<

အလာဗတ်စ်အား အနိုင်ရသည့်ပွဲစဉ်တွင် ဘာစီလိုနာ အသင်းခေါင်းဆောင် မက်ဆီ မှတ်တမ်းသစ်များရေးထိုး

ဘာစီလိုနာအသင်းခေါင်းဆောင်သစ် မက်ဆီသည် အလာဗတ်စ်အသင်းအား (၃-၀)ဂိုးဖြင့် အနိုင်ရခဲ့သည့် လာလီဂါအဖွင့်ပွဲစဉ်တွင် မှတ်တမ်းသစ်များ ရေးထိုးနိုင်ခဲ့ကြောင်း သိရသည်။ အဆိုပါပွဲစဉ်တွင် ဘာစီလိုနာအသင်းအတွက် ပထမဂိုးနှင့် တတိယဂိုးများကို သွင်းယူခဲ့သော မက်ဆီသည် (၂၁)ရာစု၌ လာလီဂါပြိုင်ပွဲတွင် (၁၅)ရာသီဆက် ဂိုးသွင်းနိုင်သည့် ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့သည်။

Photo: Getty Images

အသက် (၃၁)နှစ်အရွယ်ရှိ အာဂျင်တီးနားတိုက်စစ်မှူး မက်ဆီသည် ဘာစီလိုနာအသင်း အတွက် ၂၀၀၄-၀၅ ရာသီတွင် စတင်ပွဲထွက်ခဲ့ပြီး ပါဝင်ယှဉ်ပြိုင်သည့်အကြိမ်တိုင်းတွင် ဂိုးသွင်းနိုင်ခဲ့ခြင်းလည်း ဖြစ်သည်။ ထို့ပြင် အဆိုပါပွဲစဉ်တွင် မက်ဆီ သွင်းယူခဲ့သည့်အဖွင့်ဂိုးမှာ ဘာစီလိုနာအသင်းအတွက် လာလီဂါပြိုင်ပွဲတွင် သွင်းဂိုး(၆၀၀၀)မြောက်ဂိုးဖြစ်ခဲ့ကြောင်းလည်း သိရသည်။

၁၉၂၉ ခုနှစ်မှ စတင်ကျင်းပခဲ့သည့် လာလီဂါပြိုင်ပွဲသမိုင်းတွင် သွင်းဂိုး (၆၀၀၀)ပြည့်မြောက်ခဲ့သည့် အသင်းများမှာ ရီးယဲလ်မက်ဒရစ်နှင့် ဘာစီလိုနာအသင်းတို့သာ ရှိကြောင်း သိရသည်။ ဘာစီလိုနာအသင်းသည် အလာဗတ်စ်အသင်းအား အနိုင်ရသည့်ပွဲစဉ်တွင် လာလီဂါသွင်းဂိုး (၆၀၀၂)ဂိုးအထိ ရှိလာခဲ့ပြီး မက်ဆီ၏ လာလီဂါသွင်းဂိုး မှာလည်း (၃၈၅)ဂိုးအထိ ရှိလာခဲ့သည်။ ရာခိုင်နှုန်းဖြင့် တွက်ချက်မည်ဆိုပါက ဘာစီလိုနာအသင်း၏ လာလီဂါသွင်းဂိုး (၆၀၀၂)ဂိုးတွင် မက်ဆီ၏ သွင်းဂိုးမှာ (၆.၄)ရာခိုင်နှုန်းအထိ ရှိခဲ့ကြောင်း သိရသည်။

Photo: Getty Images

မက်ဆီသည် လာလီဂါ (၁၅) ရာသီကစားခဲ့ရာတွင် တစ်ရာသီတည်းဂိုးအများဆုံးသွင်းယူနိုင်ခဲ့သည့် ရာသီမှာ ၂၀၁၁-၁၂ ဖြစ်ပြီး ဂိုး(၅၀)အထိ သွင်းယူနိုင်ခဲ့ခြင်း ဖြစ်သည်။ မက်ဆီသည် လာလီဂါသမိုင်းတစ်လျှောက် ဂိုးသွင်းအများဆုံးကစားသမားအဖြစ် ဒုတိယနေရာမှ စီရော်နယ်လ်ဒို (၃၁၁ ဂိုး)ထက် (၇၄)ဂိုးအသာရကာ ထိပ်ဆုံးတွင် ဦးဆောင်နေသလို၊ ဘာစီလိုနာအသင်း၏ထာဝရဂိုးသွင်းအများဆုံးကစားသမားအဖြစ်လည်း (၅၅၄)ဂိုးဖြင့် ရပ်တည်နေသူဖြစ်သည်။ ထို့ပြင် မက်ဆီသည် ပြီးခဲ့သည့် ရက်သတ္တပတ်က စပိန်စူပါဖလားတွင် ဘာစီလိုနာအသင်း ဗိုလ်စွဲပြီးနောက် အသင်းသမိုင်းတွင် ဆုဖလားအများဆုံးရကစားသမားအဖြစ် (၃၃)လုံးဖြင့် စံချိန်သစ်တင် နိုင်ခဲ့သည်။

August 19, 2018














Copy Protected by Chetan's WP-Copyprotect.