မြန်မာနိုင်ငံရှိ အသစ်ဖွင့်မည့် Facebook Account များတွင် ဇော်ဂျီဖောင့် (Zawgyi font) အား အသုံးပြုခွင့်မပေးတော့ဘဲ ယူနီကုတ် (Unicode) တစ်မျိုးတည်းကိုသာ သုံးရမည်ဖြစ်ကြောင်း Facebook ၏ သြဂုတ် ၁၅ ရက် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထိုကဲ့သို့ ယူနီကုတ် တစ်မျိုးတည်းသာ အသုံးပြုရန် ကန့်သတ်ရခြင်းမှာ မြန်မာနိုင်ငံတွင် Facebook အသုံးပြုသူများအနေဖြင့် Facebook Help Center မှ ယူနီကုတ်ဖြင့် ထုတ်ပြန်ထားသည့် လမ်းညွှန်ချက်များကို မဖတ်နိုင်ခြင်းနှင့် မြန်မာနိုင်ငံတွင် ဖောင့်တစ်သမတ်တည်း အသုံးပြုနိုင်ရန် လုပ်ဆောင်နေမှုကို တစ်ဖက်တစ်လမ်းမှ ကူညီနိုင်ရန် ရည်ရွယ်သည်ဟု ဖော်ပြထားသည်။
ထို့ပြင် မြန်မာနိုင်ငံတွင် Facebook မှ တစ်ဆင့် အမုန်းစကား ပြန့်ပွားစေရန် လုပ်ဆောင်နေမှုများကို ထိန်းချုပ်ရာတွင် ရင်ဆိုင်နေရသည့် တိုင်ကြားခြင်းလုပ်ငန်းစဉ် (Reporting Sysem) နှေးကွေးနေခြင်းနှင့် ၎င်းတို့၏ ပေါ်လစီများကို နားလည်မှု အားနည်းခြင်းစသည်တို့ ဖြေရှင်းရာတွင် အထောက်အကူပြုနိုင်ရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း သိရသည်။
“အဓိကပြဿနာက မြန်မာနိုင်ငံမှာ အသုံးပြုနေတဲ့ ဖောင့်ပုံစံပဲ ဖြစ်တယ်။ နိုင်ငံတကာစံနှုန်းမှာက မြန်မာဘာသာစကား အပါအဝင် ယူနီကုတ် (Unicode) ကိုပဲ သုံးတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံမှာရှိတဲ့ ဖုန်းရာခိုင်နှုန်း ၉၀ ကျော်က ဇော်ဂျီ (Zawgyi) ဖောင့်ကို သုံးနေကြတယ်။ အဲဒီတော့ ဇော်ဂျီဖောင့်သုံးတဲ့ ဖုန်းတွေဟာ Facebook Help Center မှ ယူနီကုတ်နဲ့ရေးသားထားတဲ့ လမ်းညွှန်ချက်တွေကို မဖတ်နိုင်တော့ဘူး။ အခု မြန်မာနိုင်ငံမှာလည်း ယူနီကုတ်ကို စံတစ်ခုအနေနဲ့ အသုံးပြုဖို့ ပြောင်းနေပါတယ်။ ကျွန်တော်တို့အနေနဲ့ လည်း Facebook သုံးစွဲသူ အသစ်တွေကို ဇော်ဂျီ သုံးခွင့်မပေးတော့ခြင်းဖြင့် တစ်ဖက် တစ်လမ်း ကူညီပါမယ်။ လက်ရှိသုံးစွဲနေသူတွေအတွက်လည်း ဖောင့်အပြောင်းအလဲ (Font Coverter) အဆင့်မြှင့်ပေးပါမယ်။ အဲဒီလိုလုပ်ခြင်းဟာ လူတွေတင်နေတဲ့ ဖော်ပြချက် (Post) တွေကို မသက်ရောက်နိုင်ပေမယ့် Facebook အက်ပလီကေးရှင်းမှာ မြင်ရမယ့် စာသား၊ အသုံးပြုပုံတွေကို တစ်သမတ်တည်း ဖြစ်စေမှာဖြစ်ပါတယ်” ဟု ဖော်ပြထားသည်။
လက်ရှိအချိန်တွင် ဝီရသူ၊ သုစိတ္တ၊ ပါ မောက္ခ၊ မဘသ၊ ဗုဒ္ဓဓမ္မ ပရဟိတဖောင်ဒေးရှင်းတို့အား အမုန်းစကား ပြန့်ပွားစေသည်ဟုဆိုကာ Facebook က တားမြစ်ပိတ်ပင်ထားသည်။
Facebook တွင် အမုန်းစကားများကို စောင့်ကြည့်ဖယ်ရှားရန်အတွက် ၂၀၁၈ ဇူလိုင်အထိ မြန်မာဘာသာကျွမ်းကျင်သူ ဝန်ထမ်း ၆၀ ကျော် ခန့်ထားပြီး နှစ်ကုန်တွင် အနည်းဆုံးဦးရေ တစ်ရာရှိမည်ဖြစ်ကြောင်း နှင့် အမုန်းစကားပြန့်ပွားမှု ပြဿနာတွင် ၎င်းတို့ချည်း မဖြေရှင်းနိုင်ဘဲ အရပ်ဘက် အဖွဲ့အစည်း၊ အစိုးရ၊ ကျောင်း၊ ဂျာနယ်လစ်များ၊ နည်းပညာကုမ္ပဏီများ၏ အကူအညီ လိုအပ်ကြောင်းလည်း ဖော်ပြထားသည်။