ဂျပန်နိုင်ငံက လှူဒါန်းသည့် ဆန်တန်ချိန် ၅၀ ကို ပြန်လည်ထူထောင်သည့် ကာလတွင် ရေဘေးသင့် ပြည်သူများအား ဆက်လက်ထောက်ပံ့မည် ဖြစ်ကြောင်း ကရင်ပြည်နယ်ဝန်ကြီးချုပ် ပြောကြား

ဂျပန်နိုင်ငံက လှူဒါန်းသည့် ဆန်တန်ချိန် ၅၀ ကို ပြန်လည်ထူထောင်သည့် ကာလတွင် ရေဘေးသင့် ပြည်သူများအား ဆက်လက်ထောက်ပံ့မည် ဖြစ်ကြောင်း ကရင်ပြည်နယ်ဝန်ကြီးချုပ် ပြောကြား
Published 19 August 2018

ရေဘေးသင့် ကရင်ပြည်နယ် ပြည်သူများအား ဆက်လက်ထောက်ပံ့ရန် စီစဉ်ဆောင်ရွက်နေစဉ်

ကရင်ပြည်နယ် ရေဘေးသင့်ပြည်သူ များအတွက် ဂျပန်နိုင်ငံမှ လှူဒါန်းသည့် ဆန်တန်ချိန် ၅၀ ကို ပြန်လည်ထူထောင်သည့် ကာလတွင် ရေဘေးသင့်ပြည်သူများအား ဆက်လက် ထောက်ပံ့သွားမည်ဖြစ်ကြောင်း ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်က The Daily Eleven သတင်းစာသို့ ပြောကြားသည်။

“ရေဘေးသင့်ပြည်သူတွေရဲ့ အဓိကအကျဆုံးက ဆန်ပေါ့။ ဒီလောက် အနယ်နယ်အရပ်ရပ်က လာရောက် လှူဒါန်းနေတဲ့ကြားက ဆန်က နှစ်ရက်လောက် ပြတ်လပ်မှု ကြုံတွေ့ရတယ်။ ရေကြီးကာလ တစ်လနီးပါး ကြာမြင့်တော့ ရေဘေးသင့်ပြည်သူတွေ အလုပ်အကိုင် ပျက်လာတာ တွေ့ရတယ်။ ပြည်သူတွေရှာစားဖွေစား အခက်အခဲ ကြုံတွေ့လာကြတယ်။ ရေကျဆင်းပြီး ပြန်လည်ထူထောင်ရေး ကာလတွေကို ဆက်လက် ထောက်ပံ့ပေးသွားမှာ ဖြစ်ပါတယ်” ဟု ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်က ဆက်လက် ပြောကြားသည်။

ကရင်ပြည်နယ်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဇူလိုင် ၂၁ ရက်မှစတင်ကာ ရေကြီးရေလျှံမှု ဖြစ်ပေါ်ခဲ့ပြီး မြို့နယ် ခုနစ်မြို့နယ်အနက် သံတောင်ကြီးမြို့နယ်မှအပ ကျန်မြို့နယ် ခြောက်မြို့နယ်တွင် ရေကြီးရေလွှမ်းမိုးမှု ဖြစ်ပေါ်ခဲ့ကာ တံတားခြောက်စင်း ရေစီးနှင့်အတူ ပျက်စီးမျောပါခြင်း၊ ပျက်စီးဆုံးရှုံးသည့် မိုးစပါးစိုက်ဧက ၁၀၀၀၀ နှင့် ထိခိုက်လယ်ဧက ၁၄၆၀၀ ဧက၊ ငါး/ပုဇွန် မွေးမြူရေးကန် ၈၇၁ ဒသမ ၉၁ ဧက ထိခိုက်ပျက်စီးခြင်းတို့ ဖြစ်ပေါ်ခဲ့ပြီး ကယ်ဆယ်ရေး စုရပ်စခန်း ၅၀ တွင် ရေဘေးသင့်ပြည်သူ ၅၀၀၀၀ ကျော် ရေဘေးခိုလှုံ နေရကြောင်း သိရသည်။

ကရင်ပြည်နယ်အတွင်း ရေကြီးမှုဖြစ်စဉ်ကြောင့် ရေဘေးသင့် ပြည်သူများအတွက် အာဆီယံ + (၃) အရေးပေါ်အရန်ဆန် ရိက္ခာအစီအစဉ် (၃) အရ ဂျပန်နိုင်ငံမှ ဆန်တန်ချိန် ၅၀ နှင့် Unicef နှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ရေပေးဝေရေးနှင့် မိသားစုကျန်းမာရေး ပစ္စည်းများ၊ စိုက်ပျိုးရေးဦးစီးဌာနမှ မျိုးစပါးများနှင့် ကြက်သွန်နီများကို သြဂုတ် ၁၇ ရက်၌ ကရင် ပြည်နယ်အစိုးရအဖွဲ့ထံ လာရောက်လှူဒါန်း ခဲ့သည်။

အဆိုပါ လှူဒါန်းပွဲတွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့အခြေဆိုက် APTER-ASEAN PLUS. Three Rice Reserve အရေးပေါ် ဆန်အရန်ဆန် ရိက္ခာအတွင်းရေးမှူးရုံးမှ အကြီးအကဲ Shimphalee က “မိတ်ဆွေနိုင်ငံဖြစ်တဲ့ မြန်မာနိုင်ငံရဲ့ အလွှာအသီးသီးမှာရှိတဲ့ မြန်မာပြည်သူတွေကို အထောက်အပံ့ပေးဖို့ ရည်ရွယ်ထားပါတယ်။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ၂၀၁၆ ခုနှစ် နိုဝင်ဘာလမှာ ဂျပန်နိုင်ငံကို ချစ်ကြည်ရေးခရီးစဉ် လာရောက်စဉ်က တိုင်းရင်းသားလူမျိုးစုများ၊ ငြိမ်းချမ်းရေးအတွက် ဂျပန်ယန်း သန်း ၄၀ ဘီလျံ အထောက်အပံ့ပေးမည့် အစီအစဉ်ကို ဂျပန်နိုင်ငံဝန်ကြီးချုပ် ရှင်ဆိုအာဘေးက ရှင်းလင်းပြောကြားထားပြီး ဖြစ်ကြောင်းနှင့် ဂျပန်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ နိုင်ငံထူထောင်ရေး အားထုတ်ကြိုးပမ်းမှုများကို ဆက်လက်ထောက်ခံပေးသွားမှာ ဖြစ်ပါတယ်” ဟု ထည့်သွင်းပြောကြားသည်။

 

Most Read

Most Recent