ရန်ကုန်ဘူတာကြီးတွင် အမျိုးသမီးနှစ်ဦးကို ဘူတာဝန်ထမ်းမဟုတ်သူ လူခြောက်ဦးက ပစ္စည်းသယ်ပေးပြီး ခြိမ်းခြောက် ငွေတောင်းခံသည့် ဖြစ်စဉ်မှ ငါးဦးဖမ်းမိ

ရန်ကုန်ဘူတာကြီးတွင် အမျိုးသမီးနှစ်ဦးကို ဘူတာဝန်ထမ်းမဟုတ်သူ လူခြောက်ဦးက ပစ္စည်းသယ်ပေးပြီး ခြိမ်းခြောက် ငွေတောင်းခံသည့် ဖြစ်စဉ်မှ ငါးဦးဖမ်းမိ
Published 20 August 2018

ရန်ကုန်ဘူတာကြီးတွင် အမျိုးသမီး နှစ်ဦးကို ဘူတာဝန်ထမ်းမဟုတ်သူ လူခြောက်ဦးက ပစ္စည်းသယ်ပေးပြီး ခြိမ်းခြောက်ငွေ တောင်းခံသည့်ဖြစ်စဉ်မှ ငါးဦးဖမ်းမိထားပြီး ဖြစ်ကြောင်း သိရသည်။

ဖြစ်စဉ်မှာ သြဂုတ် ၁၈ ရက် ည ၁၁ နာရီ ကျော်တွင် Htoo Htet Htet Aung အမည်ဖြင့် Facebook သုံးစွဲသူက “ရန်ကုန်မြို့လယ်ခေါင်ကြီးမှာ ဓားပြတိုက်ခံရပါတယ်”  ဆိုကာ အစချီရေးသားခဲ့ပြီး “ရန်ကုန်ဘူတာကြီးကိုရောက်စဉ် ဘူတာဝန်ထမ်းမဟုတ်သူ အင်္ကျီအပြာဝတ် လူခြောက်ဦးခန့်က ခရီးဆောင်အိတ်သယ်ပေးမည်ဆိုကာ ရထားပေါ်မှ ဘူတာ ဆင်ဝင်အောက် သယ်သွားပြီး သယ်ယူခ ကျပ် ၁၇၀၀၀ တောင်းခံခဲ့ကြောင်း၊ တောင်းခံသည့်ငွေမပေးသည့်အတွက် အမျိုးသမီးနှစ်ဦးကို လူခြောက်ဦးမှ ဝိုင်းထားပြီး လုံခြုံရေးရဲမရှိကြောင်း၊ ဘေးနားရှိ ကားသမားများလည်း ဝေးရာသို့ ရှောင်ကုန်ကြောင်း၊ ရဲကို သွားတိုင် မည်ဟုပြောရာဝန်းရံထားသူများက “ကြိုက်တဲ့ရဲတိုင် ငါလိုက်ခဲ့မယ်” ဟု ပြောကြောင်း၊ ရထားဆိုက်သော်လည်း ရထားရဲလုံးဝမရှိဘဲ နောက်ဆုံးတွင် ၆၀၀၀ ကျပ် ပေးလိုက်ရကြောင်း၊ သူမတို့နည်းတူ အမျိုးသမီးကြီးတစ် ဦးမှာလည်း ကျပ် ၇၀၀၀ ပေးလိုက်ရကြောင်း၊ မပေးမချင်း ဝိုင်းထားကြောင်း၊ ပြည်သူများတွင် လုံခြုံမှုမရှိတော့ဘူးလား”  စသည်ဖြင့် ရေးသားထားကာ အဆိုပါရေးသားမှုအား မျှဝေသူများပြားခဲ့ကြောင်း သိရသည်။

