တောင်သူများ သီးနှံပေါ်ချိန်တွင် နိုင်ငံခြားငွေကြေး တည်ငြိမ်ရန် စီမံဆောင်ရွက်ခြင်းကို စီစဉ်ဆောင်ရွက်မည်ဟု ဒုတိယသမ္မတ ပြောကြား

တောင်သူများ သီးနှံပေါ်ချိန်တွင် နိုင်ငံခြားငွေကြေး တည်ငြိမ်ရန် စီမံဆောင်ရွက်ခြင်းကို စီစဉ်ဆောင်ရွက်မည်ဟု ဒုတိယသမ္မတ ပြောကြား
Published 19 August 2018

သံလျင်မြို့နယ်အတွင်း ပဲနုတ်သိမ်းသည့် လုပ်ကွက်အချို့ကို တွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင်)

တောင်သူများ သီးနှံပေါ်ချိန်၌ နိုင်ငံခြားငွေကြေး တည်ငြိမ်ရန်အတွက် စီမံဆောင်ရွက်ခြင်းတို့ကို စီစဉ်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက ရန်ကုန်မြို့ရှိ ကုန်သည်စက်မှု အသင်းချုပ်၌ ကျင်းပသည့် မြန်မာ့ပဲမျိုးစုံ၊ ပြောင်း၊ နှမ်း စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချမှု ဖွံ့ဖြိုးတိုးတက်ရေး ဆွေးနွေးပွဲတွင် ပြောကြားသည်။

ထို့ပြင် ဈေးကွက်ဝင်စိုက်ပျိုးရေး ထုတ်ကုန်များ ပြောင်းလဲထုတ်လုပ်ရေး၊ ပိုမိုထုတ်လုပ်ရေး ရည်မှန်းချက်များကို ကာလတို ကာလလတ် ကာလရှည် စီမံကိန်းများဖြင့် ဆောင်ရွက်ကြစေလိုကြောင်း ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက ပြောကြားခဲ့သည်။

“ကာလတိုအနေနဲ့ လက်ရှိဖြစ်ပေါ်နေတဲ့ ပိုလျှံပဲများ ရောင်းချရေးကိစ္စများ၊ ဈေးကွက်ဝင်သီးနှံများ စိုက်ပျိုးထုတ်လုပ်နိုင်ရေး ကိစ္စများကို တောင်သူများကို အသိပေးခြင်း ကိစ္စများကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ကြစေ လိုပါတယ်” ဟု ၎င်းကဆိုသည်။

ကာလလတ်အနေဖြင့် ပြောင်းလဲစိုက်ပျိုး ထုတ်လုပ်ရရှိသည့် သီးနှံများအတွက် တောင်သူများကို မျိုးစေ့နှင့် စိုက်ပျိုးရေး နည်းပညာ၊ ရိတ်သိမ်းချိန်လွန် နည်းပညာများ ကူညီထောက်ပံ့ခြင်း၊ ဈေးကွက်ရရှိနိုင်ရေး စီမံဆောင်ရွက်ခြင်း၊ တောင်သူများ သီးနှံပေါ်ချိန် နိုင်ငံခြားငွေကြေး တည်ငြိမ်ရေး စီမံဆောင်ရွက်ခြင်းတို့ကို စီစဉ်ဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။

“ကာလရှည်အနေဖြင့် တောင်သူလယ်သမား အများပြည်သူ အပါအဝင် နိုင်ငံတဝန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် စိုက်ပျိုးရေးကဏ္ဍအတွက် National Agriculture Master Plan တစ်ခု တည်ဆောက်စေလိုပါတယ်” ဟု ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက ဆိုသည်။

မြန်မာနိုင်ငံ၏ ပဲမျိုးစုံ စိုက်ပျိုးထုတ်လုပ်နိုင်မှုသည် အရှေ့တောင်အာရှနိုင်ငံများ အနေဖြင့် ဦးဆောင်နိုင်ငံတစ်ခု ဖြစ်ကြောင်း၊ ၂၀၁၇-၂၀၁၈ ခုနှစ်တွင် မိုးရာသီတွင် စိုက်ဧကပေါင်း ၃ ဒသမ ၈၉ သန်းနှင့် ဆောင်းရာသီတွင် ၇ ဒသမ ၀၇ ဧကသန်းဖြင့် စုစုပေါင်း ပဲမျိုးစုံ စိုက်ဧရိယာ ဧကသန်းပေါင်း ၁၀ ဒသမ ၉၆ သန်းကို စိုက်ပျိုးထုတ်လုပ် နိုင်ခဲ့ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက သြဂုတ် ၁၈ ရက်က ပြောကြားသည်။

“ထွက်ရှိချက်က တင်းသန်းပေါင်း ၁၇၇ တင်းသန်းခန့် ထွက်ရှိခဲ့ပါတယ်။ မိုး၊ ဆောင်း သီးနှံ စုစုပေါင်း စိုက်ဧရိယာဧကရဲ့ ၂၁ ရာခိုင်နှုန်းခန့်ဟာ ပဲမျိုးစုံစိုက်ပျိုးတဲ့ ဧရိယာများ ဖြစ်ပါတယ်။ ယခုအနေနဲ့ကတော့ မိုးကြိုနဲ့ မိုး ပဲမျိုးစုံ စိုက်ပျိုးထုတ်လုပ်နိုင်မှု အနေအထားကတော့ စိုက်ဧက ၂ ဒသမ ၀၉ သန်းကို စိုက်ပျိုးပြီး ဖြစ်တယ်လို့ စာရင်းတွေအရ သိရပါတယ်” ဟု ဒေါက်တာအောင်သူက ဆက်လက်ပြောကြားသည်။

မတ်ပဲစိုက်ပျိုးချိန်မှာ မြန်မာနိုင်ငံအလယ်ပိုင်းတွင် မေလမှ ဇွန်လအထိ၊ မိုးနှောင်း (အောက်တိုဘာမှ နိုဝင်ဘာလ)၊ မိုးနှောင်း နိုဝင်ဘာလမှအပြီး ဆောင်းရာသီ (ဒီဇင်ဘာလအထိ) စိုက်ပျိုးလေ့ရှိကြောင်း သိရသည်။

ပဲစင်းငုံ၏ စိုက်ပျိုးချိန်မှာ မေလလယ်မှ သြဂုတ်လအထိဖြစ်ပြီး ထွက်ရှိချိန်မှာ ဇန်နဝါရီမှ မတ်လအထိ ဖြစ်သည်။

ပဲတီစိမ်းကို မိုးကြိုအဖြစ် ဖေဖော်ဝါရီမှ မတ်လအထိ မိုးရာသီ (မေလ၊ သြဂုတ်လ)၊ ဆောင်းရာသီ (စက်တင်ဘာမှ အောက်တိုဘာလအထိ) စိုက်ပျိုးလေ့ရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။

Most Read

Most Recent