<

စစ်ကိုင်း ဂီတာလုပ်ငန်းများတွင် ဂီတာအရည်အသွေးပိုင်းဆိုင်ရာ တိုးမြှင့်ခြင်း၊ ဂီတာအမျိုးအစားသစ်များ ပြုလုပ်ရောင်းချလာ

ပြည်ပနိုင်ငံများမှ ဂီတာများ ၀င်ရောက်မှုများလာသောကြောင့် စစ်ကိုင်းဂီတာထုတ်လုပ်ငန်းများတွင် ဂီတာ အရည်အသွေးပိုင်းဆိုင်ရာ တိုးမြှင့်ခြင်း၊ ဂီတာအမျိုးအစားသစ်များ ပြုလုပ်ရောင်းချလာကြောင်း ဂီတာ လုပ်ငန်းရှင်များထံမှ သိရသည်။

တရုတ်၊ အမေရိကန်၊ အင်ဒိုနီးရှား၊ ဂျာမနီ စသည့် နိုင်ငံများမှ ဂီတာများ ပြည်တွင်းသို့ ၀င်ရောက်လာခြင်းကြောင့် စစ်ကိုင်း ဂီတာ ထုတ်လုပ်ရောင်းချနေသည့် လုပ်ငန်းရှင်များအနေဖြင့် အရေအတွက်ကို ဦးစားပေးထုတ်လုပ်မှု မရှိတော့ဘဲ နိုင်ငံတကာမှ ထုတ်လုပ်နေသည့် ဂီတာများနှင့် အရည်အသွေး တန်းတူဖြစ်အောင် နည်းပညာ၊ စက်ပစ္စည်းများဖြင့် အရည်အသွေးဆိုင်ရာများကို တိုးမြှင့်ခြင်း၊ ဂီတာအမျိုးအစားသစ်များ ထုတ်လုပ်ရောင်းချလာကြကြောင်း သိရသည်။

“တရုတ်က အများဆုံးဝင်တယ်။ တရုတ် ဂီတာတွေက အနိမ့်ဆုံး နှစ်သောင်းတန်ကနေ တစ်သိန်း နှစ်သိန်းကျော်တန်အထိ လာတယ်။ ပြည်ပက ၀င်လာတဲ့ ဂီတာတွေထက်သာအောင် အရည်အသွေးပိုင်းကို မြှင့်ထုတ်လုပ်ရပါတယ်။ ထုတ်လုပ်မှုအားက ဒီအတိုင်းပဲ။ ဟိုလွန်ခဲ့တဲ့ နှစ်တွေက တစ်လကို  ဂီတာ အလုံးသုံးရာဆိုရင်  ဒီနှစ်တွေလည်း ဒီလောက်ပဲ။ ထုတ်လုပ်မှုကတော့ တက်မလာဘူး။ ကျွန်တော်တို့ထုတ်နေတာ Export Quality ဖြစ်သွားပြီ။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့မှာလည်း နည်းပညာတွေ တိုးတက်လာပါတယ်။ အရင်တုန်းက နည်းပညာတိုးတက်မှုဆိုတာ သူတို့ဆီမှာပဲရှိတာ။ အများကြီး ကွာနေတာ။ အခု အဲဒီလို မဟုတ်တော့ပါဘူး။ နည်းပညာတိုးတက်မှုကိုလည်း လိုက်လာနိုင်တယ်။  စက်ပစ္စည်းတွေ ၀င်လာတာကိုး။ အဲဒါကြောင့် လိုက်ပြီး ဖန်တီးမှုလေးတွေ လုပ်လာနိုင်တယ်။  ဒါကြောင့် ပြည်ပက ၀င်လာတဲ့ ဂီတာနဲ့ ယှဉ်နိုင်ပါတယ်။ ခု ဂီတာအမျိုးအစားသစ်တွေလည်း ထပ်ထုတ်နေရတယ်။ ဒီနှစ်ပိုင်း Ukulele တီးခတ်သူများလာတော့ Ukulele တွေ ထုတ်လုပ်ရောင်းချရတယ်” ဟု စစ်ကိုင်းမြို့ မင်းစံရပ်ဟိန်း မင်းဂီတာလုပ်ငန်းမှ လုပ်ငန်းရှင် ကိုဇော်နောင်ဟိန်းက ပြောကြားသည်။

အရေအတွက်ကို ဦးစားပေး ထုတ်လုပ်မှုမရှိခြင်း၊ အရည်အသွေး ကောင်းမွန်မှုအပိုင်းကို ဦးစားပေးထုတ်လုပ်မှုကြောင့် ကုန်ကျစရိတ်မှာလည်း ယခင်ကထက် ပို၍ကုန်ကျလာရကြောင်း သိရသည်။

ထို့ပြင် ပြည်တွင်းမှ တီးခတ်သူများအနေဖြင့် စစ်ကိုင်းဂီတာကို ယုံကြည်နှစ်ခြိုက်စွာ အားပေးနေ ခြင်းကြောင့် ဂီတာထုတ်လုပ်ရောင်း ချရမှုမှာ တစ်နှစ်ထက်တစ်နှစ် ပို၍ ထုတ်လုပ်ရောင်းချရကြောင်း ဂီတာ လုပ်ငန်းရှင်များထံက သိရသည်။

စစ်ကိုင်း ဂီတာလုပ်ငန်းကို ၁၉၇၀ ပြည့်နှစ်မှ စတင်လုပ်ကိုင်ခဲ့ကြပြီး သက်တမ်းအားဖြင့် နှစ်ပေါင်း ၅၀ ခန့်ရှိပြီဖြစ်ကာ လက်ရှိစစ်ကိုင်းမြို့ မင်းစံ၊ ထုံးဘိုရပ်ကွက်များတွင် ဂီတာထုတ်လုပ်ရောင်းချနေသည့် လုပ်ငန်း ၂၀ ကျော်ရှိပြီး ထိုအလုပ်ရုံ ၂၀ ကျော်မှ လစဉ် ဂီတာအလုံးရေ ၃၀၀၀ ကျော် ထုတ်လုပ်လျက်ရှိ ကြောင်း ဂီတာလုပ်ငန်းရှင်များထံမှ သိရသည်။

August 19, 2018














Copy Protected by Chetan's WP-Copyprotect.