သြဂုတ်လ ပထမပတ်အတွင်း အကောက်ခွန်မဲ့ပစ္စည်း ဖမ်းဆီးရမိမှု ၇၈ မှုရှိခဲ့ပြီး ခန့်မှန်းတန်ဖိုးကျပ် ၄၆၇ သန်းကျော်ရှိ

သြဂုတ်လ ပထမပတ်အတွင်း အကောက်ခွန်မဲ့ပစ္စည်း ဖမ်းဆီးရမိမှု ၇၈ မှုရှိခဲ့ပြီး ခန့်မှန်းတန်ဖိုးကျပ် ၄၆၇ သန်းကျော်ရှိ
Published 19 August 2018

သြဂုတ်လ ပထမပတ်အတွင်း အကောက်ခွန်မဲ့ပစ္စည်း ဖမ်းဆီးရမိ မှု ၇၈ မှုရှိခဲ့ပြီး လေဆိပ်၊ ဆိပ်ကမ်း အပါအဝင်ဒေသ အသီးသီးမှ ဖမ်းဆီးရမိမှုခန့်မှန်း တန်ဖိုးကျပ် ၄၆၇ သန်းကျော်ရှိကြောင်း အကောက် ခွန်ဦးစီးဌာနမှ သိရသည်။

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၊ ဆိပ်ကမ်း၊ အထူးကင်း၊ ရန်ကုန်စာတိုက်နှင့် အကောက်ခွန်နယ်မြေဒေသ အသီးသီးတို့တွင် တင်သွင်း/တင်ပို့ စာရွက်စာတမ်း အထောက်အထား တစ်စုံတစ်ရာ တင်ပြနိုင်ခြင်းမရှိဘဲ တင်သွင်း/ တင်ပို့သောကုန်ပစ္စည်းများကို အကောက်ခွန်ဦးစီးဌာနက စစ်ဆေးရှာဖွေတားဆီး အရေးယူမှုများပြု လုပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ ပြုလုပ်ခဲ့ရာ သြဂုတ် ၁ ရက်မှ ၇ ရက်အထိ စုစုပေါင်း တားဆီး/ဖမ်းဆီးမှု ၇၈ မှုရှိပြီး ခန့်မှန်း တန်ဖိုးကျပ် ၄၆၇ ဒသမ ၃၀၃ သန်း ရှိကြောင်း သိရသည်။

သြဂုတ်လ ပထမပတ်အတွင်း လေဆိပ်တွင် အကောက်ခွန်မဲ့ ပစ္စည်းတားဆီးမှုတစ်မှုရှိပြီး ခန့်မှန်း တန်ဖိုးကျပ် ၀ ဒသမ ၁သန်း၊ အကောက်ခွန်နယ်မြေများက တားဆီးမှု ၇၇ မှုရှိပြီး ခန့်မှန်းတန်ဖိုးကျပ် ၄၆၇ ဒသမ ၂၀၃ သန်းရှိခဲ့ကြောင်း သိရသည်။

အကောက်ခွန်ဦးစီးဌာန သည်  လေဆိပ်၊ လေဆိပ်ကုန်လှောင် ရုံ၊  ဆိပ်ကမ်းနှင့် အကောက်ခွန် နယ်မြေဒေသ အသီးသီးတို့တွင် တင်သွင်း၊ တင်ပို့ခွင့် စာရွက်စာတမ်း အထောက်အထားတစ်စုံတစ်ရာ တင်ပြနိုင်ခြင်းမရှိဘဲ တင်သွင်း၊ တင်ပို့သောကုန်ပစ္စည်းများကို  စစ်ဆေးရှာဖွေ တားဆီးအရေးယူမှုများ ပြုလုပ်ခဲ့ရာ ဧပြီ ၁ ရက်မှ ၃၀ ရက်အထိ တစ်လအတွင်း  အကောက်ခွန်မဲ့ ပစ္စည်းတားဆီး/ဖမ်းဆီးရမိ မှု ၃၂၀ ရှိပြီး ခန့်မှန်းတန်ဖိုး ကျပ် ၁၉၂၇ ဒသမ ၀၈၄ သန်းရှိကြောင်း အကောက်ခွန်ဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။ မေလအတွင်းကလည်း အကောက်ခွန်မဲ့ ပစ္စည်းဖမ်းဆီးရမိမှု ၃၁၃ မှုရှိခဲ့ပြီး လေဆိပ်၊ ဆိပ်ကမ်း အပါအဝင် ဒေသအသီးသီးမှ ဖမ်းဆီး ရမိမှု ခန့်မှန်းတန်ဖိုးကျပ် ၁ ဒသမ ၇ ဘီလျံ ကျော်ရှိလာကြောင်း အကောက်ခွန် ဦးစီးဌာနမှ သိရသည်။

ဇူလိုင်လတွင်လည်း အကောက်ခွန်မဲ့ပစ္စည်း တားဆီး၊ ဖမ်းဆီးမှု ၃၅၉ မှုရှိပြီး ခန့်မှန်းတန်ဖိုးကျပ် ၂၃၄၈ ဒသမ ၂၅၇ သန်းရှိကြောင်း သိရသည်။

တရားမဝင် ကုန်စည်များ သယ်ဆောင်ရောင်းဝယ်မှုကြောင့် နိုင်ငံတော်အတွက် ရသင့်ရထိုက်သော အခွန်ဘဏ္ဍာများ နှစ်ပေါင်းများစွာ ကြီးမားသောပမာဏဖြင့် နစ်နာဆုံးရှုံးလျက်ရှိကြောင်း၊ တရားမဝင် ကုန်စည်များတွင် ပြည်သူများ စားသုံးရန်မသင့်သော၊ ကျန်းမာရေးကို ထိခိုက်စေသောကုန်စည်များ၊ အရည်အသွေးညံ့ဖျင်းသော ကုန်စည်များပါရှိနေကြောင်း၊ တရားမဝင်ကုန်စည်များ ဝင်/ထွက်မှု ကြောင့် ပြည်တွင်းလုပ်ငန်းရှင်များ၊ ပြည်တွင်းစီးပွားရေးလုပ်ငန်းများ ထိခိုက်နစ်နာလျက်ရှိကြောင်း၊ တရားမဝင်ကုန်စည်များနှင့်အတူ မူးယစ်ဆေးဝါးများ၊ လက်နက်ခဲယမ်းများ စသည့် တစ်မျိုးသားလုံး လုံခြုံရေးနှင့် စာရိတ္တကို ထိခိုက်စေမည့်ပစ္စည်းများလည်း ပါဝင်နိုင်ကြောင်း၊ တရားမဝင်ကုန်စည်များ တားဆီးရေးသည်နိုင်ငံတော် အနေဖြင့် မဖြစ်မနေ လုပ်ဆောင်သင့်သည့် အစီအစဉ်တစ်ခုဖြစ်ကြောင်း သိရသည်။

 

Most Read

Most Recent