၂၀၁၉-၂၀၂၀ ပြည့်နှစ်မှစ၍ အသက်ကိုးနှစ်မှ ၁၄ နှစ်အရွယ် ဆယ်ကျော်သက် မိန်းကလေးများအား သားအိမ်ခေါင်း ကင်ဆာရောဂါ ကာကွယ်ဆေး အခမဲ့ ထိုးနှံပေးမည်

၂၀၁၉-၂၀၂၀ ပြည့်နှစ်မှစ၍ အသက်ကိုးနှစ်မှ ၁၄ နှစ်အရွယ် ဆယ်ကျော်သက် မိန်းကလေးများအား သားအိမ်ခေါင်း ကင်ဆာရောဂါ ကာကွယ်ဆေး အခမဲ့ ထိုးနှံပေးမည်
Published 19 August 2018

ပုံမှန်ကာကွယ်ဆေးထိုး အစီအစဉ်အရ အခြေခံပညာ ကျောင်းများတွင် ကျန်းမာရေးဌာနက ကာကွယ်ဆေး လိုက်လံထိုးနှံပေးစဉ် (ဓာတ်ပုံ-ကြည်နိုင်)

၂၀၁၉-၂၀၂၀ ပြည့်နှစ်မှစ၍ အသက်ကိုးနှစ်မှ ၁၄ နှစ်အရွယ် ဆယ်ကျော်သက် မိန်းကလေးများကို သားအိမ်ခေါင်း ကင်ဆာရောဂါ ကာကွယ်ဆေး အခမဲ့စတင် ထိုးနှံပေးမည်ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန သိရသည်။

“သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးကို ပုံမှန်အားဖြင့် နိုင်ငံတကာမှ အသက်ကိုးနှစ်က ၁၃ နှစ် အတွင်း မိန်းကလေးတွေကို ကာကွယ်ဆေးထိုး ကြပါတယ်။ မြန်မာနိုင်ငံမှာလည်း ဒီကာကွယ်ဆေးကို ပုံမှန်ကာကွယ်ဆေးထိုး အစီအစဉ်မှာထည့်ဖို့ လွန်ခဲ့တဲ့နှစ်တွေကတည်းက ကြိုတင်ပြင်ဆင် ဆွေးနွေးမှုတွေ လုပ်ခဲ့ရတယ်။ ဆေးထိုးပေးမယ့် အသက်အပိုင်းအခြားကိုလည်း ကိုယ့်နိုင်ငံနဲ့ အဆင်ပြေမယ့် အသက်အပိုင်းအခြားကို ရွေးချယ်တာပါ။ ၂၀၂၀ ပြည့်နှစ် မတိုင်ခင် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ကာကွယ်ဆေးနဲ့ သားအိမ်ခေါင်းကင်ဆာ ရောဂါကာကွယ်ဆေးတွေကို ထိုးပေးနိုင်ဖို့ ပြင်ဆင်ထားတယ်။ အခုဆိုရင် တိုးချဲ့ကာကွယ်ဆေးထိုး လုပ်ငန်းအတွက် GAVI အဖွဲ့က ကာကွယ်ဆေးနဲ့လုပ်ငန်းတွေ ဆောင်ရွက်ဖို့ ဒေါ်လာ ၃၂ သန်းကျော် ထောက်ပံ့ထားပါတယ်” ဟု ဗဟိုတိုးချဲ့ ကာကွယ်ဆေးထိုးလုပ်ငန်းမှ ဒေါက်တာထားထားလင်းက ပြောကြားသည်။

မြန်မာနိုင်ငံတွင် သားအိမ်ခေါင်းကင်ဆာ အဖြစ်အများဆုံး အသက်အပိုင်းအခြားမှာ အသက်အုပ်စု ၅၀ မှ ၅၉ နှစ်အကြား ဖြစ်နေကြောင်း ၂၀၁၆ ခုနှစ်အတွင်းက ဆေးသုတေသန ဦးစီးဌာန၊ ဗဟိုအမျိုးသမီး ဆေးရုံကြီးနှင့် ရန်ကုန်အရှေ့ပိုင်း ဆေးရုံကြီးတို့ ပူးပေါင်းပြုလုပ်ခဲ့သည့် ကျန်းမာရေး သုတေသန စာတမ်း၏ ရလဒ်များအရ သိရသည်။

၂၀၁၆ ခုနှစ်အတွင်း ရန်ကုန်ဗဟိုအမျိုးသမီး ဆေးရုံကြီးနှင့် ရန်ကုန်အရှေ့ပိုင်းဆေးရုံကြီးမှ အသက် ၂၀ မှ ၇၉ နှစ်အတွင်း သားအိမ်ခေါင်းကင်ဆာ ရောဂါဟု အတည်ပြုထားသော သားအိမ်ခေါင်းကင်ဆာ ရောဂါရှင် အမျိုးသမီး ၁၀၆ ဦးကို စမ်းသပ်လေ့လာခဲ့ကြောင်း သိရသည်။

