ပရီးမီးယားလိဂ်ပွဲကျန် ပွဲပြီးသုံးသပ်ချက်

ပရီးမီးယားလိဂ်ပွဲကျန် ပွဲပြီးသုံးသပ်ချက်
Published 21 August 2018

ခရစ္စတယ်ပဲလေ့စ် ဝ-၂ လီဗာပူးလ်

Photo: AFP

ပရီးမီးယားလိဂ်ပွဲစဉ်(၂)ရဲ့ နောက်ဆုံးပွဲအဖြစ် ယှဉ်ပြိုင်ကစားခဲ့တဲ့ ခရစ္စတယ်ပဲလေ့စ်နဲ့ လီဗာပူးလ်အသင်းတို့ရဲ့ပွဲမှာ လီဗာပူးလ်အသင်းက ပေးဂိုးမဲ့နိုင်ပွဲကို ထပ်မံရယူနိုင်ခဲ့ပါတယ်။

ဂိုးကွာခြားချက်အရ အမှတ်ပေးဇယား ဒုတိယနေရာကို ဆင်းပေးခဲ့ရပေမယ့် ဂိုးမပေးရသေးတဲ့ တစ်သင်းတည်းသောအသင်းအဖြစ် ရပ်တည်နိုင်ခဲ့တာကတော့ ကျေနပ်စရာပါ။

အိမ်ရှင်ပဲလေ့စ်အသင်းရဲ့ကစားပုံကြောင့် လီဗာပူးလ်အသင်းအတွက် လွယ်ကူတဲ့ပွဲလည်း မဖြစ်ခဲ့ပါဘူး။

လီဗာပူးလ်အသင်း လူစုံတက်စုံပွဲထွက်ခဲ့ပြီး ဆာလာ၊ မာနေ၊ ဖေမီ နိုအတွဲနဲ့ပဲ ဖိအားပေးဖို့ ကြိုးစားခဲ့ပေမယ့် ပဲလေ့စ်အသင်းက အမှားအယွင်းအနည်းဆုံးဖြစ်အောင် ကစားသွားနိုင်ခဲ့ပါတယ်။

ဒါကြောင့် လီဗာပူးလ်အသင်း ဘောလုံးပိုင်ဆိုင်မှုမှာ အသာစီးရရှိခဲ့ပေမယ့် စိတ်ကြိုက်ထိုး ဖောက်ခွင့်တော့ သိပ်မရခဲ့ပါဘူး။

ပဲလေ့စ် တိုက်စစ်မှာ ဘန်တီကီ၊ ဇာဟာတို့လို အခွင့်အရေးယူနိုင်တဲ့ ကစားသမားတွေ ရှိနေတာကြောင့်လည်း တိုက်စစ်ကို သိပ်ဖွင့်မကစားရဲခဲ့ပါဘူး။

လီဗာပူးလ်အသင်းရရှိခဲ့တဲ့ နှစ်ဂိုးစလုံးကလည်း  ခက်ခက်ခဲခဲ ရယူခဲ့ရတာပါ။

Photo: AFP

ပထမပိုင်းပြီးခါနီးမှာ ဆာလာကြောင့်ရရှိတဲ့ ပယ်နယ်တီကို မီလ်နာက ကန်သွင်းယူကာ လီဗာပူးလ်အသင်း အဖွင့်ဂိုး ရရှိခဲ့ပါတယ်။

အဲဒီနောက် လီဗာပူးလ်အသင်း အခွင့်အရေးတချို့ ထပ်ရခဲ့ပေမယ့် အသုံးမချနိုင်ခဲ့ပါဘူး။

(၇၅)မိနစ်မှာ တစ်ယောက်တည်းလွတ်ထွက်သွားတဲ့ ဆာလာကို တားဆီးရာက ပဲလေ့စ် နောက်ခံလူ ဘစ်ဆာကာ အနီကတ်ပြ ထုတ်ပယ်ခံခဲ့ရပါတယ်။

ဒါပေမဲ့ လီဗာပူးလ်အသင်း ထိန်းကစားခဲ့ပြီး ဒုတိယဂိုးကိုတော့ တန်ပြန်တိုက်စစ်ကတစ်ဆင့် နာကျင်အချိန်ပိုမှာ မာနေးက သွင်းယူခဲ့ပါတယ်။

Most Read

Most Recent