ဟံသာဝတီလေဆိပ် စီမံကိန်းအား ၁၉၉၄ ခုနှစ်တွင် စတင်ခဲ့ပြီး ကျပ်ငါးဘီလျံကျော် သုံးစွဲပြီးဖြစ်သော်လည်း စီမံကိန်း အကောင်အထည်ဖော်နိုင်မှု မရှိသဖြင့် နိုင်ငံတော်အတွက် နစ်နာမှုမဖြစ်စေရေး သင့်လျော်သည့် အစီအမံများ ချမှတ်ရန်လိုအပ်ဟု ပြည်ထောင်စုစာရင်းစစ်ချုပ် အကြံပြု

ဟံသာဝတီလေဆိပ် စီမံကိန်းအား ၁၉၉၄ ခုနှစ်တွင် စတင်ခဲ့ပြီး ကျပ်ငါးဘီလျံကျော် သုံးစွဲပြီးဖြစ်သော်လည်း စီမံကိန်း အကောင်အထည်ဖော်နိုင်မှု မရှိသဖြင့် နိုင်ငံတော်အတွက် နစ်နာမှုမဖြစ်စေရေး သင့်လျော်သည့် အစီအမံများ ချမှတ်ရန်လိုအပ်ဟု ပြည်ထောင်စုစာရင်းစစ်ချုပ် အကြံပြု
Published 21 August 2018

ဟံသာဝတီလေဆိပ် စီမံကိန်းအား ၁၉၉၄ ခုနှစ်တွင် စတင်ခဲ့ပြီး ၂၀၁၈ ခုနှစ်အထိ ၂၄ နှစ် ကြာမြင့်သည့်အချိန်အထိ ကျပ် ၅ ဒသမ ၂၇၇ ဘီလျံ သုံးစွဲခဲ့ပြီးဖြစ်သော်လည်း ယခုအချိန်အထိ စီမံကိန်း အကောင်အထည်ဖော်နိုင်မှု မရှိသဖြင့် နိုင်ငံတော်ဘဏ္ဍာရန်ပုံငွေများ အဟောသိကံဖြစ်နေသည့်အတွက် နိုင်ငံတော်အတွက် နစ်နာမှုမဖြစ်စေရေး သင့်လျော်သည့် အစီအမံများ ချမှတ်ဆောင်ရွက် လိုအပ်ဟု သုံးသပ်ကြောင်း ပြည်ထောင်စုစာရင်းစစ်ချုပ်က အကြံပြုခဲ့သည်။

သြဂုတ် ၂၀ ရက်က ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီက ပြည်ထောင်စုစာရင်းစစ်ချုပ်၏ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ် စစ်ဆေးတွေ့ရှိချက် အစီရင်ခံစာအပေါ် လေ့လာတွေ့ရှိချက်နှင့် သဘောထား မှတ်ချက်အစီရင်ခံစာ တင်သွင်းစဉ် ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

ပြည်ထောင်စုစာရင်းစစ်ချုပ် အကြံပြုချက် အနေဖြင့် ပြည်သူများအတွက် အမှန်တကယ် အကျိုးအမြတ် ရရှိစေနိုင်ပြီး နိုင်ငံတော်အတွက် အမှန်တကယ် ရေရှည်အကျိုးစီးပွား ဖြစ်ထွန်းနိုင်မှု ရှိ မရှိ သေချာစွာ စိစစ် သုံးသပ်ကာ နိုင်ငံတော်အတွက် နစ်နာမှုမဖြစ်စေရေး သင့်လျော်သည့် အစီအမံများ ချမှတ် ဆောင်ရွက်ရန် လိုအပ်သည်ဟု သုံးသပ်ရကြောင်း ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

