ဇူလိုင်လနှင့် သြဂုတ်လတွင် ဖြစ်ပွားခဲ့သည့် ရေကြီးရေလျှံမှုဖြစ်စဉ်များကြောင့် တစ်နိုင်ငံလုံးအနေဖြင့် လူ ၂၂ ဦး သေဆုံးခဲ့ကြောင်း သိရ

ဇူလိုင်လနှင့် သြဂုတ်လတွင် ဖြစ်ပွားခဲ့သည့် ရေကြီးရေလျှံမှုဖြစ်စဉ်များကြောင့် တစ်နိုင်ငံလုံးအနေဖြင့် လူ ၂၂ ဦး သေဆုံးခဲ့ကြောင်း သိရ
Published 19 August 2018

ဇူလိုင်လနှင့် သြဂုတ်လများတွင် ဖြစ်ပွားခဲ့သည့် ရေကြီးရေလျှံမှုဖြစ်စဉ်များကြောင့် တစ်နိုင်ငံလုံး အနေဖြင့် လူ ၂၂ ဦး သေဆုံးခဲ့ရပြီး အများဆုံးအနေဖြင့် မွန်ပြည်နယ်၌ လူခြောက်ဦးသေဆုံးခဲ့ကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန အမျိုးသားဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီမှ သိရသည်။

ဇူလိုင်လလယ်ပိုင်းမှစတင်ကာ  မွန် ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး၊ ကရင်ပြည်နယ်တို့အပါအဝင် ဒေသအတော်တော်များများတွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့ပြီး ကရင်ပြည်နယ်နှင့် ဒေသအချို့၌ လက်ရှိအချိန်ထိ ရေကြီးမှုဖြစ်စဉ်များ ဆက်လက်ဖြစ်ပွားလျက်ရှိရာတွင် အဆိုပါရေကြီးရေလျှံမှုများကြောင့် မွန်ပြည်နယ်တွင် လူခြောက်ဦး၊ ကရင်ပြည်နယ်နှင့် ပဲခူးတိုင်းဒေသကြီးတို့ တွင် လူလေးဦးစီ၊ တနင်္သာရီတိုင်းဒေသကြီးတွင် လေးဦး၊ မကွေးတိုင်းဒေသကြီးတွင် နှစ်ဦးနှင့် စစ်ကိုင်းတိုင်းဒေသကြီး၊ နေပြည်တော်၊ ရှမ်းပြည်နယ်တို့တွင် တစ်ဦးစီ၊ စုစုပေါင်း လူ ၂၂ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

အမျိုးသားဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီမှ ထုတ်ပြန်ထားသည့် စာရင်းများအရ လက်ရှိတွင် ရေဘေးရှောင် ကယ်ဆယ်ရေးစခန်း ၃၇ ခု ဖွင့်လှစ်ထားဆဲ ဖြစ်ပြီး အဆိုပါ ကယ်ဆယ်ရေးစခန်းများတွင် အိမ်ထောင်စု ၃၄၄၇စု၊ လူဦးရေ ၁၄၅၂၃ ဦး တို့ ယာယီပြောင်းရွှေ့နေထိုင်လျက်ရှိကြောင်း သိရသည်။

ဇူလိုင်လနှင့် သြဂုတ်လများတွင် ဖြစ်ပွားခဲ့သည့် ရေကြီးရေလျှံမှုဖြစ်စဉ်များကြောင့် တစ်နိုင်ငံလုံးတွင် ရေဘေးရှောင်ကယ်ဆယ်ရေးစခန်း ၃၇၅ ခုဖွင့်လှစ်ခဲ့၍ ကယ်ဆယ်ရေးများ ပြုလုပ်ခဲ့ရပြီး ရေကြီးရေလျှံမှုကြောင့် အိမ်ထောင်စု ၃၅၉၉၄ စုမှ လူဦးရေ ၁၆၆၀၂၅ ဦး ရေဘေးရှောင်စခန်းများသို့ ပြောင်းရွှေ့နေထိုင်ခဲ့ရကာ ကယ်ဆယ်ရေးစခန်းများသို့မပြောင်းရွှေ့ခဲ့သော်လည်း ရေဘေးသင့်ခဲ့သည့် အိမ်ထောင်စု ၉၇၉၃စု၊ လူဦးရေ ၄၅၈၅၄ ဦးရှိကြောင်း သိရသည်။

အဆိုပါရေဘေးရှောင်ပြည်သူများအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက သဘာဝဘေးရန်ပုံငွေမှ ထောက်ပံ့မှုအဖြစ် ငွေကျပ်သိန်း ၃၀၀၀ အပါအဝင် ငွေကျပ် သိန်း ၈၀၀၀ နီးပါး ထောက်ပံ့မှုများ ပြုလုပ်ခဲ့ကြောင်း အမျိုးသားဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီမှ သိရသည်။

Most Read

Most Recent