ဒေါ်လာဈေးမြင့်တက်ခြင်းကြောင့် စက်သုံးဆီဈေးနှုန်း 92 Ron တစ်လီတာ ကျပ် ၉၄၀၊ ပရီမီယံဒီဇယ် တစ်လီတာ ကျပ် ၉၈၀ အထိရောက်ရှိလာပြီး သုံးလဝန်းကျင်အတွင်း ၁၁ ရာခိုင်နှုန်းကျော်အထိ မြင့်တက်

ဒေါ်လာဈေးမြင့်တက်ခြင်းကြောင့် စက်သုံးဆီဈေးနှုန်း 92 Ron တစ်လီတာ ကျပ် ၉၄၀၊ ပရီမီယံဒီဇယ် တစ်လီတာ ကျပ် ၉၈၀ အထိရောက်ရှိလာပြီး သုံးလဝန်းကျင်အတွင်း ၁၁ ရာခိုင်နှုန်းကျော်အထိ မြင့်တက်
Published 21 August 2018

သြဂုတ်လအတွင်း ကမ္ဘာ့ရေနံဈေးကျဆင်းသော်လည်း ဒေါ်လာဈေးမြင့်တက်ခြင်းကြောင့် ပြည်တွင်းစက်သုံးဆီဈေးနှုန်း တစ်လီတာ ကျပ် ၈၅-၉၅ ကြားဈေးတက်ခဲ့ပြီး မေ ၁၈ ရက်ဈေးနှုန်းနှင့်နှိုင်းယှဉ်ပါက ၁၀ ရာခိုင် နှုန်းနီးပါးမှ ၁၁ ရာခိုင်နှုန်းကျော်အထိ မြင့်တက်ခဲ့ကြောင်း စက်သုံးဆီအရောင်းဆိုင်များထံမှ သိရသည်။

ပြည်တွင်းဈေးကွက်တွင် ၂၀၁၈ ခုနှစ် သြဂုတ် ၂၀ ရက်တွင် မြန်မာနိုင်ငံစက်သုံးဆီ တင်သွင်းရောင်းချ ဖြန့်ဖြူးရေးအသင်းမှ အမြင့်ဆုံးနှုန်းအဖြစ်သတ်မှတ်ထားသော စက်သုံးဆီ လက်လီဈေးများမှာ ဒီဇယ် တစ်လီတာ ကျပ် ၉၇၀ (တစ်ဂါလန် ၄၄၀၃ ကျပ်) ပရီမီယံ ဒီဇယ် တစ်လီတာ ကျပ် ၉၈၀ (တစ်ဂါလန် ၄၄၄၉ ကျပ်)၊ အောက်တိန်း 92 Ron တစ်လီတာ ကျပ် ၉၄၀ (တစ်ဂါလန် ၄၂၆၇ ကျပ်) အောက်တိန်း 92 Ron တစ်လီတာ ၉၈၅ ကျပ် (တစ်ဂါလန် ၄၄၇၁ ကျပ်) ဖြစ်သည်။

နိုင်ငံခြားငွေလဲနှုန်းသည် ဇွန်လမှစတင်၍ သိသိသာသာ မြင့်တက်ခဲ့ပြီး ဇွန် ၁၁ ရက်တွင် ၁၃၄၆ ကျပ်ဝန်းကျင် ဖြစ်ပေါ်နေသော ဒေါ်လာဈေးသည် သြဂုတ် ၁၆ ရက်တွင် ကျပ် ၁၅၆၀ အထိ စံချိန်တင် မြင့်တက်ခဲ့ကာ သြဂုတ် ၂၀ ရက် မွန်းလွဲပိုင်းတွင် ၁၅၀၅ ကျပ် ဝန်းကျင်ဖြစ်ပေါ်ခဲ့သည်။

ပြည်တွင်းဈေးကွက်အတွင်း ရောင်းချလျက်ရှိသော စက်သုံးဆီဈေးနှုန်းသည် ကမ္ဘာ့စက်သုံးဆီဈေးနှုန်း၊ နိုင်ငံခြားငွေလဲနှုန်းနှင့် သယ်ယူပို့ဆောင်ရေး စရိတ်အပေါ် အခြေခံပြီး ဈေးနှုန်း အပြောင်းအလဲဖြစ်ပေါ်ခြင်း ဖြစ်သည်ဟု စက်သုံးဆီ တင်သွင်းနေသည့်လုပ်ငန်းရှင်များက ဆိုသည်။ ပြီးခဲ့သည့် ဇူလိုင် ၁၀ ရက်ဈေးနှင့်နှိုင်းယှဉ်ပါက ကမ္ဘာ့ရေနံဈေးသည် ၁၂ ရာခိုင်နှုန်းကျော် ကျဆင်းခဲ့ပြီး ဒေါ်လာဈေးသည် နှစ်လကျော်အတွင်း ၁၆ ရာခိုင်နှုန်းခန့် မြင့်တက်ခဲ့ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံ စက်သုံးဆီ တင်သွင်းရောင်းချဖြန့်ဖြူးရေးအသင်းမှ ထုတ်ပြန်ထားသော သြဂုတ် ၁၇ ရက်တွင် ပြည်ပမှဝယ်ယူရသည့် စက်သုံးဈေးနှုန်း (တစ်စည်) MOPS price များမှာ 92 Ron ၈၀ ဒသမ ၈၁ ဒေါ်လာ၊ 95 Ron ၈၃ ဒသမ ၅၀ ဒေါ်လာ၊ ဒီဇယ် ၈၆ ဒသမ ၀၄ ဒေါ်လာ၊ ပရီမီယံဒီဇယ် ၈၆ ဒသမ ၈၂ ဒေါ်လာတို့ဖြစ်သည်။

Most Read

Most Recent