အိန္ဒိယက ယခုနှစ်ပဲဝယ်ယူမည့် Quota သတ်မှတ်ချက်ကို သြဂုတ်လအထိသာ သတ်မှတ်ခဲ့သည့်အတွက် မိမိပဲ မရောင်းရမည်ကိုစိုးရိမ်ပြီး အလုအယက် ရောင်းချခြင်းမျိုး ဖြစ်ပေါ်ကာ ပြည်တွင်း၌ ပဲဈေး ထပ်မံကျဆင်းနေဟု ဆို

အိန္ဒိယက ယခုနှစ်ပဲဝယ်ယူမည့် Quota သတ်မှတ်ချက်ကို သြဂုတ်လအထိသာ သတ်မှတ်ခဲ့သည့်အတွက် မိမိပဲ မရောင်းရမည်ကိုစိုးရိမ်ပြီး အလုအယက် ရောင်းချခြင်းမျိုး ဖြစ်ပေါ်ကာ ပြည်တွင်း၌ ပဲဈေး ထပ်မံကျဆင်းနေဟု ဆို
Published 19 August 2018

မြန်မာ့ပဲမျိုးစုံ၊ ပြောင်း၊ နှမ်း စိုက်ပျိုး ထုတ်လုပ်တင်ပို့ ရောင်းချမှု ဖွံ့ဖြိုးတိုးတက်ရေး ဆွေးနွေးပွဲကို တွေ့ရစဉ် (ဓာတ်ပုံ-နီလာ)

အိန္ဒိယနိုင်ငံ၏ ယခုနှစ်အတွက် ပဲဝယ်ယူမည့်ကိုတာ (Quota) သတ်မှတ်ချက်ကို သြဂုတ်လအထိသာ ဝယ်ယူမည်ဟုသတ်မှတ်ခဲ့သည့်အတွက် မိမိပဲ မရောင်းလိုက်ရမည်ကို စိုးရိမ်ပြီး အလုအယက် ရောင်းချခြင်းမျိုးဖြစ် ပေါ်လာကာ ပြည်တွင်း၌ ပဲဈေးထပ်မံကျဆင်းနေကြောင်းနှင့် ယင်းအခြေအနေအတွက် နည်းလမ်းရှာဖွေထိန်းကျောင်းနိုင်ရေး ဝိုင်းဝန်းဆွေးနွေးအဖြေရှာရမည်ဖြစ်ကြောင်း နိုင်ငံတော်ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက သြဂုတ် ၁၈ ရက်က ရန်ကုန်မြို့ရှိ ကုန်သည်စက်မှုအသင်းချုပ်၌ ကျင်းပသည့် မြန် မာ့ပဲမျိုးစုံ၊ပြောင်း၊ နှမ်းစိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချမှုဖွံ့ဖြိုးတိုးတက်ရေးဆွေးနွေးပွဲတွင် ပြောကြားခဲ့သည်။

“အိန္ဒိယနိုင်ငံက ဒီနှစ်ကိုတာ (Quota) ကို  သြဂုတ်လအထိသာ ဝယ်ယူမယ်လို့ သတ်မှတ်ခဲ့တဲ့အတွက် မိမိပဲမရောင်းလိုက်ရမှာ စိုးရိမ်ပြီး အလုအယက်ရောင်းချတာမျိုး ဖြစ်လာပြီးတော့ ပြည်တွင်းဈေးနှုန်းတွေ ထပ်မံကျဆင်းနေတာကြောင့် ဒီလိုအခြေအနေတွေကို ကျော်လွှားနိုင်အောင် ဘယ်လိုနည်းလမ်း တွေရှာဖွေထိန်းကြောင်းကြမလဲဆိုတာကို ဒီနေ့ ဝိုင်းဝန်းညှိနှိုင်းဆွေးနွေး အဖြေရှာရမှာ ဖြစ်ပါတယ်” ဟု ဒုတိယသမ္မတဦးဟင်နရီဗန်ထီးယူက ပြောကြားသည်။

အိန္ဒိယနိုင်ငံကိုအဓိကတင်ပို့နေသည့် မတ်ပဲနှင့် ပဲစင်းငုံတို့၏အဓိကဈေးကွက် အခြေအနေ၊ ရှေ့ဆက်ဖြစ်ပေါ်လာမည့်အခြေအနေများကို ပဲစိုက်ပျိုးထုတ်လုပ်သူ တောင်သူများအား အသိပေးနိုင်ရန် လိုအပ်ကြောင်း၊  သို့မှသာ တောင်သူများအနေဖြင့် ဈေးကွက်ရှိပြီး အကျိုးအမြတ်ရရှိနိုင်မည့် သီးနှံများကို ပြောင်းလဲစိုက်ပျိုးနိုင်မည်ဖြစ်သည်။

“မတ်ပဲနဲ့ပဲစင်းငုံအစား တောင်သူတွေအတွက် အကျိုးရှိစေမယ့်သီးနှံတွေ ပြောင်းလဲစိုက်ပျိုးနိုင်ဖို့ ဆွေးနွေးတဲ့ အခမ်းနားပဲ ဖြစ်ပါတယ်။ နိုင်ငံလူဦးရေရဲ့ ၇၅ရာခိုင်နှုန်းဟာ လယ်ယာကဏ္ဍနဲ့ပတ်သက်တဲ့အသက်မွေး ဝမ်းကျောင်းလုပ်ငန်းတွေကိုပဲ လုပ်ကိုင်နေကြတဲ့အတွက် မြန်မာနိုင်ငံဟာ လယ်ယာကဏ္ဍကို အခြေခံတဲ့စိုက်ပျိုးရေးနိုင်ငံဖြစ်ပါတယ်” ဟု ဒုတိယသမ္မတက ပြောကြားသည်။

မြန်မာနိုင်ငံ၏လယ်ယာကဏ္ဍတွင် ဆန်စပါးနှင့်ပဲမျိုးစုံမှာ အဓိကစိုက်ပျိုးထုတ်လုပ် သည့်သီးနှံများဖြစ်သည်။ဆန်စပါးသည် ပြည်တွင်း၌အဓိကကျသည့် စားနပ်ရိက္ခာဖြစ်သည့် အတွက် ပြည်တွင်းဖူလုံရေးကို အဓိကထားပြီး ပိုလျှံသည်ကို ပြည်ပတင်ပို့ခြင်းဖြစ်သည်။

“ပဲမျိုးစုံကိုတော့ ပြည်တွင်းမှာ ပဲအမျိုးအစားအချို့ကိုစားသုံးပြီးတော့ ကျန်တဲ့ပဲ အားလုံးကို ပြည်ပဈေးကွက်ရှိသလောက် တင်ပို့နိုင်တဲ့ဖြစ်တဲ့အတွက် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်အထိ လယ်ယာထွက်ကုန် ကဏ္ဍမှာ နိုင်ငံခြားငွေ အများဆုံးရရှိတဲ့ သီးနှံဖြစ်ပါတယ်။ ဒါပေမဲ့ ၂၀၁၇-၂၀၁၈ဘဏ္ဍာ နှစ်မှာတော့  အများဆုံးတင်ပို့နိုင်တဲ့ မတ်ပဲ၊ပဲစင်းငုံဈေးတွေ အလွန်အမင်းကျဆင်းသွားတဲ့အတွက် ဒုတိယအများဆုံးတင်ပို့နိုင်တဲ့သီးနှံအဖြစ်သာ ရှိနေခဲ့ပါတယ်”  ဟု ၎င်းက ဆိုသည်။

 

Most Read

Most Recent