တောင်ပြုန်းပွဲတော်နှင့် အခြားနတ်ပွဲများတွင် နတ်ကရာ၌ ဗုဒ္ဓတေးများဖြင့် သီဆိုကပြခြင်း မပြုရန် သတ်မှတ်ချက် ထုတ်ပြန်ထား

တောင်ပြုန်းပွဲတော်နှင့် အခြားနတ်ပွဲများတွင် နတ်ကရာ၌ ဗုဒ္ဓတေးများဖြင့် သီဆိုကပြခြင်း မပြုရန် သတ်မှတ်ချက် ထုတ်ပြန်ထား
Published 21 August 2018

တောင်ပြုန်းပွဲတော်ကြီးနှင့် တခြားနတ်ပွဲများတွင် နတ်ကရာ၌ ဗုဒ္ဓတေးများဖြင့် သီဆိုကပြခြင်း မပြုရန် ထုတ်ပြန်ထားကြောင်း၊ တောင်ပြုန်းပွဲတော်သည် နိုင်ငံခြားသားများပါ လာရောက်ကြသည့်အတွက် နတ်ဒေဝါ ပညာရှင်များ အပါအဝင် နတ်ဒေဝါ ပညာရှင်နှင့်အတူ ပါသည့် ပရိသတ်များအနေဖြင့် အများအမြင်မတင့်တယ်စေသည့် အပြုအမူများ၊ သရုပ်ပျက် ဝတ်စားဆင်ယင်မှုများ၊ ရှေးရိုးရာ အစဉ်အလာများနှင့် ဖီလာ ဆန့်ကျင်မှုများ မပြုလုပ်ကြရေး ထုတ်ပြန်ထားသည့်ဟု မန္တလေးတိုင်းဒေသကြီး ဒေဝါ စည်းကမ်းထိန်းသိမ်းရေး ကော်မတီဥက္ကဋ္ဌ ဦးအောင်မျိုးဆွေ က ပြောကြားသည်။

