခုနှစ် အင်္ဂလန်နိုင်ငံက လာတဲ့ဥပဒေ။ အင်္ဂလန်နိုင်ငံမှာပင် ဒါကြီးက အသုံးမဝင်တော့ဘူး။ လူ့လောကနဲ့ အသုံးမကျတော့ဘူး ဆိုပြီး ပစ်ပယ်ပြီး အတိုက်ခိုက်ခံရတဲ့ ဥပဒေ။ အဲဒီဥပဒေနဲ့ အရေးယူ အပြစ်ပေးမယ် ဆိုရင်တောင်မှ အဲဒီဥပဒေမှာပါတဲ့ ၃ (၁) (ဂ) ပါပြဋ္ဌာန်းချက်နဲ့ မညီဘူး ဆိုတာရယ်၊ နောက်တစ်ခါ နိုင်ငံခြား စီရင်ထုံးတွေအရ အဲဒီဥပဒေတွေက သတင်းရယူ စုဆောင်းမှု ဂျာနယ်လစ်တွေနဲ့ အကျုံးမဝင်ကြောင်း တညီတည်း သူတို့နိုင်ငံတွေမှာ ပြောထားတဲ့ စီရင်ချက်တွေကို ရုံးကို လေ့လာနိုင်ဖို့အတွက် ဒါကို ကိုးကားပြီး လွှတ်ဖို့ မဟုတ်ပါဘူး ။ အဲဒါကို တင်ပြခဲ့ပါတယ်။ ရုံးကလည်း လက်ခံပါတယ်”ဟု ဆက်လက် ပြောကြားသည်။

တရားစွဲဆို ခံထားရသော ရိုက်တာ သတင်းထောက် ကိုဝလုံးက အမှုရင်ဆိုင်ရသည့် ကိုးလတာ ကာလအတွင်း အပြီးသတ် နှစ်ဖက် လျှောက်လဲချက်ပေးပြီးသည့် အချိန်အထိ လုံး၀ အပြစ်မရှိကြောင်း ခိုင်ခိုင်မာမာ ပြောနိုင်ပြီး တရားလိုဘက်ကလည်း ၎င်းတို့အပေါ် အပြစ်ရှိကြောင်း စွပ်စွဲနိုင်ခဲ့ခြင်း မရှိကြောင်း၊ ရုံးတော်မှ မျှမျှတတ ဆုံးဖြတ်ကာ လွှတ်ပေးမည်ဟု ယုံကြည်ကြောင်းနှင့် မကြာခင် မွေးဖွားပြီးကာစ သမီးဖြစ်သူထံ ပြန်သွားနိုင်မည်ဟု ပြောကြားသည်။

“ကျွန်တော်တို့ အခိုင်အမာ ယုံကြည်တာက ကျွန်တော်တို့ဟာ သတင်းသမား ကျင့်ဝတ်နဲ့အညီ သတင်းတွေ လိုက်ခဲ့တာ ဖြစ်တယ်။ မြန်မာနိုင်ငံရဲ့ အကျိုးစီးပွားကို ယုတ်လျော့အောင်လို့ ဘာတစ်ခုမှ လုပ်ခဲ့တာ မရှိဘူး။ လာမယ့်အပတ်မှာ ရုံးတော်က ဆုံးဖြတ်မယ့် အနေအထားမှာလည်း ကျွန်တော်တို့ မျှော်လင့်ချက်တွေနဲ့အတူ ကျွန်တော်တို့ ယုံကြည်တဲ့ ဒီမိုကရေစီ၊ တရားမျှတမှုနဲ့ သတင်းလွတ်လပ်ခွင့်အပေါ်မှာ အခြေခံပြီးတော့ အပြစ်မရှိတဲ့ကိစ္စကို ရုံးတော်က မျှမျှတတ ဆုံးဖြတ်ပြီးတော့ လွှတ်ပေးမယ်လို့ အခိုင်အမာ ကျွန်တော်တို့ ယုံကြည်ထားပါတယ်။ မကြာခင်မှာ ကျွန်တော့် သမီးလေးဆီကို မကြာခင် ပြန်သွားနိုင်တော့မယ်လို့ ကျွန်တော် အခိုင်အမာ ယုံကြည်ထားပါတယ်” ဟု ရိုက်တာသတင်းထောက် ကိုဝလုံးက ပြောကြားသည်။

ရိုက်တာသတင်းဌာနမှ မြန်မာသတင်းထောက် ကိုဝလုံး (ခ) ကိုသက်ဦးမောင်နှင့် ကိုကျော်စိုးဦး (ခေါ်) ကိုမိုးအောင်တို့ နှစ်ဦးသည် လျှို့ဝှက် စာရွက်စာတမ်းများအတူ တွေ့ရှိသည်ဟု ဆိုကာ မင်္ဂလာဒုံမြို့နယ်တွင် ဖမ်းဆီးခံရခဲ့ပြီး ၁၉၂၃ ခုနှစ် မြန်မာနိုင်ငံ အစိုးရလျှို့ဝှက်ချက်အက် ဥပဒေပုဒ်မ - ၃ (၁) (ဂ)ဖြင့် ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့ မှ ဒုတိယရဲမှူးကြီးယုနိုင်က တရားလိုပြုလုပ်၍ မြောက်ပိုင်းခရိုင်တရားရုံးတွင် တရားစွဲဆိုခဲ့ ကြောင်းသိရသည်။

ရိုက်တာသတင်းထောက် ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့သည် ၂၀၁၇ ဒီဇင်ဘာ ၁၂ ရက် ညပိုင်းတွင် ဖမ်းဆီး ထိန်းသိမ်းခံရပြီးနောက် ယနေ့ထိ ကိုးလကြာ ချုပ်နှောင် ထိန်းသိမ်းခံထားရကာ အမှုအတွက် ရုံးချိန်းပေါင်း ၃၆ ကြိမ် ရင်ဆိုင်ထားရပြီး ဖြစ်ကြောင်းလည်း သိရသည်။

Most Read

Most Recent