၂၁ ရာစုပင်လုံ တတိယအစည်းအဝေးပြီးနောက် တပ်မတော်နှင့် TNLA တိုက်ပွဲပေါင်း (၁၅) ကြိမ် ဖြစ်ပွားခဲ့ပြီး တွေ့ဆုံဆွေးနွေးရန် အစိုးရက အကြောင်းမပြန်သေးဟု TNLA ပြောကြား

၂၁ ရာစုပင်လုံ တတိယအစည်းအဝေးပြီးနောက် တပ်မတော်နှင့် TNLA တိုက်ပွဲပေါင်း (၁၅) ကြိမ် ဖြစ်ပွားခဲ့ပြီး တွေ့ဆုံဆွေးနွေးရန် အစိုးရက အကြောင်းမပြန်သေးဟု TNLA ပြောကြား
Published 21 August 2018

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- ၂၁ ရာစုပင်လုံ တတိယအစည်းဝေးပြီးနောက် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် တပ်မတော်နှင့် တအန်းလက်နက်ကိုင်အဖွဲ့ (TNLA) တို့ကြား တိုက်ပွဲပေါင်း (၁၅) ကြိမ် ဖြစ်ပွားခဲ့ပြီး တိုက်ပွဲများ ရပ်တန့်ရေး တွေ့ဆုံ ဆွေးနွေးရန် အစိုးရဘက်က အကြောင်းပြန်ကြားမှု မရှိသေးကြောင်း TNLA သတင်းနှင့် ပြန်ကြားရေးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး တားအိုက်ကျော်က ပြောကြားသည်။

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- ၂၁ ရာစုပင်လုံ တတိယအစည်းအဝေးအား ၂၀၁၈ ခုနှစ် ဇူလိုင် ၁၁ ရက်မှ ၁၆ ရက်အထိ နေပြည်တော်တွင် ပြုလုပ်ခဲ့ပြီး ယင်းအစည်းအဝေးအပြီး တစ်လခွဲအတွင်း တပ်မတော်နှင့် TNLA တို့သည် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် တိုက်ပွဲပေါင်း (၁၅) ကြိမ် ဖြစ်ပွားခဲ့ခြင်းလည်း ဖြစ်သည်။

ရှမ်းမြောက်ဒေသအတွင်း တိုက်ပွဲများ လျှော့ချရေးနှင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) ပါ ဝင်လက်မှတ်ရေးထိုးနိုင်အောင် နည်းလမ်းရှာဖွေရေးအတွက် အစိုးရနှင့် မြောက်ပိုင်းမဟာမိတ် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ သုံးဖွဲ့ဖြစ်သော တအန်းလက်နက်ကိုင်အဖွဲ့ (TNLA)၊ ကိုးကန့်လက်နက်ကိုင်အဖွဲ့ (MNDAA)၊ ရခိုင်လက်နက်ကိုင်အဖွဲ့ (AA) တို့၏ တွေ့ဆုံ ဆွေးနွေးပွဲကို သြဂုတ် ၁၂ ရက်တွင် တရုတ်နိုင်ငံ၊ ကူမင်းတွင် ပြုလုပ်ရန် စီစဉ်ထားသော်လည်း ယင်းအစီအစဉ်မှာ ပျက်ပြယ်သွားခဲ့ခြင်း ဖြစ်သည်။

“သူတို့ (ငြိမ်းချမ်းရေးကော်မရှင်) ဘက်က တစ်ဖက်သတ် ရပ်ဆိုင်းသွားတာလေ။ လက်ရှိအချိန်အထိ ဘာမှတော့ အကြောင်းပြန်ကြားတာ မရှိသေးဘူး။ ဒီအတိုင်းပဲ” ဟု ဗိုလ်မှူး တားအိုက်ကျော်က ပြောသည်။

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မိုင်းငေါ့မြို့နယ် ခွဲနမ့်ဖိတ်ကျေးရွာနှင့် လွယ်ပန်တန်ကျေးရွာ အကြားတွင် တပ်မတော်နှင့် TNLA တို့ အချိန်ကြာမြင့်စွာ တိုက်ပွဲများ ဖြစ်ပွားခဲ့ကြပြီး တပ်မတော် တပ်မ ၇၇ လက်အောက်ခံ ခလရ (၆) နှင့် TNLA တို့ နှစ်ဖက်ရင်ဆိုင် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု TNLA သတင်းနှင့်ပြန် ကြားရေးဌာနက သြဂုတ် ၁၉ ရက်ညတွင် သတင်းထုတ်ပြန်ခဲ့သည်။

ယခင်က တိုက်ပွဲဖြစ်ပွားချိန် အနည်းငယ်သာ ကြာမြင့်ခဲ့သော်လည်း သြဂုတ် ၁၉ ရက် တိုက်ပွဲတွင်မူ နံနက်ပိုင်း ၁၁ နာရီ ၃၀ မှ မွန်းလွဲ ၂ နာရီအထိ တစ်ကြိမ်၊ ညနေပိုင်း ၄ နာရီမှ ည ၇ နာရီအထိ တစ်ကြိမ် စုစုပေါင်း အချိန်ကြာမြင့်သောတိုက်ပွဲ နှစ်ကြိမ်ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

“ဟုတ်တယ်။ မနေ့က တပ်မတော်က ကျွန်တော်တို့ကို တောထဲအထိလိုက်ပြီး ထိုးစစ်ဆင်နေလို့ အချိန်က ကြာသွားတာ” ဟု ဗိုလ်မှူး တားအိုက်ကျော်က ပြောသည်။

တအန်းလက်နက်ကိုင်အဖွဲ့ (TNLA) အနေဖြင့် ရှမ်းပြည်နယ် (မြောက်ပိုင်း) တွင် တပ်မတော်နှင့် တိုက်ပွဲများ ဖြစ်ပွားနေသကဲ့သို့ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) တွင် ပါဝင်လက်မှတ်ရေးထိုးထားသော ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) နှင့်လည်း တိုက်ပွဲများ ဖြစ်ပွားနေသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ဖြစ်သည်။

Most Read

Most Recent