“ယမန်နေ့က ပြုလုပ်တဲ့ အစည်းအဝေးမှာ နတ်ဒေဝါ နာယကလူကြီးများ သဘင်အဖွဲ့အစည်းမှ တာဝန်ရှိသူများ စသဖြင့် အားလုံးတွေ့ဆုံ ဆွေးနွေးပြီး နတ်နန်းတွေ ပွဲတော်ကာလအတွင်းမှာ နတ်လောကကြီး အထင်သေးတာတွေ ကင်းဝေးအောင်၊ အထင်သေးပြီး ပြောခံရတာတွေ ကင်းဝေးအောင် သရုပ်ပျက် အဝတ်အစား ဝတ်ဆင်ပြီး ကပြတာမျိုး ဘောင်းဘီအတို၊ ထမိန်စကတ် အတိုတို့နဲ့ ကပြတာမျိုးတွေ၊ တက်ပွဲတွေမှာလည်း အဲဒါမျိုး ကပြတာတွေ မပြုလုပ်ကြဖို့ နောက် ယောကျ်ား နတ်ကပြရာတွင် ဥပမာ ပခန်းကိုကြီးကျော် ကပြနေချိန်မှာ မိန်းမသီချင်းမျိုး မောင်အချစ်မြားဆူးလို့ သီချင်းမျိုးနဲ့ ဆိုကြကကြတာမျိုး မြင်တွေ့နေရအတွက် အဲဒါမျိုး မလိုက်လျော မညီထွေတဲ့ အရာတွေ မပြုလုပ်ကြဖို့ သတ်မှတ်ပါတယ်။ နောက် မိန်းမနတ်ပိုင်းဆိုင်ရာမှာလည်း သမ္ဘာစဉ် နတ်သီချင်းတွေကို ဦးစွာပထမ ဆိုပြီးတော့မှ မိမိတို့ ဆိုပြကပြချင်တဲ့ သီချင်းတွေကို ဆိုပြကပြဖို့၊ ဒီဆိုတဲ့ ကတဲ့အချိန်မှာလည်း ဗုဒ္ဓသီချင်း ဥပမာ အောင်ခြင်းရှစ်ပါး သီချင်းမျိုး ဆိုကြကကြတယ်လို့ ကြားရတဲ့အတွက် နတ်နာယကကြီး လူကြီးများ၊ သဘင်လူကြီးများ၊ နတ်ဒေဝါ အဖွဲ့အစည်းမှ လူကြီးများ တိုင်ပင်ပြီးတော့ ဗုဒ္ဓသီချင်းများကို ဆိုခွင့်မပြုဖို့ ထုတ်ပြန်ပါတယ်။ ဓမ္မသီချင်းပေါ့။ ဘဘ ဦးသုခရေးတဲ့ ဘဝသံသရာ သီချင်းမျိုးပေါ့။ အဲဒါမျိုးတော့ သီဆိုခွင့် ပေးပါတယ်။ ဒီစည်းကမ်းချက်များကို တောင်ပြုန်းကျေးရွာမှာရှိတဲ့ နတ်နန်း ၄၀ မှာရှိတဲ့ နန်းထိန်းများ၊ ဆိုင်းဆရာများကို စာရွက်စာတမ်း ပေးပို့ပြီး ဒီအမိန့် ထုတ်ပြန်ထားတယ်၊ သတ်မှတ်ထား ပြောကြားထားပါတယ်။ တစ်နန်းကို တက်ပွဲ တစ်ပွဲကို ၂၀၀၀ ကောက်ခံတာလည်း ယခင် မရှိပါဘူး။ အခုကျ နတ်ဒေဝါ အဖွဲ့အစည်း ပေါ်ပေါက်လာတဲ့အတွက် စတင်ကောက်ခံတာပါ။ ဒီအဖွဲ့အစည်းကလည်း နတ်ကတော်များအတွက် လူမူရေးကိစ္စတွေ အားလုံး ညီညီညွတ်ညွတ်နဲ့ နတ်လောကကြီး အများအမြင်သင့်အောင် လေးစားရအောင် သာသနပြု လှူနိုင်တန်းနိုင်အောင် သဘင်လက်အောက်ကနေ ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းတစ်ခု ဖြစ်ပါတယ်။ ပထမဆုံးအနေဖြင့် တောင်ပြုန်းပွဲတော်မှ စတင်ပြီး ထုတ်ပြန်တာပါ။ ရတနာ့ဂူပွဲလည်း ဒါမျိုးပဲ သွားပါမယ်။ အားလုံး သက်ဆိုင်ပါတယ်” ဟု မန္တလေးတိုင်းဒေသကြီး ဒေဝါ စည်းကမ်းထိန်းသိမ်းရေးကော်မတီ ဥက္ကဋ္ဌ ဦးအောင်မျိုးဆွေက ပြောကြားသည်။

အဆိုပါ ဒေဝါပညာရှင်များ စည်းကမ်းထိန်းသိမ်းရေးကော်မတီ (ဗဟို) ကို နတ်လောကသား အားလုံး၏ သာရေး၊ နာရေး၊ လူမှုရေး ကိစ္စရပ်များတွင် ကူညီဆောင်ရွက်ရန်၊ နတ်ရိုးရာ အစဉ်အလာ လက်ဆင့်ကမ်း ပြန့်ပွားစေရန် စသည့် ရည်ရွယ်ချက်များဖြင့် နတ်နေကြီး၊ နတ်ဝါကြီးဒေ၀ ပညာရှင်များ စုပေါင်း၍ မြန်မာနိုင်ငံ သဘင်ပညာရှင်များ အစည်းအရုံး (ဗဟို) ၏ လက်အောက်မှ ကော်မတီခွဲ တစ်ခုအဖြစ် ၂၀၁၇ ခုနှစ် အောက်တိုဘာ ၁၁ ရက်တွင် မြန်မာနိုင်ငံ သဘင်ပညာရှင်များ အစည်းအရုံး (ဗဟို) နှင့် ဒေဝါပညာရှင်များ စည်းကမ်းထိန်းသိမ်းရေးကော်မတီ (ဗဟို) တို့မှ ဦးစီး၍ ဖွဲ့စည်းခဲ့ကြောင်း သိရသည်။

 

Most Read

Most Recent