ဂျပန်နိုင်ငံ Ministry of Land Infrastructure Transport (MLIT) နှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနတို့၏ ဆွေးနွေးချက်များအရ ဂျပန်နိုင်ငံမှ ၁၀၀ ရာခိုင်နှုန်း ODA Loan ရရှိနိုင်ရေးညှိနှိုင်း ဆောင်ရွက်နိုင်ရန် နှစ်နိုင်ငံကိုယ်စားလှယ်များ ပါဝင်သည့် ဟံသာဝတီ အပြည်ပြည်ဆိုင်ရာလေဆိပ် အကောင်အထည်ဖော်နိုင်ရေး ပူးပေါင်းကော်မတီတစ်ရပ် ဖွဲ့စည်း၍ ဆက်လက်ဆောင်ရွက်ခြင်း ပြုလုပ်မည်ဟု ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန အနေဖြင့် ရှင်းလင်းထားကြောင်း ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံ၏ လက်ရှိ အပြည်ပြည်ဆိုင်ရာခရီးသည် ဝင်ရောက်မှု အခြေအနေအရ ရန်ကုန်မြို့တော်၏ မိုင် ၅၀ အတွင်း နောက်ထပ် အပြည်ပြည်ဆိုင်ရာလေဆိပ်တစ်ခု တည်ဆောက်အသုံးပြုရန် လိုအပ်ခြင်းရှိ၊ မရှိ နိုင်ငံတကာနှင့် မြန်မာနိုင်ငံ၏ အတွေ့အကြုံများအရ မြို့တော်တစ်ခုအတွက် အပြည်ပြည်ဆိုင်ရာ လေဆိပ်နှစ်ခုထားလေ့မရှိခြင်း၊ ဥပမာ-ဂျပန်နိုင်ငံ၊ တိုကျိုမြို့တော်-နာရီတာနှင့် ဟာနေဒါလေဆိပ်၊ ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော် သုဝဏ္ဏဘူမိလေဆိပ်နှင့် ဒွန်မောင်းလေဆိပ်၊ မန္တလေးမြို့ တံတားဦးလေဆိပ်နှင့် ချမ်းမြသာစည်လေဆိပ်များသည် ဥပမာဖြစ်ကြောင်း၊ ထို့ပြင် Tourism Sector ဖွံ့ဖြိုးတိုးတက်ရေးကိုလည်း ဆောင်ရွက်လျက်ရှိရာတွင် ထိရောက်စွာ စီမံခန့်ခွဲဆောင်ရွက်နိုင်မည်ဆိုပါက ခရီးသွားဦး ရေတစ်ဟုန်ထိုး တိုးတက်လာနိုင်မည်ဖြစ်ရာ ထိုသို့ Tourism Sector ဖွံ့ဖြိုးတိုးတက်ရေး အတွက် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ခြင်းဖြင့် မြန်မာနိုင်ငံအတွင်း ဝင်ရောက်လာသည့် ပြည်ပခရီးသည် တိုးတက်လာနိုင်ဖြစ်ကြောင်း ပြည်သူ့ငွေစာရင်းပူးပေါင်း ကော်မတီက သုံးသပ်အကြံပြုခဲ့သည်။

အဆိုပါ လေဆိပ်စီမံကိန်းကို ၁၉၉၄ ခုနှစ်တွင် စတင်ခဲ့ပြီး ၂၀၀၁ ခုနှစ်တွင် Archom Co.,Ltd နှင့် စာချုပ်ချုပ်ဆိုခဲ့သော်လည်း ကုမ္ပဏီဘက်မှ ဖြည့်ဆည်းဆောင်ရွက်ရမည့် လုပ်ငန်းများ ဆောင်ရွက်နိုင်ခြင်းမရှိ၍ ၂၀၁၃ ခုနှစ်တွင် စာချုပ်ရပ်ဆိုင်းခဲ့ကြောင်း၊ ၂၀၁၂ ခုနှစ်တွင် ပြည်တွင်းပြည်ပ လုပ်ငန်းရှင်များအား တင်ဒါခေါ်ယူခဲ့ရာ Yongnam, JGC Consortium နှင့် CAPE တို့ ပူးပေါင်းထားသည့် YJC Co.,Ltd မှ တင်ဒါအောင်မြင်ခဲ့ပြီး HIA Myanmar Co.,Ltd ဟု အမည်ပြောင်းလဲခဲ့ကြောင်း၊ တည်ဆောက်ရေးလုပ်ငန်းအတွက် ၂၀၁၇ ခုနှစ်မှ ၂၀၁၈ ခုနှစ် ဇန်နဝါရီလအထိ ငါးကြိမ်ဆွေးနွေးခဲ့သော်လည်း အချို့အရေးကြီးသော အချက်များတွင် ပြေလည်မှုမရရှိဘဲ Frame Work Agreement (FWA) စာချုပ်သက်တမ်းသည် ၂၀၁၈ခုနှစ် ဇန်နဝါရီလကုန်တွင် ကုန်ဆုံးခဲ့ကြောင်း ပူးပေါင်းကော်မတီ၏ အစီရင်ခံစာတွင် ပါရှိသည်။

