ရန်ကုန်-မန္တလေး လမ်းမဟောင်းဘေးတွင် ရပ်ထားသော ကွန်တိန်နာယာဉ်အား မုန့်များတင်လာသော ကုန်တင်ယာဉ်က နောက်မှဝင်တိုက်မှု ဖြပ်ပွားပြီး တစ်ဦးသေဆုံး

ရန်ကုန်-မန္တလေး လမ်းမဟောင်းဘေးတွင် ရပ်ထားသော ကွန်တိန်နာယာဉ်အား မုန့်များတင်လာသော ကုန်တင်ယာဉ်က နောက်မှဝင်တိုက်မှု ဖြပ်ပွားပြီး တစ်ဦးသေဆုံး
Published 20 August 2018

ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့နယ် ရန်ကုန်-မန္တလေး လမ်းဟောင်းပေါ်တွင် သြဂုတ် ၁၉ ရက် နံနက်ပိုင်းက လမ်းဘေး၌ ရပ်ထားသည့် ကွန်တိန်နာယာဉ်အား မုန့်များတင်ဆောင်လာသော ၁၂ ဘီးကုန်တင်ယာဉ်က နောက်မှဝင်တိုက်မိပြီး ယာဉ်မောင်းတစ်ဦး သေဆုံးကာ ယာဉ်နောက်လိုက်တစ်ဦး ထိခိုက်ဒဏ်ရာ ရရှိသွားခဲ့ကြောင်း ကျွန်းကုန်းနယ်မြေရဲစခန်းမှ သိရသည်။

ဖြစ်စဉ်မှာ သြဂုတ် ၁၉ ရက် နံနက် ၂ နာရီခန့်က၊တောင်ငူမြို့နယ် ရန်ကုန်-မန္တလေး လမ်းမဟောင်းပေါ်တွင် လမ်းမအတိုင်း၊ မန္တလေးဘက်မှ ရန်ကုန်ဘက်သို့ ယာဉ်မောင်းဖြိုးကျော် ၃၀ နှစ်(ဘ) ဦးနိုင်ဝင်းထွန်း ဥယျာဉ်စုရွာ၊ တောင်ငူမြို့နေသူ မောင်းနှင်သော YGN 6E/------ အဝါရောင် ကွန်တိန်နာတွဲကားသည် တောင်ငူမြို့နယ် မဟင်ကျေးရွာအုပ်စု၊ ဥယျာဉ်စုကျေးရွာအနီး ကားလမ်းဘေးတွင် အချက်ပြမီးပြလျက် ယာဉ်အားရပ်နားထားစဉ် လားရာတူအတိုင်း နောက်မှ ယာဉ်မောင်း အောင်ဝင်းစိုး ၃၅ နှစ် (အဘ၊ နေရပ်၊ လိပ်စာစုံစမ်းဆဲ) မောင်းနှင်ပြီး ယာဉ်နောက်လိုက် ထွန်းသိန်း ၃၆ နှစ်(ဘ) ဦးခင်မောင်ဝင်း၊ ချမ်းမြေ့သာဇံ မြို့နယ် မန္တလေးမြို့နေသူ၊ လိုက်ပါလာသော 7B/---- နီဆန်း ဒီဇယ်ဖြူ/နီကျား ၁၂ဘီးယာဉ် (မုန့်ကုန်တင်ယာဉ်) မှ အရှိန်အထိန်းနိုင်ပဲ ဝင်ရောက်တိုက်မိ ခဲ့ခြင်းဖြစ်သည်။

ယာဉ်မတော်တဆမှု ဖြစ်ပွားရာသို့ ကျွန်းကုန်းနယ်မြေရဲစခန်းမှ တာဝန်မှူး ဒုရဲအုပ် တိုးဝေကျော်နှင့် တာဝန်ရှိသူများက သွားရောက်စစ်ဆေးခဲ့ရာ နောက်မှဝင်တိုက်သော မုန့်ကုန်တင်ယာဉ်မောင်း အောင်ဝင်းစိုးတွင် ဦးခေါင်းစုတ်ပြဲပွင့်ထွက်ဒဏ်ရာ ရရှိကာ၊ ယာဉ်နောက်လိုက် ထွန်းသိန်းတွင် ယာဉ်ခြေကျိုးပဲ့ဒဏ်ရာ၊ ပေါင်စုတ်ပြဲဒဏ်ရာနှင့် ဝဲလက်ဖျံ၊ မျက်ခုံး၊ ဝဲပါးတို့တွင် ပွန်းပဲ့ဒဏ်ရာများ ရရှိသွားခဲ့သဖြင့် လူမှုကူညီရေးယာဉ် တစ်စီးဖြင့် တောင်ငူမြို့ ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကုသပေးစဉ်၊ ယာဉ်မောင်းဖြစ်သူ အောင်ဝင်းစိုးမှာ အခင်းဖြစ်စဉ်ရရှိသော ဒဏ်ရာဖြင့် သေဆုံးသွားခဲ့ကြောင်း၊ ယာဉ်မတော်တဆမှုကြောင့် နောက်မှဝင်တိုက်သော ယာဉ်မှာ ရှေ့ခေါင်းခြမ်း တစ်ခုလုံး ပျက်စီးသွားခဲ့ပြီး အတိုက်ခံရသော ကွန်တိန်နာယာဉ်မှာ ယာဉ်နောက်ပိုင်း အနည်းငယ်သာ ပျက်စီးသွားခဲ့ကြောင်း ကျွန်းကုန်း ရဲစခန်း၏ ရဲမှတ်တမ်းများအရ သိရသည်။

အဆိုပါ ယာဉ်မတော်တဆမှု ဖြစ်စဉ်နှင့် ပတ်သက်ပြီး ယာဉ်တိုက်မှုဖြစ်ကာ လူသေဆုံးမှုဖြစ်ပွားစေပြီး ယာဉ်အား မဆင်မခြင် မောင်းနှင်သည့် ယာဉ်မောင်း အောင်ဝင်းစိုးအား အရေးယူပေးရန် ဒုရဲအုပ်တိုးဝေကျော်မှ တရားလိုလုပ် တိုင်တန်းသဖြင့် ကျွန်းကုန်းနယ်မြေ ရဲစခန်းမှ ယာဉ်(ပ) ၉/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၃၈/၃၀၄-က ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

Most Read

Most Recent