ကျောက်ဖြူမြို့နယ်ရှိ သံဇစ်မြစ်ရေတွင် ခဲဓာတ်ပါဝင်မှု ၁၀ ဆအထိရှိနေပြီး ရေထုညစ်ညမ်းမှု အလွန်မြင့်မား နေခြင်းကြောင့် လူနှင့်တိရစ္ဆာန်များ အတွက် အန္တရာယ်ရှိနိုင်ဟု သိရ

ကျောက်ဖြူမြို့နယ်ရှိ သံဇစ်မြစ်ရေတွင် ခဲဓာတ်ပါဝင်မှု ၁၀ ဆအထိရှိနေပြီး ရေထုညစ်ညမ်းမှု အလွန်မြင့်မား နေခြင်းကြောင့် လူနှင့်တိရစ္ဆာန်များ အတွက် အန္တရာယ်ရှိနိုင်ဟု သိရ
Published 19 August 2018

ခဲဓာတ်ပါဝင်မှု ၁၀ ဆအထိ ရှိနေသည်ဆိုသော သံဇစ်မြစ် အစိတ်အပိုင်း တစ်နေရာကို တွေ့ရစဉ် (ပုံကြီး)၊ အနည်ကျနေသော ရေနမူနာကို တွေ့ရစဉ် (ပုံသေး)

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်ရှိ သံဇစ်မြစ်ရေတွင် ခဲဓာတ်ပါဝင်မှု ၁၀ ဆ အထိရှိနေပြီး ရေထုညစ်ညမ်းမှု အလွန်မြင့် မားနေခြင်းကြောင့် လူနှင့် တိရစ္ဆာန်များအ တွက် အန္တရာယ်ရှိနိုင်ကြောင်း စိမ်းလန်းအမိ မြေအသင်း၏ သဘာဝပတ်ဝန်းကျင်ဓာတ်ခွဲ ခန်း၏ ထုတ်ပြန်ချက်အရ သိရသည်။

သြဂုတ်လအတွင်းက မဒေးကျွန်း ရေနံတင်ဆိပ်ကမ်းအရှေ့ဘက် အဆိုပါသံဇစ်မြစ်အတွင်း သုံးမိုင်ခန့်တွင် သဘာ၀ အနေအထားနှင့် မတူဘဲ ညစ်ညမ်းနေသော အရည်များ ပါဝင်နေသည်ကို ဒေသခံများ သတိထားမိကြပြီးနောက် ယင်းရေများကို စမ်းသပ်မှုများပြုလုပ်ရန် ဆောင်ရွက်ခဲ့ကြသည်။

သို့သော်လည်း ဒေသခံများ ကျေနပ်လောက်သော အဖြေကို မရရှိခဲ့သည့်အတွက် ယင်းရေတွင် ပါဝင်နေသော အရာများနှင့် ပတ်သက်ပြီး စိမ်းလန်းအမိမြေအသင်း၏ သဘာဝပတ်ဝန်းကျင် ဓာတ်ခွဲခန်းသို့ သွားရောက်ပြီး စစ်ဆေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ယင်းနှင့်ပတ်သက်ပြီး ဒေသခံတစ်ဦးဖြစ်သူ ဦးထွန်းနိုင်က “ရေတွေ နောက်နေတာဟာ သဘာဝအတိုင်း မဟုတ်ဘူး။ အဆီအချွဲတွေ ပါဝင်နေတယ်။ ဒါကြောင့် တစ်ခုခုနဲ့ ပတ်သက်ရမယ်လို့သာ ကျွန်တော်တို့က ပြောနိုင်တယ်။ ဘာကြောင့်ဆိုတာကို ကျွန်တော်တို့ မပြောနိုင်ပေမယ့် ကျွန်တော်တို့ သွားရောက် လေ့လာချက်အရ ငါးဖမ်းပိုက်တွေမှာ ဆီတွေ ချွဲနေတဲ့အတွက် ရက်တော်တော်ကြာ ဆေးကြောရတယ်လို့ ရေလုပ်သားတွေက ပြောတယ်။ ဂုံးသွားရှာတဲ့လူတွေရဲ့ ကိုယ်တွေမှာလည်း ဆီတွေချွဲလာတယ်လို့ ပြောတယ်။  ဒါဟာ ဆီလိုအရာမျိုး တစ်ခုခုပါဝင်နေတယ် ဆိုတာကို ငြင်းလို့မရပါဘူး။ ကျွန်တော်တို့က ရေနမူနာ ငါးနေရာလောက်ကို ယူထားတော့ အဲဒီရေတွေမှာ အနည်တွေကျတယ်။အနည် တွေဟာ ဆီလိုပျစ်ချွဲနေတာကို တွေ့ရတယ်။ ဒါကြောင့် အစိုးရအနေနဲ့ ဒီကိစ္စကို သေချာ ဖြေရှင်းပေးဖို့လိုတယ်။ တာဝန်ယူ ဖြေရှင်း ပေးဖို့လိုပါတယ်” ဟု ပြောကြားသည်။

