မိတ္ထီလာခရိုင် ပြည်သူ့ဆေးရုံကြီးတွင် သွေးလွန်တုပ်ကွေးရောဂါလက္ခဏာဖြင့် ကလေးလူနာ ၂၀ ခန့်ရှိပြီး နှစ်ရက်အတွင်း ကလေးနှစ်ဦိး သေဆုံး

မိတ္ထီလာခရိုင် ပြည်သူ့ဆေးရုံကြီးတွင် သွေးလွန်တုပ်ကွေးရောဂါလက္ခဏာဖြင့် ကလေးလူနာ ၂၀ ခန့်ရှိပြီး နှစ်ရက်အတွင်း ကလေးနှစ်ဦိး သေဆုံး
Published 20 August 2018

မိတ္ထီလာခရိုင် ပြည်သူ့ဆေးရုံကြီးတွင် သွေးလွန်တုပ်ကွေးရောဂါလက္ခဏာဖြင့် တက်ရောက်ကုသနေရသော ကလေးလူနာ ၂၀ ခန့်ရှိပြီး နှစ်ရက်အတွင်း ကလေးနှစ်ဦး သေဆုံးကာ အခြားရောဂါဖြင့် ကလေးတစ်ဦး ထပ်မံသေဆုံးခဲ့ကြောင်း သိရသည်။

“ရေငံကျေးရွာ မှာ ဆေးဖျန်းတဲ့အဖွဲ့တွေ လွှတ်ထားတယ်။ မနေ့ကလည်းဖျန်းတယ် ဒီနေ့ ထပ်ဖျန်းပေးမယ်။ ဆရာမနှစ်ယောက်လည်း တာဝန်ချထားပြီး ဆေးကုပေးမယ်။ ဒီနေ့ ကျွန်တော်တို့ကိုယ်တိုင် ထပ်လိုက်စစ်မယ်။ သွေးလွန်တုပ်ကွေးနဲ့ဆုံးတာ သုံးယောက်မဟုတ်ပါဘူး။ သွေးလွန်တုပ်ကွေးက နှစ်ယောက်ပါ။ ကျန်တဲ့ ကလေးက ဒီပြင်ရောဂါ နဲ့ ဆုံးတာပါ။ ကျွန်တော်တို့ဆီမှာ စာရင်းရှိပါတယ်။ သွေးလွန်တုပ်ကွေးနဲ့ ဆေးရုံတက်နေရတာက အယောက် ၂၀ တော့ မကျော်သေးပါ ဘူး။ မနေ့ညက လေးယောက် ဆေးရုံထပ် တက်တယ်။  သိပ်တော့ အဆိုးကြီးမဟုတ်ပါဘူး။ ရေငံတစ်ရွာတည်းက ၁၀ ဦးလောက်ရှိ တယ်။ ကျန်တဲ့ ငါးရွာလောက် ကျန်သေးတယ်။ တစ်ရွာတစ်ယောက် နှစ်ယောက်လောက်ပါပဲ။ သတင်းတွေတော့ ယူထားပါတယ်။ တာဝန်ကျတဲ့ ကျန်းမာရေးဝန်ထမ်းတွေက ရွာကအိမ်တွေမှာ လိုက်ပြီး ဖျားတဲ့၊ နာတဲ့လူနာရှိ မရှိ မေးဖို့၊ လိုအပ်ရင် ဆေးရုံလွှဲပို့ဖို့၊ အခြေအနေ သိပ်မဆိုးသေးဘူးဆိုရင် ရွာမှာတင်ကုဖို့ စီစဉ်ထားပါတယ်။ ဒီလိုလက္ခဏာတွေ တွေ့ရင် ဒီလိုဒီလိုလုပ်ဖို့၊ ကျန်းမာရေးဟောပြောမှုလုပ်ဖို့ စီစဉ်ထားပါတယ်။ မန္တလေးက အဖွဲ့တွေလည်း ဒီနေ့ရောက်ပြီ။ အဲဒီ ရေငံကျေးရွာက ကျန်တဲ့အိမ်တွေ ဆေးဖျန်းဖို့ အစီအစဉ်ရှိပါတယ်။ ဆေးအဖွဲ့လွှတ်ပြီး ကျန်တဲ့ရောဂါတွေ ပြဖို့လုပ်နေတော့ နောက်ထပ်မတိုးတော့ဘူးပေါ့နော်။ ဆိုးဆိုးရွားရွား မဖြစ်တော့ဘူးပေါ့။ ကျန်းမာရေးဌာနရှိတဲ့ ရွာလည်းမဟုတ်တော့ သတ်သတ်လွှတ်ပြီး ဆေးကုသပေးရမှာပါ”  ဟု သြဂုတ် ၁၉ ရက် နံနက်က မိတ္ထီလာခရိုင် ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာညွန့်စိန်က ပြောကြားသည်။

သွေးလွန်တုပ်ကွေးရောဂါကြောင့် မိတ္ထီလာမြို့နယ် ရေငံကျေးရွာမှ ကလေးငယ် ၁၅ ဦး၊ ဂွေးတောက်ကုန်းကျေးရွာမှ ကလေးငယ်တစ်ဦး၊ အနောက်ကြီးကုန်းကျေးရွာမှ ကလေးငယ် တစ်ဦး၊ ညောင်အိုင်ကျေးရွာမှ ကလေးငယ် တစ်ဦး၊ ညောင်ပင်သာကျေးရွာမှ ကလေးငယ် တစ်ဦး၊ နန်းတော်ကုန်းရပ်ကွက် ချမ်းအေးသာယာနယ်မြေမှ ကလေးငယ်တစ်ဦး၊  မိတ္ထီလာခရိုင် ပြည်သူ့ဆေးရုံကြီးတွင် တက် ရောက်ကုသခဲ့ရပြီး ရေငံကျေးရွာမှ  ကျော်ဇင်ဖြိုး အသက် (၄ နှစ်) မှာ သြဂုတ် ၁၇ ရက် နှင့် မလှိုင်လှိုင်ဦး အသက် တစ်နှစ်ရှစ်လ၊ မမိုးပြည့်ပြည့် အသက် (၁၂ နှစ်) တို့မှာ သြဂုတ် ၁၈ ရက် မွန်းလွဲပိုင်းတွင် သေဆုံးခဲ့ကြောင်း သိရှိရသည်။

Most Read

Most Recent