<

ထားဝယ်ခရိုင်အတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှု ထပ်မံဖြစ်ပွား

ထားဝယ်ခရိုင်တွင် ရေကြီးရေလျှံမှု ဖြစ်ပွားနေသည်ကို တွေ့ရစဉ်

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင်အတွင်းတွင် သြဂုတ် ၁၆ ရက်မှစ၍ နေရာအနှံ့ မိုးသည်းထန်စွာ ရွာသွန်းခဲ့မှုကြောင့် သြဂုတ် ၁၇ ရက်မှစတင်ကာ မလွှဲတောင်-ထားဝယ်-မြိတ်လမ်းပိုင်းနှင့် ထားဝယ်-ထီး ခီးလမ်းပိုင်းပေါ်ရှိ နေရာအချို့ ရေကျော်နေသည့်အပြင် ထားဝယ်မြို့ပေါ်ရှိ လမ်းအချို့နှင့် အနိမ့်ပိုင်း ရပ်ကွက်များ၌ ရေ၀င်ရောက်လျက်ရှိနေကြောင်း သိရသည်။

သြဂုတ် ၁၆ ရက်မှစ၍ ထားဝယ်ဒေသအတွင်း မိုးရွာသွန်းမှု များပြားခဲ့သဖြင့် တောင်ကျရေများ ကျဆင်းမှု များလာသည့်အတွက် ထားဝယ်မြစ်အတွင်း ရေများပြည့်လျှံလာပြီး မြစ်အတွင်းသို့ စီးဝင်သည့် ချောင်းရိုးများ၌ ရေစီးဆင်းမှု နည်းပါးခဲ့သောကြောင့် အနိမ့်ပိုင်းနေရာများနှင့် လမ်းအချို့ ရေကျော်ခဲ့ခြင်းကြောင်း၊ ယခုအကြိမ် ရေကျော်မှုမှာ ယခုနှစ် မိုးတွင်းပိုင်းအတွင်း လေးကြိမ်မြောက်အဖြစ် ရေကြီးရေလျှံမှု ဖြစ်ခဲ့ခြင်းဖြစ်ပြီး မြို့ပေါ်ရှိ လမ်းအချို့၌ တစ်ပေခန့်အထိ ကျော်တက်နေကာ ရပ်ကွက်အချို့နှင့် တိုးချဲ့မြို့သစ်ရပ်ကွက်အတွင်း ရေ၀င်ရောက်နေမှုများ ရှိနေကြောင်း သိရသည်။

“ရေတော့ကျော်တယ်။ ရေက တစ်ပေလောက်ပဲ ရှိတာပါ။ မလွှဲတောင်နဲ့ မြိတ်နဲ့အကြားထဲပေါ့။ ဒီမောင်မယ်ရှောင် (ထားဝယ်မြို့အ၀င်) နားလေးမှာ တစ်ပေလောက် ကျော်တာရှိတယ်။ သရက်ချောင်းဘက်မှာ အဲလိုပဲ တစ်ပေလောက် ကျော်တာရှိတယ်။ အဲဒါပဲ။ ကျန်တာတွေတော့ အများကြီးတော့ ကားသွားလို့ မရလောက်အောင် မရှိပါဘူး။ (သရက်ချောင်းအပိုင်း မင်းဒပ်၊ စုံစင်ဘက်မှာ) ညက မိုးနည်းနည်းများတော့ ခဏကားတွေ ဖြတ်မရ ဖြစ်သွားလိုက်တာ။ ထီးခီးလမ်းပိုင်းမှာလည်း သွားလို့မရဘဲ မဲချောင်းမှာ ငါးပေလောက် ရှိနေတယ်။ ရေကျော်နေတဲ့ဟာတွေကို လောလောဆယ်တော့ ဘာမှမလုပ်သေးဘူး။ သူကတော့ လမ်းပိုင်းဆိုင်ရာ မဟုတ်ဘဲနဲ့ မိုးများလို့ မိုးကလည်း ထူးထူးခြားခြား များတဲ့အခါ အဲလိုကြောင့် ရေကြီးတာမျိုးဆိုတော့ လမ်းတွေကို ရေတိုက်စားပြီး မပါသွားအောင်ရယ်၊ ရေမြှုပ်သွားတော့ လမ်းကို ကားတွေဘာတွေ မမြင်ရဘူးပေါ့။ မမြင်ရတော့ လမ်းချော်ပြီး ဘေးရောက်သွားမှာစိုးတော့ အမှတ်အသားတွေ လိုက်ပြတာမျိုးတော့ လုပ်ထားပါတယ်။ လမ်းပိုင်းတွေမှာ တောင်ပြိုကျတာ လမ်းသားပဲ့ကျတာမျိုးတော့ လောလောဆယ် ဒီတစ်ခေါက် မိုးမှာပေါ့နော်။ ဒီတစ်ရက်နှစ်ရက်ထဲမှာ ရွာတဲ့မိုးမှာတော့ မရှိသေးဘူး။ အရင်တစ်ခေါက်ကပဲ ရှိတယ်” ဟု တိုင်းဒေသကြီး လမ်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဝင်းမင်းထွဋ်က ပြောကြားသည်။

