စိုးသူကို ငွေတောင်းခံသည့် ကြေညာချက်တွင် သက်ဆိုင်ခြင်း မရှိသည့် စိုးမြတ်နန္ဒာအား ထည့်သွင်းခဲ့မှုမှာ ဂုဏ်သိက္ခာ ကျဆင်းစေသဖြင့် ငွေကျပ်သိန်း ၁၅၀၀၀ အား နစ်နာကြေးအဖြစ်ပေးရန် တောင်းဆို

စိုးသူကို ငွေတောင်းခံသည့် ကြေညာချက်တွင် သက်ဆိုင်ခြင်း မရှိသည့် စိုးမြတ်နန္ဒာအား ထည့်သွင်းခဲ့မှုမှာ ဂုဏ်သိက္ခာ ကျဆင်းစေသဖြင့် ငွေကျပ်သိန်း ၁၅၀၀၀ အား နစ်နာကြေးအဖြစ်ပေးရန် တောင်းဆို
Published 20 August 2018

သြဂုတ် ၁၈ ရက်တွင် ထွက်ရှိခဲ့သည့် မြန်မာ့အလင်း သတင်းစာ၌ ဦးကျော်ကျော်ထွန်း၏ ရှေ့နေများက သရုပ်ဆောင် တေးသံရှင်စိုးသူနှင့် ပတ်သက်သည့် ကြေညာချက်တစ်ရပ်အား ထည့်သွင်းခဲ့ရာတွင် ဖြစ်စဉ်နှင့် သက်ဆိုင်ခြင်းမရှိသည့် သရုပ်ဆောင်စိုးမြတ်နန္ဒာ၏ အမည်ကိုပါ ထည့်သွင်းခဲ့သည့်အတွက် ဂုဏ်သိက္ခာ ကျဆင်းစေသဖြင့် ငွေကျပ်သိန်း ၁၅၀၀၀ အား နစ်နာကြေးအဖြစ် ပေးဆပ်ရန် စိုးမြတ်နန္ဒာက သြဂုတ် ၂၀ ရက်ထုတ် သတင်းစာတွင် ပြန်လည်ကြေညာထားသည်။

သရုပ်ဆောင် စိုးမြတ်နန္ဒာ၏ ညွှန်ကြားချက်အရ တရားလွှတ်တော်ရှေ့နေ ဦးနေလက ကြေညာချက် ထုတ်ပြန်ထားရာတွင် ဦးကျော်ကျော်ထွန်း၏ ရှေ့နေမှ ဦးစိုးသူနှင့် ပတ်သက်သည့် ကြေညာချက်အား ထုတ်ပြန်ရာတွင် ထိုကြေညာချက်ပါ ငွေကြေးကိစ္စသည် စိုးမြတ်နန္ဒာနှင့် လုံးဝသက်ဆိုင်ခြင်း မရှိသည့် ကိစ္စဖြစ်ကြောင်း၊ စိုးမြတ်နန္ဒာသည် ဦးကျော်ကျော်ထွန်းနှင့် ဦးစိုးသူလွင်တို့၏ ငွေအပေးအယူပြုလုပ်ခြင်းအား သိရှိခြင်း မရှိကြောင်း၊ ဦးကျော်ကျော်ထွန်းသည် စိုးမြတ်နန္ဒာ အနေဖြင့် ယင်းငွေပေးငွေယူကိစ္စတွင် ပါဝင်ပတ်သက်ထားခြင်း မရှိမှန်း သိပါလျက် တစ်စုံတစ်ရာ ဆက်သွယ်မေးမြန်းခြင်းလည်း မရှိဘဲ အများသိစေရန်ဟု အမည်တပ်ကာ ဂုဏ်သိက္ခာ ကျဆင်းစေရန် ရည်ရွယ်၍ သတင်းစာမှ ငွေတောင်းခံခဲ့ခြင်း ဖြစ်သည်။ စိုးမြတ်နန္ဒာ၏ ဂုဏ်သိက္ခာ ကျဆင်းစေရန် ရည်ရွယ်ဆောင်ရွက်ခဲ့ခြင်း ဖြစ်သဖြင့် ရာဇဝတ်ကြောင်းအရ တရားစွဲဆိုမည်ဖြစ်ကာ ဂုဏ်သိက္ခာကျဆင်းစေသော နစ်နာမှုအတွက် ငွေကျပ်သိန်း ၁၅၀၀၀ ကို ခုနစ်ရက်အတွင်း ပေးဆပ်ရန် တောင်းဆိုထားကာ လိုက်နာခြင်းမရှိပါက တည်ဆဲဥပဒေနှင့်အညီ တရားစွဲဆိုမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာ ထားခြင်းဖြစ်သည်။

