<

မောင်တောခရိုင်အတွင်း လုံခြုံရေးကို နေ့ညမပြတ်ဆောင်ရွက်ထားပြီး တစ်ဖက်အဖွဲ့အစည်း၏ သတင်းရရှိအောင် ကြိုးစားဆောင်ရွက်နေကြောင်း မောင်တောခရိုင် ရဲတပ်ဖွဲ့မှူး ပြောကြား

မောင်တောခရိုင်အတွင်း လုံခြုံရေး ဆောင်ရွက်နေစဉ်

မောင်တောခရိုင်အတွင်း တည်ငြိမ်အေးချမ်းရေးအတွက် လုံခြုံရေးအား နေ့ညမပြတ် ဆောင်ရွက်ထားပြီး တစ်ဖက်အဖွဲ့အစည်း၏ သတင်းရရှိအောင် ကြိုးစားဆောင်ရွက်နေကြောင်း မောင်တောခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး ထွန်းမြင့်ထွန်း၏ ပြောကြားချက်အရ သိရသည်။

၂၀၁၇ ခုနှစ် သြဂုတ် ၂၅ ရက် အကြမ်းဖက်တိုက်ခိုက်မှု နှစ်ပတ်လည်နေ့နှင့်နီးကပ်ချိန်တွင် တစ်ကျော့ပြန်အကြမ်းဖက်တိုက်ခိုက်မှုများ မဖြစ်ပေါ်လာစေရေးအတွက် ကြိုတင် ပြင်ဆင်သည့်အနေဖြင့် လုံခြုံရေးအင်အား များတိုးမြှင့်ကာ အသင့်အနေအထားတပ်လှန့်ထားကြောင်း သိရသည်။

မောင်တောခရိုင်ရဲတပ်ဖွဲ့အနေဖြင့် မောင်တောမြို့လုံခြုံရေးအတွက် မြို့ပေါ်အချက်အချာကျသောနေရာများတွင် ပုံသေကင်း၊ ၀ပ်ကင်း၊ ချပ်ကင်းများ ချထားပြီး နေ့/ ည ပူးပေါင်းလှည့်ကင်း၊ ပုံမှန်လှည့်ကင်း။ ရပ်ကင်းများ အပြည့်အ၀ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မောင်တောခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီးထွန်းမြင့်ထွန်းက“ကျွန်တော်တို့ကတော့ မောင်တောတစ်ခရိုင်လုံး အေးအေးချမ်းချမ်းရှိအောင် ကျွန်တော်တို့မှာရှိတဲ့ တပ်ဖွဲ့ဝင်တွေနဲ့ နေ့ရော၊ ညရော ကင်းလှည့်တာတွေ၊ လှည့်ကင်း၊ ပတ်ကင်း၊ ၀ပ်ကင်းတွေ ဆောင်ရွက်နေပါတယ်။ အလားတူပဲ အရပ်ဝတ်နဲ့လည်း ကျွန်တော်တို့ နေ့ရောညရော သတင်းပေးတွေ ထည့်ထားတယ်။ ကျွန်တော်တို့လူတွေထည့်ထားတယ်ဆိုတော့ တစ်ဖက်အဖွဲ့အစည်းတွေရဲ့ သတင်းကိုရရှိအောင် တောက်လျှောက်ကြိုးစားနေပါတယ်” ဟု ပြောကြားသည်။

ထို့ပြင် မူးယစ်ဆေးဝါးနှင့် ဆက်စပ်သတင်းများအပေါ် မူတည်ကာ မူးယစ်ဆေးဝါးများ စံချိန်တင်ဖမ်းဆီးရမိခဲ့ကြောင်းလည်း သိရသည်။

သြဂုတ် ၁၇ ရက် ညနေပိုင်းက တစ်ဖက် နိုင်ငံသို့ တင်ပို့မည့် ချင်း(ဂျင်း)များ တင်ဆောင်လာသော ယာဉ်တစ်စီးပေါ်မှ ချင်း (ဂျင်း) များ နှင့်ရောနှော သယ်ဆောင်လာသည့် ငွေကျပ်သိန်းပေါင်း ရှစ်သောင်းနီးပါးတန်ဖိုးရှိ စိတ်ကြွ ဆေးပြား သိန်းပေါင်း ၃၀ နီးပါးအား မောင်တောမြို့ပေါ်တွင် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