ထိုသို့ ရေးသားအပြီး ယခုကဲ့သို့ ဖြစ်ပွားမှု နောင်ထပ်မံမဖြစ်ပွားစေရန် ရန်ကုန်ဘူတာကြီးမှ တာဝန်ရှိသူများက သြဂုတ် ၁၉ ရက် နံနက် ၉ နာရီတွင် တွေ့ဆုံ၍ အစည်းအဝေးပြု လုပ်ခဲ့ကြောင်းနှင့် ဖြစ်စဉ်တွင် ပါဝင်ပတ်သက် သူ ခြောက်ဦးရှိပြီး အစည်းအဝေးမပြုလုပ်မီ တစ်ဦး၊ အစည်းအဝေးအပြီး တစ်ဦး၊ ညနေ ၃ နာရီတွင် နှစ်ဦးနှင့် ညနေတွင် တစ်ဦးကို ရထားရဲတပ်ဖွဲ့မှ ဖမ်းဆီးခဲ့ကာ ကျန်တစ်ဦးကိုလည်း နာမည်သိရှိပြီးဖြစ်သဖြင့် ဆက်လက် ဖမ်းဆီးသွားမည်ဖြစ်ကြောင်း မြန်မာ့ မီးရထား တိုင်း (၇) သွားလာရေးမန်နေဂျာဦးဇော်လွင်က ယင်း၏ Facebook စာမျက်နှာတွင် ရှင်းလင်းတောင်းပန်ထားသည်။

“ဘူတာကြီးမှာ ခရီးသည်များရဲ့ ပစ္စည်းများကို သယ်ယူပို့ဆောင်ပေးဖို့ တွန်းလှည်းများနှင့်အတူ ပြည်တွင်းကုန်တင်/ချ အဖွဲ့ကို တာဝန်ပေးထားတာ ဖြစ်ပါတယ်။ အခုတော့ ဂမ်ဘားတွေ လက်ထဲရောက်ပြီး ပြည်သူတွေ အပေါ်တစ်ဖက်သတ်လုပ်ဆောင်ချက်တွေကြောင့် ဌာနရဲ့ဂုဏ်သိက္ခာကျဆင်းခဲ့ရပါတယ်။ ပြစ်မှုကျူးလွန်သူ ဂမ်ဘားများကို ရထား ဥပဒေ ပုဒ်မ ၈၈ (က) အရ အမှုဖွင့် အရေးယူရန် ဆောင်ရွက်ထားပြီး ဖြစ်ပါတယ်။ နောင် မဖြစ်စေရေးအတွက် အလုပ်သမားခနှုန်းထားတွေ ဗီနိုင်းဖြင့်ကြေညာခြင်း၊ ပြန်ကြားရေး ဌာနအနေဖြင့် ကြေညာပေးခြင်း၊ ပြည်တွင်း ကုန်တင်/ချအဖွဲ့အနေဖြင့် တာဝန်ချိန်၌ ယူနီဖောင်း ဝတ်ဆင်ရန်နှင့် အလုပ်သမားများ တာ ဝန်ချိန် လည်ဆွဲ ဆွဲရန်တို့ကို ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု ဦးဇော်လွင်ကဆိုသည်။

ရန်ကုန်ဘူတာကြီးတွင် တွန်းလှည်းတစ်စီးအတွက် သတ်မှတ်အလုပ်သမားခနှုန်းထားများမှာ  ဆင်ဝင်အောက်မှ (၁) စြင်္ကံသို့ ကျပ် ၇၀၀၊ ဆင်ဝင်အောက်မှ (၂၊ ၃) စြင်္ကံသို့  ကျပ် ၁၀၀၀၊ ဆင်ဝင်အောက်မှ (၄၊ ၅)စြင်္ကံသို့  ကျပ် ၁၂၀၀၊ ဆင်ဝင်အောက်မှ  (၆၊ ၇)စြင်္ကံသို့  ကျပ် ၁၅၀၀ သတ်မှတ်ထားပြီး နောင်တွင် အလားတူဖြစ်ရပ်များ မဖြစ်စေရေးအတွက် ဂမ်ဘားများကို ရှင်းလင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

Most Recent