ပဲခူးမြစ်ရေ ပြန်လည်မြင့်တက်လာပြီး စိုးရိမ်ရေမှတ်သို့ ပြန်ရောက်နိုင်

ပဲခူးမြစ်ရေ ပြန်လည်မြင့်တက်လာပြီး စိုးရိမ်ရေမှတ်သို့ ပြန်ရောက်နိုင်
Published 19 August 2018

ပဲခူးမြစ်ရေ ပြန်လည်မြင့်တက်လာ၍ နေအိမ်များအတွင်း ရေများ ဝင်ရောက်စဉ်

ပဲခူးမြစ်ရေ ပြန်လည်မြင့်တက်လာသောကြောင့် ပဲခူးမြို့ပေါ် ရပ်ကွက်အချို့တွင် တတိယအကြိမ် ရေကြီးနစ်မြုပ်မှုများ ဖြစ်ပေါ်နေပြီး စိုးရိမ်ရေအမှတ်အထိ ပြန်လည်ရောက်ရှိနိုင်ကြောင်း ပဲခူးတိုင်းဒေသကြီး မိုးလေဝသနှင့် ဇလဗေဒဇ ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်သန်းက ပြောကြားသည်။

“ဒီနေ့မြစ်ရေက ၈၆၅ စင်တီမီတာကို ရောက်ရှိနေပါတယ်။ မြစ်ရေတိုးနှုန်းတော့ လျှော့သွားတယ်။ တစ်နာရီကို တစ်စင်တီမီတာနှုန်းတော့ တက်နေတယ်။ ပဲခူးမှာ မိုးများမယ်။ မြစ်ညှာမှာ မိုးများမယ် ဆိုရင်တော့ စိုးရိမ်ရေအမှတ် ရောက်လာနိုင်ပါတယ်။ အများကြီးတော့ မကျော်လောက်ပါဘူး။ စိုးရိမ်ရေအမှတ် ရောက်တာနဲ့ ထုတ်ပြန်ကြေညာပေးမှာပါ” ဟု ပဲခူးတိုင်းဒေသကြီး မိုး/ဇလ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်သန်းမှ ပြောကြားသည်။

မိုးသည်းထန်စွာ ဆက်တိုက်ရွာသွန်းခြင်း ပဲခူးမြစ်ဖျားပိုင်းတွင် မိုးများခြင်း ပင်လယ်ရေထရက်များနှင့် တိုက်ဆိုင်ခြင်းတို့ကြောင့် သြဂုတ် ၁၅ ရက် ညနေပိုင်းမှစ၍ ပဲခူးမြစ်ရေ ပြန်လည်မြင့်တက်လာပြီး ပဲခူးမြို့ပေါ် ရပ်ကွက်များဖြစ်သော ကျွန်းသာယာရပ်ကွက် မဇင်းရပ်ကွက်၊ ကျောက်ကြီးစုရပ်ကွက်၊ ဇိုင်းတောင်ရပ်ကွက်တို့တွင် ယခုနှစ်အတွင်း တတိယအကြိမ် ရေကြီးနစ်မြုပ်မှုများ ဖြစ်နေကြောင်း သိရသည်။

“ရေက မနေ့က ညနေကစပြီး ပြန်တက်လာတာ။ တိုးနှုန်းကလည်း မြန်တယ်။ တစ်ညတည်းနဲ့ အကုန်ပြန်မြုပ်ကုန်တယ်။ မိုးကလည်း ပြန်ပြီးရွာတာ နေ့တိုင်းဆက်တိုက် ဖြစ်နေတယ်။ လမ်းမပေါ်တွေတော့ မကျော်သေးဘူး။ ရပ်ကွက်လမ်းတွေတော့ ပြန်မြုပ်ကုန်ပြီ။ ပြန်ပြီးနေလို့ရတာ တစ်ပတ်လောက်ပဲ ရှိသေးတယ်။ အခုချောင်းဘေးက အိမ်တွေတော့ လှေနဲ့ ပြန်သွားနေရပြီ။ အခုလည်း ထပ်တက်နေတယ်ဆိုတော့ အားလုံးအရမ်း စိုးရိမ်နေကြတယ်” ဟု ကျွန်းသာယာရပ်ကွက်သား တစ်ဦးက ပြောကြားသည်။

ပဲခူးမြစ်ရေ မြင့်တက်မှုကြောင့် ဇူလိုင် ၁၁ ရက်ခန့်က ပထမအကြိမ် ပဲခူးမြို့တွင် ရေကြီးနစ်မြုပ်မှုဖြစ်ခဲ့ပြီး ပြန်လည်လျှော့ကျသွား၍ ဇူလိုင် ၁၉ ရက်တွင် ဒုတိယအကြိမ် ပြန်လည်မြင့်တက်လာပြီး ဇူလိုင်၂၈ ရက်တွင် စိုးရိမ်ရေအမှတ် ၈၈၀ စင်တီမီတာကို ကျော်လွန်ကာ စံချိန်တင်အမှတ် ၉၆၈ စင်တီမီတာသို့ ရောက်ရှိခဲ့ပြီး ပြန်လည်လျှော့ကျ သွားခဲ့သည်။

ယခုအခါ ရေဘေးကယ်ဆယ်ရေး စခန်းများမှ ရေဘေးသင့်ပြည်သူများ ပြန်သွားပြီး တစ်ပတ်ခန့်သာရှိသော အချိန်အတွင်း တတိယအကြိမ် ပြန်လည်၍ ရေကြီးနစ်မြုပ်ခြင်းဖြစ်ကာ သြဂုတ် ၁၇ ရက်ညနေပိုင်း တိုင်းတာချက်များအရ ၈၆၅ စင်တီမီတာသို့ ပြန်လည်ရောက်ရှိလာပြီး မိုးဆက်လက် ရွာသွန်းပါက စိုးရိမ်ရေအမှတ်သို့ ရောက်ရှိလာနိုင်ကြောင်း သိရသည်။

Most Read

Most Recent