သရုပ်ဆောင်တေးသံရှင် စိုးသူကလည်း သြဂုတ်၂၀ ရက်ထုတ် သတင်းစာတွင်ပင် ဦးကျော်ကျော်ထွန်း၏ ကြေညာချက်အား ပြန်လည်ဖြေရှင်း ထုတ်ပြန်ခဲ့ပြီး ဦးကျော်ကျော်ထွန်းသည် မန္တလေးတွင် ပြုလုပ်ခဲ့သည့် စိုးသူ၏ One Night in Mandalay ပွဲအား စီစဉ်သူဖြစ်ကာ စိုးသူစီစဉ်ထားသည့် ‘အမြတ်နိုးဆုံး မင်းအကြောင်းလေး’ အယ်လ်ဘမ်ကို ဖြန့်ချိခဲ့သူလည်းဖြစ်သည်။ ၂၀၁၅ သြဂုတ်တွင် စိုးသူလိုအပ်သည့် ငွေကြေးကို စာချုပ်စာတမ်းမရှိဘဲ စိုက်ထုတ်ခဲ့ပြီး စိုးသူအတွက် ပေးအပ်ရန်ရှိသည့် အနုပညာကြေးများဖြင့် ခုနှိမ်သွားမည်ဟု ပြောကြားခဲ့ကြောင်း၊ အနုပညာလုပ်ငန်းများ လုပ်ဆောင်ပြီးသွားသော်လည်း အနုပညာကြေးများ ပေးအပ်ခြင်းမရှိဘဲ ဦးကျော်ကျော်ထွန်းမှ ရရန်ရှိငွေများကိုသာ အတိုးဖြင့် ပြန်လည်ပေးဆပ်ရန် ပြောကြားခဲ့ကြောင်း၊  ဦးကျော်ကျော်ထွန်း စိုက်ထားသည့်ငွေပေါ် အတိုးအရင်းပေါင်းကာ အနုပညာကြေးနှင့် ခုနှိမ်ပေးရန် ၂၀၁၇ မတ်လ ၂၄ ရက်တွင် ညှိနှိုင်းခဲ့ကြောင်း၊ ငွေကျပ်သိန်း ၇၅၀ ကျော် ပေးသွင်းရန် ဖြစ်ကြောင်း၊ ၂၀၁၇ နိုဝင်ဘာတွင် ယင်းသို့ညှိနှိုင်းခြင်းမှာ မျှတမှု မရှိသော်လည်း တေးသံရှင် စိုးသူမှ ဦးကျော်ကျော်ထွန်းနှင့် ရှေ့ဆက်မပတ်သက် လိုတော့သဖြင့် လေးကြိမ်ခွဲပေးရန် စာချုပ်ချုပ်ဆိုခဲ့ခြင်း ဖြစ်ကြောင်း၊ စာချုပ်အရ နောက်ဆုံးပေးချေရန် သတ်မှတ်ရက်မှာ စက်တင်ဘာ ၇ ရက်ဖြစ်ကြောင်း၊ စာချုပ်ပါ ငွေကြေးကိစ္စသည် ကာယကံရှင် ဦးစိုးသူထံ တိုက်ရိုက်အကြောင်းကြားရမည် ဖြစ်သော်လည်း တမင်နစ်နာစေရန် ရည်ရွယ်၍ သတင်းစာမှတစ်ဆင့် ကြေညာခဲ့သည့်အတွက် တေးသံရှင်စိုးသူမှ ဦးကျော်ကျော်ထွန်းအား ဥပဒေနှင့်အညီ တရားစွဲဆိုမည်ဖြစ်ကြောင်း ကြေညာခဲ့ခြင်းဖြစ်သည်။

သြဂုတ် ၁၈ ရက်ထုတ် သတင်းစာတွင် ဦးကျော်ကျော်ထွန်းက ကိုစိုးသူနှင့် မစိုးမြတ်နန္ဒာတို့ သိရှိစေရန် ဟုဆိုကာ ရရန်ရှိငွေကြေးများ သတ်မှတ်ရက်အတိုင်း လာရောက်ပေးဆပ်ရန် ကြေညာခဲ့သဖြင့် သြဂုတ် ၂၀ ထုတ် သတင်းစာ၌ သရုပ်ဆောင်စိုးသူနှင့် စိုးမြတ်နန္ဒာတို့က ၎င်းတို့၏ ဂုဏ်သိက္ခာ ကျဆင်းစေသည် ဟုဆိုကာ အသီးသီး ထုတ်ပြန်ချက်များ ကြေညာခဲ့ပြီး တရားစွဲဆိုသွားမည် ဖြစ်ကြောင်း ဖော်ပြခဲ့ကြခြင်းဖြစ်သည်။

Most Read

Most Recent