မြန်မာပလာဇာတွင် အမျိုးသမီးသန့်စင်ခန်းအတွင်း ဗီဒီယိုခိုးရိုက်သည့်လူငယ်အား ဖမ်းဆီးအမှုဖွင့်

မြန်မာပလာဇာတွင် အမျိုးသမီးသန့်စင်ခန်းအတွင်း ဗီဒီယိုခိုးရိုက်သည့်လူငယ်အား ဖမ်းဆီးအမှုဖွင့်
Published 20 August 2018

ဗဟန်းမြို့နယ်ရှိ မြန်မာပလာဇာတွင် အမျိုးသမီးသန့်စင်ခန်းအတွင်း၌ ဗီဒီယိုခိုးရိုက်သည့် လူငယ်အားဖမ်းဆီးပြီး အမှုဖွင့်ကာ အရေးယူရန် ဆောင်ရွက်လျက်ရှိကြောင်း ရန်ကုန်အနောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့ ၊ ရဲအရာရှိ တစ်ဦးထံမှ စုံစမ်းသိရသည်။

အဆိုပါ ဗီဒီယိုခိုးရိုက်သူမှာ အင်းစိန်မြို့နယ်နေ ကျော်မင်းခန့် (၁၉ နှစ်)ဆိုသူဖြစ်ပြီး သြဂုတ် ၁၈ ရက် ညပိုင်းတွင် မြန်မာပလာဇာ မြေညီထပ်ရှိ အမျိုးသမီးသန့်စင်ခန်းအတွင်း ဝင်ရောက်ခိုးဝင်ကာ ၎င်း၏ လက်ကိုင်ဖုန်းဖြင့် ခိုး၍ရိုက်ကူးခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့ စစ်ဆေးချက်အရ သိရသည်။

“မိန်းကလေးအိမ်သာထဲခိုးဝင်ပြီး ဗီဒီယို ခိုးရိုက်တဲ့သူက ၁၉ နှစ်အရွယ် လူငယ်တစ်ယောက်ပါ။ အိမ်သာထဲဝင်ပြီး ဗီဒီယိုခိုးရိုက်နေတာကို အိမ်သာထဲက မိန်းကလေးတွေ တွေ့သွားပြီး ဝိုင်းဖမ်းကြတာလို့သိရပါတယ်။ အဲဒီ ကတစ်ဆင့် အိမ်သာအတွင်းက မြန်မာပလာဇာဝန်ထမ်းကနေ သက်ဆိုင်ရာလူကြီးကို သွားရောက်တိုင်တန်းခဲ့တယ်လို့သိရတယ်” ဟု အနောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

ယင်းနောက် သက်ဆိုင်ရာ ဗဟန်းမြို့နယ်ရဲစခန်းသို့အကြောင်းကြားခဲ့ပြီး ရဲတာဝန်ရှိသူများရောက်ရှိလာကာ ၎င်းအား ဖမ်းဆီး၍ ဖုန်းအားစစ်ဆေးစဉ် အိမ်သာထဲ၌ ခိုးယူရိုက်ကူးထားသည့် ဓာတ်ပုံ၊ ဗီဒီယိုများကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း သိရသည်။

ထို့ကြောင့် အမျိုးသမီးသန့်စင်ခန်းအတွင်း ဖုန်းဖြင့် ဓာတ်ပုံ၊ ဗီဒီယိုခိုးရိုက်သည့် လူငယ်အား မြန်မာပလာဇာရှိ လုံခြုံရေးအဖွဲ့ခေါင်းဆောင်က သက်ဆိုင်ရာရဲစခန်းကို တရားလိုပြုလုပ်တိုင်တန်းခဲ့ပြီး သက်ဆိုင်ရာ ဗဟန်းမြို့မရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၃၅၄၊ ၅၀၉တို့ဖြင့် သြဂုတ် ၁၉ ရက်တွင် အမှုဖွင့်ကာ ဖမ်းဆီးပြီး အရေးယူရန်ဆောင်ရွက်နေကြောင်း သိရသည်။

ရာဇသတ်ကြီးပုဒ်မ ၃၅၄နှင့် ၅၀၉တို့မှာ ကာယိန္ဒြေပျက်စီးစေမှု ပုဒ်မများဖြစ်ပြီး ပုဒ်မ ၃၅၄ မှာ ထောင်ဒဏ် နှစ်နှစ်အထိလည်းကောင်း၊ ပုဒ်မ ၅၀၉မှာ ထောင်ဒဏ် တစ်နှစ်အထိ လည်းကောင်း အသီးသီး ချမှတ်နိုင်ကြောင်း သိရသည်။

 

 

Most Read

Most Recent