ဟံသာဝတီ အပြည်ပြည်ဆိုင်ရာလေဆိပ် စီမံကိန်းတွင် လေဆိပ်၏ အခြေခံ ဆောက်လုပ်ရေးလုပ်ငန်းများအတွက် ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေမှ ကျပ် ၅ ဒသမ ၂၇၇ ဘီလျံ ကျခံသုံးစွဲခဲ့ပြီးဖြစ်ကြောင်း၊ စီမံကိန်းလုပ်ငန်းများ နှောင့်နှေးကြန့်ကြာနေရသည့် အကြောင်းရင်းများတွင် နည်းပညာမြင့်မားပြီး ငွေကြေးရင်းနှီးမြှုပ်နှံမှု များပြားသည့် စီမံကိန်းဖြစ်၍ လေ့လာဆန်းစစ်မှုကို အချိန်ယူ ဆောင်ရွက်ရခြင်း၊ Public Facilities အတွက် ဂျပန်နိုင်ငံမှ ODA Loan ရရှိရန် ဆောင်ရွက်ရခြင်း၊ Private Facilities အတွက် တင်ဒါအောင်မြင်သည့် HIA Myanmar Co.,Ltd နှင့် ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်ရခြင်းကြောင့် ကြန့်ကြာရခြင်းဖြစ်ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

ဟံသာဝတီ အပြည်ပြည်ဆိုင်ရာလေဆိပ်စီမံကိန်း၏ လေယာဉ်ကွင်းဧရိယာ တိုင်းတာခြင်း၊ ခြံစည်းရိုးကာရံခြင်း၊ လေယာဉ်ပြေးလမ်းနှင့် ရှင်းလင်းဆောင်တည်ဆောက်ခြင်း (၁၉၉၃-၁၉၉၄ မှ ၂၀၁၇-၂၀၁၈ အထိကာလအတွင်း) ကျပ် ၃ ဒသမ ၀၁၉ ဘီလျံ၊ မြေဧရိယာ ၉၆၉၀ ဒသမ ၄ ဧကအတွက် မြေယာ လျော်ကြေးနှင့် ပြောင်းရွှေ့စရိတ်ကျခံခြင်း (၂၀၁၂-၂၀၁၃၊၂၀၁၆-၂၀၁၇၊၂၀၁၇-၂၀၁၈) ကျပ် ၁ ဒသမ ၀၆၁ ဘီလျံ၊ Retender အောင်မြင်ခဲ့သည့် ကုမ္ပဏီနှင့် သဘောတူစာချုပ်ချုပ်ဆိုနိုင်ရေးအတွက် Consultant ငှားရမ်းခ (၂၀၁၅-၂၀၁၆ မှ ၂၀၁၇-၂၀၁၈ အတွင်း) ကျပ် ၁ ဒသမ ၁၉၇ ဘီလျံအား နိုင်ငံတော်က ရင်းနှီးမြှုပ်နှံမှုပြုလုပ်ခဲ့ကြောင်း ကော်မတီ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

Most Read

Most Recent