သို့သော် သြဂုတ် ၁၇ ရက်က မိုးသည်းထန်စွာ ဆက်တိုက် ရွာသွန်းခဲ့သောကြောင့် ထားဝယ်-မြိတ် လမ်းပိုင်းပေါ်ရှိ သရက်ချောင်းမြို့နယ်မှ သရက်နှစ်ခွ၊ ဘုတ်ကိုင်း၊ စုံစင်ဖျား၊ မင်းဒပ်စသည့် နေရာများတွင် လမ်းမပေါ်သို့ ရေတစ်ပေမှ သုံးပေကျော်အထိ ကျော်တက်ခဲ့သည့်အပြင် ညပိုင်းတွင် ရေပိုမိုတိုးလာသောကြောင့် ယာဉ်အချို့ ဖြတ်သန်း၍ မရဘဲ ပိတ်မိခဲ့ကြောင်း၊ လက်ရှိအချိန်တွင်မူ မိုးရွာသွန်းမှု နည်းပါးချိန်၌ ရေအနည်းငယ် ကျဆင်းလာ၍ အချို့နေရာများတွင် ယာဉ်များ ဖြတ်သန်းနေပြီဖြစ်ကာ ရေကျော်တက်မှု များပြားသည့် နေရာများတွင် အောက်ခံဘော်ဒီမြင့်သည့် ယာဉ်များ ဖြတ်သန်းနေပြီ ဖြစ်သော်လည်း ယာဉ်ငယ်များမှာမူ အခြေအနေ စောင့်ကြည့်နေဆဲဖြစ်ကြောင်း ယင်းလမ်းပိုင်းသို့ သွားရောက်ခဲ့သူများထံမှ သိရသည်။

ထို့ပြင် ထားဝယ်-ထီးခီး လမ်းပိုင်းပေါ်ရှိ တလိုင်းတောင်၊ မဲချောင်း၊ ၈ မိုင်နှင့် ပကာရီ ကျေးရွာတို့ရှိ လေးနေရာခန့်တွင် လမ်းပေါ်သို့ ရေတစ်ပေမှ ငါးပေခန့်ထိ ကျော်တက်နေသောကြောင့် ယာဉ်များဖြတ်သန်း၍ မရတော့ကြောင်း၊ ဒေသခံများမှာ ရေကျော်နေသည့် နေရာများကို ဖြတ်သန်းပြေးဆွဲပေးနေသည့် စက်လှေငယ်များဖြင့် သွားလာနေရပြီး တလိုင်းတောင်မှ မဲချောင်း၊ ရှစ်မိုင်အထိ တစ်ဦးလျှင် ကျပ် ၄၀၀၀ နှင့် ဆိုင်ကယ်တစ်စီးလျှင် ကျပ် ၆၀၀၀ ပေးရကြောင်း သိရသည်။

“ဒီနားမှာ ရေကျော်နေတာ သုံးရက်လောက်ရှိပြီ။ မိုးက မနေ့ကတည်းကနေ သည်းသည်းမဲမဲ ရွာနေတော့ ချောင်းဖျား ရေပိုဆင်းလာတာ။ မနေ့က ရေသိပ်မရှိသေးဘူး။ ညတုန်းက ပိုများလာတာ။ အခုမိုးတွင်းထဲမှာ ရေကျော်နေတာ လေးခါရှိပြီ။ ဒီတစ်ခါ ရေအများဆုံးပဲ” ဟု ထားဝယ်-ထီးခီးလမ်းပိုင်းမှ တလိုင်းတောင်ရွာနှင့် ကသန်းရွာအကြား လမ်းရေကျော်နေသည်ကို ဖြတ်သန်းရန် စောင့်ဆိုင်းနေသည့် တလိုင်းတောင်ကျေးရွာမှ ဒေသခံတစ်ဦးက ပြောကြားသည်။

ထို့ပြင် ထားဝယ်မြို့အနီး ဖြတ်သန်းစီးဆင်းနေသော ပေါက်တိုင်းချောင်းမှာလည်း တောင်ကျရေ အများအပြား စီးဆင်းခဲ့မှုကြောင့် ချောင်းနံဘေးရှိ လယ်မြေများ ရေလွှမ်းခံခဲ့ရသည့်အပြင် အနိမ့်ပိုင်း နေရာများဖြစ်သော ပေါက်တိုင်း၊ ရှမ်းမတွင်း၊ တောနားစသည့် ကျေးရွာများတွင်လည်း ရေများဝင်ရောက်လျက်ရှိပြီး ချောင်းရိုးတစ်လျှောက်ရှိ ထားဝယ်-ထီးခီး လမ်းမပေါ်မှ ကျေးရွာအချို့တွင်လည်း နေအိမ်များအတွင်း ရေ၀င်ရောက်မှု ဖြစ်ပွားနေကြောင်း၊ ထားဝယ်ခရိုင်အတွင်းရှိ အခြားမြို့နယ်များဖြစ်သော လောင်းလုံး၊ ရေဖြူနှင့် သရက်ချောင်း မြို့နယ်များတွင်လည်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် တောင်ကျရေများ ကျဆင်းလာပြီး လမ်းမပေါ်ရေကျော်မှုများနှင့် အနိမ့်ပိုင်းနေရာများကို ရေ၀င်ရောက်မှုရှိခဲ့ကာ လယ်ကွင်းအများအပြားလည်း ရေနစ်မြုပ်နေသည်ဟု ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် ဇူလိုင်လမှစ၍ ထားဝယ်ဒေသအတွင်း မိုးသည်းထန်စွာ ရွာသွန်းခဲ့မှုကြောင့် တောင်ကျရေများ ချောင်းအတွင်း ကျဆင်းမှုများလာပြီး ဒေသအနှံ့ ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့ကာ လမ်းများလည်းရေ ကျော်ခဲ့သည့်အပြင် တောင်ပြိုမှုများလည်း ဖြစ်ပွားခဲ့သောကြောင့် ဒေသအချို့ ဆက်သွယ်မှု ပြတ်တောက်ခဲ့ရပြီး ရေဘေးသင့်သူများကိုလည်း နီးစပ်ရာသို့ ရွှေ့ပြောင်းပေးခဲ့ရကြောင်း သိရသည်။

 

 

August 18, 2018














Copy Protected by Chetan's WP-Copyprotect.