လေ့လာမှုများအရ အမျိုးသမီးများမှ ၉၇ ဦး (၉၁ ဒသမ ၅ ရာခိုင်နှုန်း) တွင် သားအိမ်ခေါင်းကင်ဆာ စစ်ဆေးထားခြင်း ရာဇဝင် မရှိသည်ကို တွေ့ရကြောင်းနှင့် သုတေသနပြုလုပ်ချက်အရ သားအိမ်ခေါင်းကင်ဆာ ရောဂါအဖြစ် အများဆုံး အသက်အပိုင်းအခြားမှာ အသက်အုပ်စု ၅၀ မှ ၅၉ နှစ်အတွင်း ၃၄ ဒသမ ၉ ရာခိုင်နှုန်းရှိပြီး အသက် ၄၀ မှ ၄၉ နှစ် တွင်၂၆ ဒသမ ၄ ရာခိုင်နှုန်း၊ အသက်  ၆၀ မှ ၆၉ နှစ်တွင် ၂၀ ဒသမ ၈ ရာခိုင်နှုန်း၊ အသက် ၃၀ မှ ၃၉ နှစ် တွင် ၈ ဒသမ ၅ ရာခိုင်နှုန်း၊ အသက် ၇၀ မှ ၇၉ နှစ်တွင် ၇ ဒသမ ၅ ရာခိုင်နှုန်းနှင့် အသက် ၂၀ မှ၂၉ နှစ်တွင် ၁ ဒသမ ၉ ရာခိုင်နှုန်း တို့ဖြစ်ကြောင်း သိရသည်။

သားအိမ်ခေါင်းကင်ဆာ ရောဂါနှင့်ပတ်သက်၍၂၀၁၄ ခုနှစ်အတွင်းက အမျိုးသမီး မျိုးပွားအင်္ဂါဆိုင်ရာ အထူးကု ဆရာဝန်ကြီးများက ရန်ကုန်ပြည်သူ့ ဆေးရုံကြီး၊ ဗဟိုအမျိုးသမီးဆေးရုံကြီး အပါအဝင် အခြားပြည်နယ်နှင့် တိုင်းဒေသကြီးများရှိ ဆေးရုံကြီးများတွင် ကျန်းမာရေး သုတေသနစစ်တမ်းများ ပြုလုပ်ခဲ့ဖူးကြောင်းနှင့်  တစ်နှစ်လျှင် မြန်မာအမျိုးသမီးဦးရေ ငါးသိန်းအထက်မှာ သားအိမ်ခေါင်းကင်ဆာ ဖြစ်ပွားနေပြီး ရောဂါဖြစ်ပွားမှု၏ ထက်ဝက်ကျော်မှာ သေဆုံးနေကြောင်းလည်း သိရသည်။

မြန်မာအမျိုးသမီးများတွင် ဖြစ်ပွားမှုအများဆုံး ကင်ဆာများမှာ ရင်သား၊ သားအိမ်ခေါင်း၊ အစာအိမ်၊ အဆုတ်၊ အူမကြီး၊ အသည်းနှင့် အစာရေမျို ကင်ဆာများဖြစ်ပြီး သေဆုံးမှုအများဆုံး ကင်ဆာများမှာ အဆုတ်၊ အစာအိမ်၊ ရင်သား၊ သားအိမ်ခေါင်း၊ အသည်း၊ အစာရေမျိုနှင့် အူမကြီး ကင်ဆာများဖြစ်ကြောင်း၊ သားအိမ်ခေါင်း ကင်ဆာသည် မြန်မာနိုင်ငံတွင် သာမက ကမ္ဘာ့နိုင်ငံများတွင်လည်း ဖြစ်ပွားမှုအများဆုံး ကင်ဆာများတွင် ပါဝင်နေခြင်းကြောင့် ဖွံ့ဖြိုးပြီးနိုင်ငံများတွင် အသက် ကိုးနှစ်မှ ၁၃ နှစ်အတွင်းရှိ အမျိုးသမီးငယ်ကို ကြွက်နို့ရောဂါကာကွယ်ဆေး (HPV Vaccine) ထိုးပေးခြင်းဖြင့် ကြိုတင်ကာကွယ်ကြကြောင်းနှင့် ဖွံ့ဖြိုးပြီး နိုင်ငံများတွင် အသက်၂၀ မှ ၆၀ အရွယ်ကြား အမျိုးသမီးများကို သုံးနှစ်တစ်ကြိမ် စစ်ဆေးလေ့ရှိကြောင်း သိရသည်။

 

Most Read

Most Recent