တနင်္သာရီမြစ်ရေ အန္တရာယ်ရေမှတ်သို့ တတိယအကြိမ် ထပ်မံရောက်ရှိလာပြီး ဒေသခံများ မြစ်ရေကြီးမှုဒဏ် ကြာရှည်ခံစားလာရ

တနင်္သာရီမြစ်ရေ အန္တရာယ်ရေမှတ်သို့ တတိယအကြိမ် ထပ်မံရောက်ရှိလာပြီး ဒေသခံများ မြစ်ရေကြီးမှုဒဏ် ကြာရှည်ခံစားလာရ
Published 20 August 2018

တနင်္သာရီမြို့အတွင်းရှိ အထက်တန်းကျောင်း ဝန်းကျင်တွင် ရေကြီးနစ်မြုပ်နေသည်ကို တွေ့ရစဉ်

တနင်္သာရီမြစ်ရေ တတိယအကြိမ် အန္တရာယ်ရေမှတ်သို့  ထပ်မံရောက်ရှိလာပြီး ဒေသခံများမှာ မြစ်ရေကြီးမှုဒဏ်ကို ကြာရှည်ခံစားလာရကြောင်း သိရသည်။

မြိတ်ခရိုင် တနင်္သာရီမြို့နယ်အတွင်း ဖြတ်သန်းစီးဆင်းနေသည့် တနင်္သာရီမြစ်ရေမှာ ယခုနှစ်အတွင်း အကြိမ်ကြိမ်ရေကြီးမှု ဖြစ်ပွားနေပြီး တနင်္သာရီမြို့နှင့် ကျေးရွာပေါင်း ၃၀ ကျော်မှာ ရေနစ်မြုပ်မှု ခံစားနေရကြောင်း သိရသည်။ စိုးရိမ်ရေအမှတ်ဖြစ်သည့် ၁၇ ပေကို များစွာကျော်လွန်ပြီး အန္တရာယ်ရေမှတ် ဖြစ်သည့် ၂၄ ပေသို့ သုံးကြိမ်တိုင် ရောက်ရှိလာကြောင်း သိရသည်။

မြစ်ရေနစ်မြုပ်မှုကို ခံစားရသည့်  ကျေးရွာများအပြင် ရေပတ်လည်ဝိုင်းနေသည့် ကျေးရွာများပါ အဆိုပါ ရေကြီးမှုဒဏ်ကြောင့် အခက်အခဲများ ဖြစ်နေကြောင်း သိရသည်။

“ဒီနေ့ မနက်  ခြောက်နာရီမှာ အန္တရာယ်ရေမှတ်ကို ကျော်သွားပါပြီ။ အခက်အခဲက နှစ်ပိုင်းဖြစ်နေပါတယ်။ ပုံမှန်ထောက်ပံ့ရေးက ဆက်သွားနေတယ်။ အစိုးရအဖွဲ့က ထောက်ပံ့တဲ့ ကယ်ဆယ်ရေး ပစ္စည်းတွေ၊ အလှူခံ ရရှိထားတဲ့ ပစ္စည်းတွေနဲ့ သွားနေပါတယ်။ ရေကြီးနစ်မြုပ်တဲ့အပိုင်းကို ပုံမှန်ထောက်ပံ့နေတဲ့ အပိုင်းပါ။ နောက်တစ်ပိုင်းက ရေလည်းမကြီးဘူး။ အိမ်လည်း မရွှေ့ပြောင်းရဘူး။ ရေမကြီးဘူး ဆိုတာက ရွာမှာရေမကြီးဘူး။ ဒါပေမဲ့ပတ်လည်မှာ ရေအားလုံး နစ်မြုပ်နေတယ်။ ဘယ်မှသွားလို့မရဘူး ။ အလုပ်ခွင်တွေကိုလည်း သွားလို့မရဘူး။ တချို့လက်လုပ်လက်စားတွေ ရှိနေတယ်။ ဥယျာဉ်ခြံတွေကိုသွားမှ စားဝတ်နေရေး ဖြေရှင်းလို့ရမယ့် အနေထား။ အခု ကျွန်တော်တို့ ရိက္ခာဖြန့်ဝေတယ် ဆိုတာက ရေကြီးနစ်မြုပ်နေတဲ့ ကျေးရွာတွေ၊ ရွှေ့ပြောင်းတဲ့ သူတွေအတွက် လုပ်နေတယ်ဆိုတော့ သူတို့အတွက် မပါဘူး ဖြစ်နေတယ်။ ကျွန်တော်တို့ တတ်နိုင်သလောက် ဆက်သွားပါတယ်။ ရပ်မိရပ်ဖတွေကို သင့်တော်သလို  စီမံခန့်ခွဲပေးဖို့ ပြောထားပါတယ်” ဟု တနင်္သာရီမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကျော်ဟိန်းမှ ပြောကြားသည်။