စိမ်းလန်းအမိမြေ အသင်း၏ သဘာဝပတ်ဝန်းကျင် ဓာတ်ခွဲခန်းမှ ထုတ်ပြန်ချက်များအရ သံဇစ်မြစ်ရေ ညစ်ညမ်းမှု အလွန်မြင့်မားနေပြီး လူနှင့် ရေသတ္တဝါများ အန္တရာယ်ရှိနိုင်သော စံနှုန်းသတ်မှတ်ချက်ထက် ကျော်နေ သည်ကို တွေ့ရှိရကြောင်း၊ ပေးပို့လာသော နမူနာ၏ ရူပ-ဓာတု ဂုဏ်သတ္တိ ၁၆ မျိုးကို စမ်းသပ်စစ်ဆေးခဲ့ရာ သတ်မှတ်စံနှုန်းထက် ခဲဓာတ်မှာ ၁၀ ဆပါဝင်နေပြီး ဖီနောဓာတ်မှာ ၂၆ ဆ များနေသည်ကို တွေ့ရှိရကြောင်း ဖော်ပြထားသည်။

လက်ရှိအနေအထားတွင် အဆိုပါ နောက်ကျိနေသော ရေများသည် ကျောက်ဖြူမြို့နယ်မှတစ်ဆင့် မြေပုံမြို့နယ်နှင့် အမ်းမြို့နယ်များ အတွင်းရှိ မြစ်ချောင်းများသို့လည်း ပျံ့နှံ့နေသည်ကို တွေ့ရှိရကြောင်း သိရပြီး ယင်းရေ ပျံ့နှံ့ရောက်ရှိသော နေရာများတွင် ငါး၊ ပုစွန်များ ဖမ်းဆီး၍ မရနိုင်ကြောင်းလည်း ကွင်းဆင်း လေ့လာသူများက ဆိုသည်။

“အဲဒီရေရှိတဲ့နေရာမှာ ငါးပုစွန် ဖမ်းဆီးလို့ မရနိုင်ဘူး ဆိုပြီးတော့ ပြောကြတယ်။ တံငါသည်တွေရဲ့ ပြောစကားသာဖြစ်တယ်။ ဒါပေမဲ့ အဲဒီနောက်ကျိနေတဲ့ ရေတွေမရောက်တဲ့ နေရာတွေမှာတော့ ပုံမှန်ငါးဖမ်းဆီး ရရှိနိုင်တာမျိုးကို တွေ့ရတယ်။ ဒါကြောင့် အစိုးရအနေနဲ့ အကောင်းဆုံး ဖြေရှင်းချက်ပေးဖို့ လိုပါတယ်။ အခုက ဓာတ်ခွဲခန်းက ထွက်လာတဲ့ အဖြေကလည်း ရထားပြီဆိုတော့ ဒေသခံတွေအတွက် ထိခိုက်ပါတယ်” ဟု ဦးထွန်းနိုင်က ပြောကြားသည်။

 

Most Read

Most Recent