“ထူးခြားသတင်းအနေနဲ့ဆိုရင်လည်း မူးယစ်ဆေးဝါးနဲ့ပတ်သက်ပြီး မနေ့က အကြမ်းဖျင်း သိန်းသုံးဆယ်နီးပါးလောက်ရှိတဲ့ မူးယစ်ဆေးဝါးတွေ ဖမ်းဆီးရမိပါတယ်။ ကျွန်တော်တို့အနေနဲ့လည်း အမျိုးသားရေး တာဝန် တစ်ရပ်အနေနဲ့ မရရအောင်ဖော်ထုတ်မယ်။ လက်ရှိလည်း ကြိုးစားဆောင်ရွက်နေပါတယ်”  ဟု မောင်တောခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး ထွန်းမြင့်ထွန်းက ပြောကြားသည်။

မောင်တောခရိုင်အတွင်း ARSA အစွန်းရောက် ဘင်္ဂါလီအကြမ်းဖက်သမားများ၏ တိုက်ခိုက်မှုမှာ သြဂုတ် ၂၅ ရက်တွင် တစ်နှစ် ပြည့်မြောက်တော့မည်ဖြစ်ပြီး လတ်တလောတွင် ဒေသအတွင်း ကောလာဟလများမပြတ် ထွက်ပေါ်နေသဖြင့် လူနည်းစု တိုင်းရင်းသားများ စိုးရိမ်မှုများ ဖြစ်ပေါ်နေကြောင်းသိရသည်။

မောင်တောမြို့မိမြို့ဖတစ်ဦးဖြစ်သူ ရှေ့နေ ဦးအောင်ကျော်ညွန့်က “အခုက သြဂုတ် ၂၅ နဲ့လည်း နီးလာပြီ။ သြဂုတ် ၂၅ ရက် ဆိုရင် အကြမ်းဖက်မှုက တစ်နှစ်ပြည့်တော့မယ်။ လတ်တလောမှာ ထွက်နေတဲ့သတင်းတွေ ဆိုရင် သြဂုတ် ၂၅ ရက်မတိုင်မီ ၀င်တိုက်မယ် ဘာညာ သတင်းထွက်တယ်။ ဆိုတော့ အဲဒါနဲ့ပတ်သက်လို့ လုံခြုံရေးတပ်ဖွဲ့တွေကတော့ မြို့ပေါ်မှာ ပူးပေါင်းလှည့်ကင်းတွေ လုပ်တာတွေ့တယ်။ ပြီးရင် ကျေးရွာတွေကို ၀င်ပြီး စစ်ဆေးတာတို့ လုပ်တယ်လို့လည်း သိရတယ်။ နောက်ထွက်တဲ့ သတင်းတွေကဆိုရင် ကလေးတွေကို ကျောင်းလွှတ်လိုက်တယ်။ သတင်းထူးနေပြီ။ အကြမ်းဖက်အဖွဲ့တွေ တွေ့တယ် ဆိုတာကတော့ ကောလာဟလတွေ သာ ဖြစ်ပါတယ်။ အမှန်ကတော့ Facebook မှာ ကြားတဲ့သတင်းတွေကို အတည်မပြုနိုင်ဘဲ လျှောက်တင်နေတာသာ ဖြစ်ပါတယ်။ လက်ရှိ မောင်တောမြို့အနေအထားက ပုံမှန်ပါပဲ” ဟု ပြောကြားသည်။

လုံခြုံရေးပိုင်းဆိုင်ရာနှင့်ပတ်သက်ပြီး လုံခြုံရေးအဖွဲ့အစည်းများက အသင့်အနေအထားဖြင့် အမြဲတမ်းရှိနေကြောင်းနှင့် ယခင်နှစ် အကြမ်းဖက်ဖြစ်စဉ်ကဲ့သို့ နောက်ထပ်မဖြစ်ရအောင် လုံခြုံရေး တိုးမြှင့်ချထားကြောင်း သိရသည်။

August 18, 2018














Copy Protected by Chetan's WP-Copyprotect.