<

မန္တလေးမြို့ အမရပူရ ရွှေကူကျောင်းကြီး ကျောင်းတိုက်အတွင်းရှိ ရှေးဟောင်း အုတ်လှေကားကို အင်္ဂတေများဖြင့် ပြုပြင်မှုအား ပြန်လည်ခွာချလျက်ရှိ

ရှေးဟောင်း အုတ်လှေကားကို အင်္ဂတေများဖြင့် ပြုပြင်မှုအား ပြန်လည်ခွာချထားစဉ်

မန္တလေးမြို့ အမရပူရမြို့နယ် ရွှေကူကျောင်းကြီးကျောင်းတိုက် အတွင်းရှိ နှစ်ပေါင်း ၂၀၀ ကျော် သက်တမ်းရှိပြီ ဖြစ်သော အုတ်ကျောင်းကြီး အတက်လှေကားအား အင်္ဂတေများဖြင့် ပြုပြင်ထားမှုကို ယခုအခါ ပြန်လည်ခွာချ လျက်ရှိကြောင်း သိရသည်။

နှစ်ပေါင်း ၂၀၀ ကျော်သက်တမ်းရှိပြီ ဖြစ်သည့် အဆိုပါ ရှေးဟောင်းအုတ်ကျောင်းကြီးအား နိုင်ငံခြားသားများ ၀င်ရောက်လေ့လာမှု များပြားလာသောကြောင့် လာရောက်လေ့လာသူများ အတက်အဆင်း အဆင်ပြေစေရန် အင်္ဂတေအချောကိုင်ကာ ပြုပြင်ထားခြင်း ဖြစ်သော်လည်း ဝေဖန်ကန့်ကွက်မှုများ ရှိနေသည့်အတွက် ယခုအခါ အဆိုပါ အင်္ဂတေများအား ပြန်လည်ခွာချထားပြီးဖြစ်ကြောင်း ရွှေဂူကြီးကျောင်းတိုက်မှ ဦးပဉ္ဇင်းတစ်ပါးက မိန့်ကြားသည်။

“ဦးဇင်းတို့ ဆရာတော်ကြီးက စေတနာနဲ့ လုပ်ပေးတာပါ။ ဒီကျောင်းတိုက်ကြီး ရေရှည်တည်မြဲအောင် ဦးဇင်းတို့တွေ၊ ကိုရင်တွေက အမြဲလုပ်အားပေး သန့်ရှင်းရေး လုပ်နေတာပါပဲ။ နိုင်ငံခြားသားတွေက အတက်အဆင်း လုပ်တဲ့အခါ လှေကားက အုတ်တွေက ဆွေးမြည့်နေတော့ အဆင်မပြေကြတာနဲ့ အင်္ဂတေ ကိုင်လိုက်တာပါ။ အခုတော့ ပြန်ခွာချထားလိုက်ပြီ” ဟု အဆိုပါ ရွှေဂူကြီးကျောင်းတိုက်မှ ဦးပဉ္ဇင်းက မိန့်ကြားသည်။

အမရပူရမြို့နယ်ရှိ ရွှေကူကြီးအုတ်ကျောင်းတွင် ဘုန်းတော်ကြီးမှ နိုင်ငံခြားသားများ လာရောက်ကြည့်ရှုရန် ရှေးဟောင်းလှေကားမှ အပေါ်သို့တက်ရာတွင် အဆင်မပြေသဖြင့် ခိုင်ခံ့စေရန် လှေကားအပေါ်ဘက် အင်္ဂတေဖြင့် ကိုယ်တော်လေးများက စေတနာဖြင့် ပြုလုပ်ခဲ့သည်မှာ ရက်ပိုင်းသာရှိသေးကြောင်း၊ ရှေးဟောင်းသုတေသန အနေဖြင့် ရှေးဟောင်း အဆောက်အအုံများကို ထိန်းသိမ်းစောင့်ရှောက်ရာတွင် ရှေးဟောင်းလက်ရာအတိုင်း ထိန်းသိမ်းနေပါသဖြင့် ရှေးဟောင်းလှေကားကို နဂိုမူလလက်ရာအတိုင်းသာ ထားရှိရမှာ ဖြစ်ပါကြောင်း ရှင်းလင်းပြောဆို ဆွေးနွေးလျှောက်ထားမှု အပေါ်မှ အင်္ဂတေများကို ပြန်လည်ခွာထုတ်နေပြီဖြစ်ပြီး ရှေးဟောင်းလက်ရာများကို မပျက်စီး မပျောက်ဆုံးစေရေးအတွက် အဘက်ဘက်မှ ကူညီသတင်းပေးပို့သူများကို အထူးကျေးဇူးတင်ရှိပါကြောင်း မန္တလေးမြို့ ရှေးဟောင်းဌာနမှ ဒေါ်မေမြင့်မိုက ၎င်း၏ဖေ့ဘွတ်အကောင့်တွင် ရေးသား ဖော်ပြထားသည်။

 

August 18, 2018














Copy Protected by Chetan's WP-Copyprotect.