တနင်္သာရီမြစ်ရေမှာ ထားဝယ်ဘက်တွင် မြစ်ဖျားခံလာသည့်အတွက် မြစ်ဖျားပိုင်းတွင် မိုးရွာသွန်းမှုများပါက မြစ်ရေကြီးမှု ဖြစ်ပေါ်လေ့ရှိကြောင်း သိရသည်။ ရေကြီးနစ်မြုပ်မှု ရက်ကြာရှည်လာသည့်အတွက် တာဝန်ရှိသူများက ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်နေသည့်အပြင် လာမည့်နှစ်များတွင် ကြိုတင်ပြင်ဆင်ရမည့် နည်းလမ်းများကိုလည်း စီစဉ်နေကြောင်း သိရသည်။

“လက်ရှိအနေထားမှာ ရေမမြုပ်ပေမယ့် သကျက်ရွာ၊ ပျို့အိုင်ရွာ အခက်အခဲ ဖြစ်နေတယ်။ ဥယျာဉ်လုပ်ကိုင်ကြတဲ့ မော်တုန်းရွာတွေ အခက်အခဲ ဖြစ်နေတယ်။ အစိုးရအဖွဲ့မှ ထောက်ပံ့တာကို ရေကြီးနေတဲ့ နေရာတွေကိုပေးမယ့် အရပ်ဘက်က ပေးပို့လာတဲ့ ကယ်ဆယ်ရေး ပစ္စည်းတွေကို အခုနက ရွာကိုပေးဖို့ တိုင်ပင်နေပါတယ်။ မြစ်ရေကြီးတာက ၂၀၁၄ နောက်ပိုင်းမှ မြစ်ရေပြန်ကြီးတာပါ။ မြစ်ချောင်း တိမ်ကောနေတာကို ပြန်ပြီးသုံးသပ်ရပါ့မယ်။ မြစ်ဖျားပိုင်းမှာရှိတဲ့ တကူ၊ ဘန်လော ကျေးရွာတွေဘက်မှာ သောင်ထွန်းနေပါတယ်။ ဒါကို ပြန်သုံးသပ်ရမယ်။  မြစ်ရေ သုံးကြိမ်ကြီးတယ်။ တစ်လကျော်ကြာနေပြီ ဆိုတာက စံချိန်လို့ ပြောလို့ရနိုင်မယ့် အနေအထားရှိတယ်။ ဝန်ကြီးဦးမြင့်စန်း လာတုန်းက ဆိုင်ကလုန်း ရှယ်လ်တာတွေ ထားဖို့တော့ ပြောထားတာ ရှိပါတယ်။ ရွာလုံးကျွတ် ရေနစ်မြုပ်နေတဲ့ရွာ တွေမှာ ဒီလိုထားပေးဖို့ ပြောထားတာရှိပါ တယ်။ ကျေးရွာတွေ ပြောင်းဖို့ကလည်း ဒေသခံတွေနဲ့ အဆင်ပြေမယ့် အနေအထား မရှိဘူး” ဟု ဦးအောင်ကျော်ဟိန်းက ပြောကြားသည်။

မြစ်ရေပြန်ကြီမှုကြောင့် ရန်ကုန်-မြိတ်-ကော့သောင်း ပြည်ထောင်စုလမ်းမကြီးရှိ လမ်းအစိတ်အပိုင်း တချို့တွင် ကားလမ်းရေကျော်မှုများ ဖြစ်ပေါ်နေပြီး တနင်္သာရီလမ်းအပိုင်း အောက်ကင်းကျေးရွာ အနီးတွင် ရေနှစ်ပေကျော်၊ လယ်တောင်ယာရွာတွင်  သုံးပေခန့် ကားလမ်းရေကျော်မှုများ ဖြစ်ပေါ်နေကြောင်း သိရသည်။

“ကယ်ဆယ်ရေးပစ္စည်းတွေ လိုအပ်နေပါတယ်။ တိုင်းအစိုးရက ကူညီထားတဲ့ ကယ်ဆယ်ရေး ပစ္စည်းတွေအပြင်  ပြည်သူလူထုက လာရောက် ကူညီနေတာတွေလည်း ရှိတယ်။ ဒီလိုရက်ကြာရှည်လာတော့ ကယ်ဆယ်ရေး ပစ္စည်းတွေက နေ့စဉ်လိုအပ်နေပါတယ်။ ကျောင်းတွေလည်း ပိတ်ထားရတော့ ပညာရေးပိုင်းမှာ ထိခိုက်သွားမှာကိုလည်း စိုးရိမ်နေပါတယ်” ဟု တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးရဲမြင့်ဆွေက ပြောကြားသည်။

တနင်္သာရီမြစ်ရေ ပထမအကြိမ် ရေကြီးမှု ဇူလိုင် ၁၉ ရက်က မြစ်ရေ ၂၆ ပေ ၃ လက်မ၊ ဒုတိယအကြိမ် ရေကြီးမှုတွင် သြဂုတ် ၈ ရက်က၂၄ ပေ ၃လက်မ၊ တတိယအကြိမ် ရေကြီးမှု သြဂုတ် ၁၉ ရက်က ၂၄ ပေသို့ အသီးသီး ပြန်လည်ရောက်ရှိခဲ့ကြောင်း သိရသည်။

 

Most Read