နောက်ထပ် ၄၈ နာရီအတွင်း ဘင်္ဂလားပင်လယ်အော်၌ လေဖိအားနည်း ရပ်ဝန်းတစ်ခု ထပ်မံဖြစ်ပေါ်နိုင်ဟု ထုတ်ပြန်

နောက်ထပ် ၄၈ နာရီအတွင်း ဘင်္ဂလားပင်လယ်အော်၌ လေဖိအားနည်း ရပ်ဝန်းတစ်ခု ထပ်မံဖြစ်ပေါ်နိုင်ဟု ထုတ်ပြန်
Published 19 August 2018

ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်တွင် သြဂုတ် ၂ ရက် ညနေက ရေကြီးရေလျှံမှု ဖြစ်ပွားနေစဉ် (ဓာတ်ပုံ-နေမျိုးဝင်း)

နောက်ထပ် ၄၈ နာရီအတွင်း ဘင်္ဂလားပင်လယ်အော်၌ လေဖိအားနည်း ရပ်ဝန်းတစ်ခု ထပ်မံဖြစ်ပေါ်နိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက သြဂုတ် ၁၈ ရက်က ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

“လက်ရှိ ဘင်္ဂလားပင်လယ်အော်ထဲမှာ လေလှည့်ပတ်မှုတစ်ခု ဖြစ်နေတယ်။ ဗီယက်နမ်ကမ်းကို ဖြတ်ကျော်လာတဲ့ မုန်တိုင်းအကြွင်းအကျန် တိမ်တိုက်တွေနဲ့ပေါင်းပြီး လေဖိအားနည်း ရပ်ဝန်းတစ်ခု ဖြစ်လာနိုင်တယ်။ အဲဒီလေဖိအားနည်းရပ်ဝန်းဖြစ်ရင် အနောက်မြောက်ဘက်ပိုင်းမှာ ဖြစ်ဖို့များပြီး အိန္ဒိယကိုပဲ ဝင်ဖို့များတယ်။ ယခုလမှာပဲ ဘင်္ဂလားပင်လယ်အော်မှာ လေဖိအားနည်းရပ်ဝန်း နှစ်ကြိမ်ဖြစ်ခဲ့ပြီးတော့ နှစ်ကြိမ်လုံး မုန်တိုင်းငယ်အဖြစ် ပြောင်းလဲခဲ့တယ်” ဟု မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဦးကျော်မိုးဦးက ပြောကြားသည်။

သြဂုတ် ၁၈ ရက် မိုးရွာသွန်းမှုသည် စစ်ကိုင်းတိုင်းဒေသကြီး အောက်ပိုင်းတွင် နေရာကွက်ကျား၊ ရှမ်းပြည်နယ်(မြောက်ပိုင်း) တွင် နေရာကျဲကျဲ၊ စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ မကွေးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးရွာခဲ့ပြီး တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ဒေသအလိုက်နှင့် နေပြည်တော်၊ ပဲခူးတိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့တွင် နေရာ ကွက်၍ မိုးကြီးကာ မှတ်သားဖွယ်ရာ မိုးရေ ချိန်များအနေဖြင့် လောင်းလုံးမြို့တွင် ၉ ဒသမ ၂၉ လက်မ၊ ထားဝယ်မြို့တွင် ၈ ဒသမ ၂၂ လက်မ၊ ဟိုင်းကြီးကျွန်းမြို့တွင် ၇ ဒသမ  ၂၀ လက်မ၊ ရွှေကျင်မြို့တွင် ၅ ဒသမ ၈၂ လက်မ၊ မုဒုံမြို့တွင် ၅ ဒသမ ၃၁ လက်မ၊ ကော့ကရိတ် မြို့တွင် ၅ ဒသမ ၂၄ လက်မ၊ ကျိုက်မရော မြို့တွင် ၄ ဒသမ ၈၇ လက်မ၊ ဘီးလင်းမြို့တွင် ၄ ဒသမ ၆၁ လက်မ၊ ကြာအင်းဆိပ်ကြီးမြို့ တွင် ၄ ဒသမ ၃၈ လက်မ၊ ပိုင်ကျုံမြို့တွင် ၄ ဒသမ ၀၉ လက်မ၊ မြိတ်မြို့တွင် ၄ ဒသမ ၀၅ လက်မ၊ ကျိုက်ဒုံမြို့တွင် ၄ ဒသမ ၀၂ လက်မ၊ ရှမ်းရွာသစ်မြို့တွင် ၃ ဒသမ ၆၆ လက်မ၊ နေ ပြည်တော် ဒက္ခိဏသီရိမြို့နယ်တွင် ၂ ဒသမ ၆၄ လက်မနှင့် ရွှေဂွန်းတွင် ၂ ဒသမ  ၄၄ လက်မစီ ရွာသွန်းခဲ့ကြောင်းသိရသည်။

ထို့ပြင် ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော် တောင်ပိုင်းတို့တွင် မုတ်သုံလေ အားကောင်းရာမှ အားအလွန်ကောင်းနေပြီး ကျန်ဘင်္ဂလား ပင်လယ်အော်တွင် မုတ်သုံလေအား အသင့်အတင့် ရှိနေကြောင်း သိရသည်။

သြဂုတ် ၁၉ ရက် မိုးရွာသွန်းနိုင်မှု အခြေအနေသည် စစ်ကိုင်းတိုင်းဒေသကြီး၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)နှင့် ချင်းပြည်နယ်တို့တွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာအနှံ့ မိုးရွာပြီး နေပြည်တော်၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ဒေသအလိုက်နှင့် မန္တလေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ် (အရှေ့ပိုင်းနှင့် တောင်ပိုင်း)၊ ရခိုင်ပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ပြီး ရွာရန်ရာနှုန်းပြည့် ဖြစ်ကြောင်း သိရသည်။

လှိုင်းအခြေအနေသည် မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီ ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးနိုင်ကြောင်း မိုးသက်လေပြင်းကျစဉ် ရေပြင်၊ မြေပြင်လေသည် တစ်နာရီ ၃၅ မိုင်မှ မိုင် ၄၀ အထိ တိုက်ခတ်နိုင်ပြီး ကျန်မြန်မာ့ပင်လယ်ပြင်တွင် လှိုင်းအသင့်အတင့် ရှိမည်ဖြစ်သည်။ လှိုင်းအမြင့်မှာ မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီ ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရှစ်ပေမှ ၁၀ ပေခန့်နှင့် ရခိုင်ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ငါးပေမှ ရှစ်ပေခန့်ရှိနိုင်ကြောင်း သိရသည်။

Most Read

Most Recent